လှကျော်ဇော - တရုတ်ရဲ့ ကမ္ဘာ့တပ်ပေါင်းစုပေါ်လစီသစ် (၁၀) ငှက်ဖျားရောဂါ ကုဆေးများ (Artimisinin)
တရုတ်ရဲ့ ကမ္ဘာ့တပ်ပေါင်းစုပေါ်လစီသစ် (၁၀)
ငှက်ဖျားရောဂါ ကုဆေးများ (Artimisinin)
လှကျော်ဇော
(မိုးမခ) ဇူလိုင် ၁၆၊ ၂၀၂၃
တရုတ်ပြည်က တိုင်းရင်းဆေးပညာရှင် တူရိုးရိုးဟာ ငှက်ဖျားရောဂါကု ဆေးကို ဖော်စပ်နိုင်မှုအတွက် ၂၀၁၅ ခုနှစ်အတွက်ပေးတဲ့ နိုဗယ်ဆု (ဇီဝကမ္မဗေဒနဲ့ ဆေးပညာအတွက်)ကို ကျန်ပညာရှင်နှစ်ဦးနဲ့ ပူးတွဲရရှိခဲ့ပါတယ်။
တူရိုးရိုးရဲ့တွေ့ရှိချက်ဟာ ၂၀ ရာစု အပူပိုင်းဆေးပညာသမိုင်းမှာ အကြီးကျယ်ဆုံးနဲ့အအောင်မြင်ဆုံးတွေ့ရှိမှုဖြစ်ပြီး အပူပိုင်းဒေသ (တောင်အာရှ၊၊အာဖရိက၊ တောင်အမေရိက) ဖွံ့ဖြိုးဆဲနိုင်ငံများက သန်းနဲ့ချီရှိတဲ့ လူနာတွေကို အသက်ဘေးက ကယ်တင်နိုင်ခဲ့တယ်။ .... လို့လဲ သူ့ကိုဆုချီးမြှင့်ကြောင်းကြေညာစဉ်က နိုဗယ်ဆုပေးရေးအဖွဲ့က မှတ်ချက်ပြုခဲ့ပါတယ်။
... လွန်ခဲ့တဲ့နှစ်ပေါင်း (၄၀) ကျော်ကာလ ကျွန်မတို့တတွေ ဗမာပြည်ကွန် မြူနစ်ပါတီရဲ့ ဗဟိုရုံးနဲ့ အရှေ့မြောက်စစ်ဒေသ ရုံးစိုက်ရာပန်ဆန်း(ယခု -ဝ-အထူး ဒေသ ပန်းခန်း) မှာနေစဉ်က ကာကွယ်ဆေး (၃)(တရုတ်အခေါ် ဖန်-စံ) ဆိုတဲ့ ငှက်ဖျားကာကွယ်ဆေး(တခါသောက်-၃လုံးတလတကြိမ်) ပုံမှန်သောက်ရပါတယ်။ တရုတ်ပြည်က ပို့ပေးထားတာပါ။ဆေး ပြား တထောင်ဝင် ပုလင်းကြီးများပါ။ ဌာနတိုင်းကရော တပ်ထဲကသူတွေရော အကုန်မဖြစ်မနေ သောက်ရပါတယ်။ တလတကြိမ်ဈေးနေ့များမှာလည်း ဈေးထဲမှာဝေပေးပါတယ်။ ဒီဆေးပုလင်းမှာ ဖန်-စံ ဆိုတဲ့ တရုတ်စာလုံးပဲရေးထားပြီး တခြားစာမပါပါဘူး။ တရုတ်ဆေးတွေမှာ ယေဘုယျ တရုတ်လိုပဲရေးထားတာဖြစ်ပေမဲ့ ဆေးရဲ့ဓာတုနာမည်ကိုတော့ လက်တင်လို ရေးထားတာပါတတ်ပါတယ်။
