အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၂၄ )
အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၂၄ )
(မိုးမခ) ဇူလိုင် ၁၆ ၊ ၂၀၂၃
13/7/23
Diary in the darkness
ဒိုင်ယာရီမရေးဖြစ်တာ သုံးလလောက်ရှိပြီ ထင်ပါတယ်။
မရေးဖြစ်တဲ့ ကာလအတွင်း မိုခါမုန်တိုင်းဝင်တယ်။ အပူချိန်ပြင်းလွန်းလို့ ကျွန်တော် ဆီးရောဂါဖြစ် တယ်။ တစ်လလောက် ဆေးရုံပြရတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ တောင်ငူထောင်မှာ ရှိတဲ့ သမ္မတကြီးဦးဝင်းမြင့်လည်း ဆီးအိတ်တန်းလန်းနဲ့ နေ နေရတယ်လို့ သိရတယ်။ ဆေးရုံမှာ ဆီးရောဂါဖြစ်သူတွေ အများအပြား တွေ့ရတယ်။
မီးလာချိန် နည်းသွားတယ်။ တနေ့ လေးနာရီလောက်ပဲ လျှပ်စစ်မီးရတဲ့ အခြေအနေဖြစ်သွားတယ်။ ပါဝါဘဏ်(power bank) ၊ အင်ဗာတာတွေမှာ အားပြတ်ကုန်တယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ တစ်နေ့ ဆယ်နှစ်နာရီလောက် ပြန်ရတယ်။ နေ့စဉ်နဲ့ အမျှ မနက်လင်းတာနဲ့ သတင်းဆိုးတွေပဲကြားနေရတယ်။
ဒါပေမဲ့ ဒီလဆန်းပိုင်းလောက်က စပြီး သတင်းကောင်းတွေ ဆက်တိုက်ကြားလာရတယ်။
စစ်အစိုးရနဲ့ ပြည်သူ့ကာကွယ် ရေးတပ် အကြားဖြစ်နေတဲ့ တိုက်ပွဲတွေမှာ စစ်အစိုးရဘက်က သိသိသာသာ အရေးနိမ့်လာတယ်။ စစ်အစိုးရဘက်က လေကြောင်းပစ်ကူတွေ အများအပြားအသုံးပြုလာပေမယ့် စခန်းတွေ တခုပြီးတခု လက်လွှတ်နေရတယ်။ ပြည်သူ့ကာကွယ်ရေးတပ်တွေက ကျေးလက်တွေမှာ အုပ်ချုပ်ရေးအဖွဲ့တွေ စတင် ထူထောင်နေကြပြီ။ မြို့ပြကိုစတင်ချိန်းခြောက်နေကြပြီ။
ကျွန်တော် ဝယ်နေကျ ပဲပြုတ်သည်ကလေးနဲ့ မနေ့က စကားပြောဖြစ်တယ်။ သူ့ကိုမတွေ့တာ သုံးလေးရက်ရှိပြီ။ မိတ္ထီလာနားက သူ့မွေးရပ်မြေကို ခဏပြန်နေလို့ သူ ဈေးရောင်းမထွက်နိုင်တာလို့ပြောပါတယ်။ သူက သူကိုယ်တိုင်မြင်ခဲ့ရတဲ့ ရန်ကုန်-မန္တလေး လမ်းခရီးအခြေအနေကို ခုလို ပြောပြပါတယ်။
“လမ်းမှာ အစစ်အဆေးတွေ များတယ်။ ဂိတ်တွေ များတယ်။ ဂိတ် တစ်ဂိတ်ချင်းစီကို ပိုက်ဆံပေးရတယ်။ တလမ်းလုံးအတွက် ပေးပြီးသားလို့ ပြောရင်လည်း မရဘူး။ ထပ်ပေးရတယ်တယ်။ မလှိုင်မြို့အထက်ပိုင်း ဆိုရင်ပိုဆိုးနေတယ်။”
အဲဒီအခြေအနေကိုကြည့်ရင် စစ်ကောင်စီတပ်တွေဟာ ကိုယ်စားရိတ် ကိုယ်ရှာနေရပုံရတယ်။ အထက်က သူတို့ကို ထောက်ပို့တာဝန်မယူတော့ဘူးဆိုတာ ခန့်မှန်းလို့ရတယ်။ အဲဒီစံနစ်ဟာ လက်နက်ကိုင်တွေကို ဓါးပြတိုက်ဖို့ လမ်းဖွင့်ပေးလိုက်သလိုဖြစ်သွားတယ်။ အဲဒီလို စစ်တပ်မျိုးဟာ ပထမ အစပိုင်းမှာ အထက်အမိန့်ကို ပုံမှန်နာခံနေပေမယ့် နောက်ပိုင်းမှာ လုယက်မှု၊ ဓားပြမှုတွေကို တရားဝင် အလုပ်လို့ ခံယူလာတယ်။ နောက်ဆုံးတော့ အထက်အမိန့်ကိုလည်း မနာခံတော့ပဲ လုယက်ဖို့၊ ဓားပြတိုက်ဖို့သာ စိတ်ဝင်စားနေတတ်တယ်။ စစ်တိုက်ဖို့ စိတ်မဝင်စားတော့တဲ့ အကျင့်ပျက် လက်နက်ကိုင်အဖွဲ့ဖြစ်သွားလေ့ရှိတယ်။ စစ်ကောင်စီတပ်ဟာ ဒီစနစ်ကို သုံးလာတာ နှစ်ပေါင်းများစွာ အသားကျနေလို့ စစ်ပွဲတိုင်းမှာ ရှုံးနေရတာဖြစ်တယ်။ ဒါကြောင့်ပဲ လက်နက်အင်အား၊ လေ့ကျင့်မှုအင်အားနဲ့ တိုက်ပွဲ အတွေ့အကြုံအလွန်နည်းတဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF)တွေကို ခွက်ခွက်လန်အောင် ရှုံးနေတာဖြစ်တယ်။ ရုပ်ပျက် ဆင်းပျက် ရှုံးနေတာဖြစ်တယ်။ တကယ်တော့ ခုလိုစစ်သည်ကျင်ဝတ်မရှိတဲ့ တပ်ဟာ စစ်ရှုံးတာ မဆန်းပါဘူး။ လာဘ်ပေးလာယ်ယူနဲ့ ကြီးပွားနေတဲ့ စစ်ကောင်စီတပ်ရဲ့ထိပ်တန်းအရာရှိတွေ နဲ့ ခရိုနီတွေကတော့ စုထားဆောင်းထားတဲ့ ဓနဥစ္စာတွေကို ပိုက်ပြီး ထိုင်းနိုင်ငံကို အရေးတကြီး ရွှေ့ပြောင်းနေပြီဆိုတဲ့ သတင်းတွေကလည်း လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ နေတယ်။ အဲဒီသတင်းတွေဟာ အောက်ခြေစစ်ကောင်စီတပ်သားတွေကို စိတ်ဓာတ်ကျစေပါတယ်။
ထိုင်းနိုင်ငံမှာ အိမ်ခြံမြေ ဝယ်ယူသူ မြန်မာနိုင်ငံသားတွေ များပြားလာ
ဒီထက်ဆိုးတာက မျှော်လင့်ချက်မဲ့နေတဲ့ အောက်ခြေက စစ်ကောင်စီ တပ်သားတွေ စိတ်ဓါတ်ပျက်ပြားပြီး ခြေဦးတည့်ရာ ထွက်ပြေးဖို့ကြိုးစားနေတယ် ဆိုတဲ့ သတင်းတွေ လူမှုကွန်န်ယက်ပေါ် မှာ ပျံ့နှံ့နေတာပဲဖြစ်ပါတယ်။ တပ်တွင်းမှာလည်း စစ်ကောင်စီတပ်သား အချင်း ချင်းလည်း ရင်ဖွင့်ကြတယ်။ ဆွေမျိုးတွေဆီ ဖုန်းဆက်ပြီးအကူအညီတောင်းကြတယ်။ သူတို့စစ်တပ်က ထွက်ပြေးလာရင် ကူညီဖို့။ တကယ်တော့ သူတို့ဟာတပ်ထဲကနေအပြင်ထွက်ဖို့ တောင် မလွယ်တဲ့ အခြေအနေဖြစ်နေတယ်။
အင်တာနက်ပေါ်က စစ်ကောင်စီ လော်ဘီ မီဒီယာတွေလည်း စစ်ကောင်စီကို အာခံ ဝေဖန်နေကြပြီ။ စစ်ကောင်စီတပ်တွေ အရှုံးကြီးရှုံးနေတာ၊ မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေ ညံ့လို့ ၊ တကိုယ်ခေါင်းဆန်လို့၊ စတဲ့ စွဲချက်တွေနဲ့ပြောင်ပြောင်တင်းတင်းဝေဖန်နေကြပြီ။ စစ်ကောင်စီခေါင်းဆောင် တွေဟာ သူတို့နောက်ကျောက ဓားတွေကို ပိုကြောက်နေရပြီ။ အချင်းချင်း သံသယ တွေ ပိုမိုတိုးပွားနေကြပြီ။