ဒါကြောင့် ဒီဆေးအကြောင်းတခြားဆရာဝန်တွေ (တရုတ်ပြည်မှ စာသင်လာသူများ) ကိုမေးကြည့်တော့အဲဒီဆေးက တရုတ်ဗိန္ဓောဆေးတဲ့။ သူတို့တိုင်းပြည်မှာတော့စစ်ဆေးပြီးဖြစ်လို့အသုံးပြုနိုင်ပေမဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(W.H.O)ရဲ့ထောက်ခံမှုမရသေးလို့ တရားဝင်ဆေးစာ ရေးမထားတာတဲ့။ ဒါပေမဲ့ အဲဒီကတည်းက အဲဒီဆေးရဲ့အာနိသင်ကိုတော့ သတိပြုမိပါတယ်။
အဲဒီကာလ ပန်ဆန်းမှာဖြစ်နေကျ ငှက်ဖျားဟာ ဌက်ဖျားဆိုး(falciparam) ဖြစ်ဟန်ရှိပါတယ်။ အဖျားအတက် အကျဟာ ပုံမှန်မရှိရုံမက ပြင်းထန်တဲ့ ရှုတ်ထွေးမှုများ (ဥပမာ -ဆီးမဲဖြစ်တာတို့၊ ဦးနှောက်ငှက်ဖျားတို့) မကြာ ခဏတွေ့ရပြီး သေဆုံးနှုန်း မြင့်ပါတယ်။ နောက်ပိုင်းမှာဖြစ်နှုန်းတွေသေနှုန်း တွေကျလာတာတွေ့ရပါတယ်။ (အခုတော့ -ဝ-ဒေသမှာ ငှက်ဖျား ရောဂါ အမြစ်ပြတ်သွားပြီလို့ ကြားရပါတယ်။ တခြားအကြောင်းအရာတွေဖြစ်တဲ့ ကုလသမဂွက ဆေးရည်စိမ်ထားတဲ့ ခြင်ထောင်ကြီးတွေကို ကျေး လက်တွေအထိ ဝေငှပေးနိုင်တာ၊ ကားလမ်းတွေ တောင်ပေါ်ဒေသတွေအထိ ပေါက်သွားလို့ ခြင်ပေါက်ဖွားဖို့နေရာတွေ ရှားပါးသွားနိုင်တာတွေပါနိုင်တယ် လို့ ပြောတာကြားရပါတယ်။)
ဒါ့အပြင် အဲဒီကာလက နယ်စပ်ဒေသတလျှောက် တရုတ်က ဗိန္ဓောဆေးပင်တွေဝယ်တယ်ဆိုပြီး ဆေးမြစ်တွေတူးကြ၊ (တဘက်ကမ်းက မုံအာ ဈေးနေ့ ဆို) အိတ်ကြီးအိတ်ငယ်တွေထဲထည့်၊ ပိုးပြီး သွားရောင်းကြနဲ့။
၁၉၈၉ ခုနှစ် ကျွန်မတို့တတွေ တရုတ်ပြည်ဘက်ရောက်လာပြီးနောက် ငှက်ဖျားကုဆေး (Artimisinine) ဆိုတာ အတော် နံမည်ကြီးလာပါတယ်။ အဲဒီတော့မှ ကျွန်မတို့တောက်လျှောက်စားလာခဲ့ တဲ့ ဖန်-စံ ဆိုတာ အဲဒီလို
ဆေးမျိုးပဲ ဆိုတာသိလာရပါတယ်။
အသေအချာဇာ တ်ရည်လည်သွားတာကတော့ ...။
၂၀၁၉ ခုနှစ်-တရုတ်ကွန်မြူနစ်ပါတီရဲ့ရာပြည့်အထိမ်းအမှတ်အနေနဲ့ အထူးဂုဏ်ထူးဆောင်ပါတီဝင်တွေအဖြစ် သတ်မှတ်ဂုဏ်ပြု၊ ရွှေစလွယ်တွေ ချီးမြှင့်အပြီး အဲဒီသူတွေရဲ့ဘဝဇတ်ကြောင်းတွေကို ဇာတ်လမ်းတွဲတွေအဖြစ် ရိုက်ကူးတင်ဆက်လိုက်တဲ့ အချိန်ကျမှ အဲဒီ နိုဗယ်ဆုရတိုင်းရင်းဆေးပါရဂူကြီး တူရိုးရိုးအကြောင်းနဲ့ အဲဒီငှက်ဖျားကုဆေးတွေ ဘယ်လိုရှာဖွေခဲ့ရတယ်ဆိုတာတွေ သေသေချာချာ သိလာရပါတယ်။
၁၉၆၇ ခုနှစ် (ဗီယက်နမ်စစ်ပွဲအရှိန်မြင့်နေစဉ်) မြောက်ဗီယက်နမ်သမ္မတကြီးဟိုချီမင်းက တရုတ်ဝန်ကြီးချုပ် ချိုအင်လိုင်းကို လှမ်းအကူအညီတောင်းပါတယ်။
.... သူတို့တပ်သားတွေစစ်မြေပြင်မှာတိုက်ပွဲကြောင့်မဟုတ်ဘဲ ငှက်ဖျားကြောင့် အသေအပျောက်များနေပါတယ်။ အခုသူတိုဆီမှာဖြစ်နေတဲ့ငှက်ဖျားဟာ စားနေကျ ငှက်ဖျားဆေး ကလိုရိုကွင်းနဲ့ ကုသလို့မရဖြစ်နေပါတယ်။ အဲဒါ တတ်နိုင်ရင်ကူပါဦး။ ...တဲ့။
အဲဒီကာလ တရုတ်ပြည်တောင်ပိုင်းအရပ်များ (ကွမ်တုံ၊ ကွမ်ရှီး)မှလည်း ငှက်ဖျားရောဂါပြင်းထန်နေတဲ့ သတင်း ပို့ချက်တွေလည်း ဗဟိုကိုရောက်နေတာဖြစ်လို့ ချိုအင်လိုင်းဟာ ဥက္ကဋ္ဌမော်ကို အကျိုးအကြောင်းတင်ပြပြီး အထူးငှက်ဖျားရောဂါသုတေသနလုပ်ငန်းအဖွဲ့(၅၂၃- စီမံကိန်း) ကိုဖွဲ့စည်း ပေးလိုက်ပါတယ်။ အဲဒီအဖွဲ့ရဲ့ အဖွဲ့မှူးကတော့ ပီကင်းဆေးတက္ကသိုလ်က တိုင်းရင်းဆေး သုတေသနဌာနတာဝန်ခံ .. တူရိုးရိုးပါ။သူက ၁၉၅၅ ခုနှစ်မှာ ပီကင်းဆေးတက္ကသိုလ်ကဘွဲ့ရပြီးကတည်းက အဲဒီဌာနရောက်နေတာပါ။
၁၉၆၇ ခုနှစ်ကစလို့တူရိုးရိုးဟာ တနိုင်ငံလုံးက တိုင်းရင်းဆေးနဲ့ပတ်သက်တဲ့ ဆေးဆရာတွေ၊ ဆေးကျမ်းတွေစုဆောင်း လေ့လာရာမှာ လွန်ခဲ့တဲ့နှစ်ပေါင်း(၁၆၀၀)ကျော်က ဆေးကျမ်းတစောင်မှာ တက်ဖျားကျဖျားရောဂါ (ငှက်ဖျားသဏ္ဍန်အဖျားမျိုး) တွေမှာ အပူကျဆေးအဖြစ် သုံးနိုင်တယ်ဆိုတဲ့ ဗိန္ဓောဆေးပင်တပင်အကြောင်း ပါလာပါတယ်။ အဲဒီအပင်မှာပါတဲ့ ဓာတ်စင်များကိုအမျိုးမျိုးခွဲထုတ်၊ တမျိုးစီကို စမ်းသပ်နဲ့အကြိမ်ပေါင်း(မရည်မတွက်နိုင်)လုပ်ဆောင်ပြီး မျောက်၊ ကြွက်တို့မှာ စမ်းသပ်ပြီး ၁၉၇၁ခုနှစ်မှာတော့ လူတွေမှာသုံးနိုင်ပြီ လို့တရုတ်ဆေးဌာနကခွင့်ပြုအြပီးမှာတော့ .. တူရိုးရိုးတို့တဖွဲ့လုံးငှက်ဖျားအဖြစ်များတဲ့အရပ်တွေ (ဟိုင်နန်၊ ယူနန်) ကို အသုတ်လိုက်ခွဲသွားရောက်ပြီး ဒီဆေးနဲ့ကုသပေးပါတော့တယ်။ ဒီဆေးကနေ ထပ်ဆင့်ပွားရှာဖွေပြီး ငှက်ဖျားကာကွယ်ဆေးတွေပါထုတ်လုပ်လိုက်နိုင်ပါတော့တယ်။
၁၉၈၀ ခုနှစ်မှာတော့ ကမ္ဘာကျန်းမာရေးအဖွဲ့အစည်း(W.H.O)ရဲ့ ထောက် ခံမှုကိုရရှိလိုက်ပြီး ကမ္ဘာဈေးကွက်အတွင်း ဝင်ခွင့်ရလိုက်ပါတယ်။
တရုတ်က ဒီဆေးတွေကို(အလကားပေးတန်ပေး) ဈေးပေါပေါနဲ့ထုတ်ရောင်းတဲ့အတွက်(ငှက်ဖျားအဖြစ်များတဲ့) ဆင်းရဲတဲ့နိုင်ငံတွေအဖို့အတော်အကျိုးရှိလိုက်တာပါ။ ဒါကြောင့်ပဲ၂၀၁၅ မှာနိုဗယ်ဆုကိုရရှိလိုက်ပါတယ်။ ဒီကြားထဲမှာလည်း ဆုအမျိုးမျိုး(ပြည်တွင်းကရော၊နိုင်ငံတကာဆုများပါ) ရခဲ့ပါတယ်။ ပြည်တွင်းက ဆုတွေထဲမှာအမြင့်မားဆုံးဆုကတော့ အဲဒီတရုတ်ကွန်မြူနစ်ပါတီ(ရာပြည့်နှစ်) မှာပေးတဲ့ ဂုဏ်ထူးဆောင်ပါတီဝင်ဆုပါ။
အဲဒီဆရာမကြီးတူရိုးရိုးရဲ့ ဘဝဇတ်ကြောင်းကိုရိုက်ပြထားတဲ့ ရုပ်ရှင်(တီဗွီတ်လမ်းတွဲ) မှာလည်း အလွန်စိတ်ဝင်းစားဖွယ်အခန်းတွေ ပါပါတယ်။
ထုံးစံအတိုင်း သုတေသီတဦးရဲ့အလွန်တက်ကြွစွာ၊ ဇွဲလုံ့လကြီးစွာ၊လုပ် ဆောင်ချက်များကိုတွေ့ရှိရတဲ့အပြင် တရုတ်ပြည်ရဲ့အဲဒီကာလအခြေ အနေတွေကိုလည်း တစေ့တစောင်းတွေ့ရပါတယ်။
သူတို့တတွေ သုတေသန လုပ်နေစဉ်ကာလ (၁၉၆၀-၇၀) က တရုတ်ပြည်ရဲ့စီးပွားရေးအခြေအနေကလည်းမကောင်းလှပါဘူး။ အလွန်နည်းပါးတဲ့လစာလေးတွေနဲ့ ရံပုံငွေချို့ချို့တဲ့တဲ့နဲ့အလွန်ကြိုးစားခဲ့ရတာပါ။ ဒါ့အပြင် နိုင်ငံရေးအခြေအနေကလည်းတမှောင့်။ ယဉ်ကျေးမှုတော်လှန် ရေးအရှိန်ရနေချိန်လည်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ တူရိုးရိုးရဲ့ခင်ပွန်