ဒီနေ့ ကျွန်တော် နေကောင်းစပြုလို့ အင်တာနက်ဖွင့်လိုက်တဲ့ အခါ ရွေးကောက်ပွဲမှာ ခွက်ခွက် လန်အောင်ရှုံးလို့ ရာထူးက ဆင်းပေးရတော့ မယ့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရပြီး ဒေါ်အောင်ဆန်းစုကြည်က PDF နဲ့ NUG ကို အသိအမှတ်မပြုကြောင်း ပြောလိုက်တယ် ဆိုတဲ့ စကားကို အထောက်အထားမပါပဲ တဆင့်ပြန်လည်ပြောနေတယ် ဆိုတဲ့ သတင်းတွေကိုတွေ့ ရတယ်။ သူ့စကားကို ယုံကြည်သူ အလွန်နည်းပြီး မေးခွန်းပေါင်းများစွာလည်း ထွက်ပေါ်လာပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီးတွေ့ခဲ့တဲ့ ဂယက် အာဆီယံအတွင်းရိုက်ခတ်မှု
ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြောတဲ့ ဒေါ်စုရဲ့သတင်းစကားအတည်ပြုလို့မရ
ဒီစကားနဲ့ ပတ်သက်လို့ မြန်မာစစ်ကောင်စီကတောင် မှန်ကန်ကြောင်း ထုတ်ပြန်ကြေညာတာမလုပ်ပါဘူး။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ စကားကိုအကြောင်းပြုပြီး နိုင်ငံရေးအကဲခတ်တွေက စစ်ကောင်စီ နဲ့ ထိုင်းစစ်တပ်ဟာ အဖက်ဖက်က မရှုမလှရှုံး နေတဲ့ အတွက် အခုလို ကြံမိကြံရာ လုပ်မိ လုပ်ရာတွေ ကိုလျှောက်လုပ်နေတာဖြစ်တယ်လို့ ထောက်ပြကြပါတယ်။
ဟုတ်ပါတယ်။ ထိုင်းရွေးကောက်ပွဲမှာ အနိုင်ရတဲ့ နိုင်ငံရေးခေါင်းဆောင် ပီတာလင်ဂျာရိုရတ်ရိုရတ်(Pita Limjaroenrat) ကို ရွေးကောက်ပွဲ ရှုံးနိမ့်တဲ့ ထိုင်းစစ်တပ်ဦးဆောင်တဲ့ အစိုးက တရားစွဲဖို့ လုပ်နေတယ် ဆိုတဲ့ သတင်းတွေ ဆက်တိုက် ထွက်ပေါ်လာနေပြီး ထိုင်းမှာလည်း လူထုဆန္ဒပြပွဲတွေ ၊ လူထုအုံကြွမှုတွေ ဖြစ်ပေါ်လာတော့မယ် ဆိုတဲ့ နောက်ဆက်တွဲ သတင်းတွေလည်း ဆက်တိုက်တက်နေပါတယ်။
ပြည်တွင်းမှာ ရှိနေတဲ့ မြန်မာပြည်သူတွေကတော့ ဒီလပိုင်းအတွင်း ဖြစ်ပေါ်တိုးတက်လာတဲ့ နိုင်ငံရေးသတင်းတွေကို တစ်ယောက်နဲ့ တစ်ယောက် လူမှုကွန်ရက်တွေက တဆင့် မကြောက်မလန့် ဝေမျှနေကြတယ်။
ဒီနေ့တော့ ဒီလောက်ပါပဲ။ ကျွန်တော့် ကျန်းမာရေးက မကောင်းသေးပေမယ့် သတင်းကောင်းတွေ ဆက်တိုက် တက်နေလို့ မနေနိုင် မထိုင်နိုင် ဒီမှတ်တမ်းကို ရေးမိပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar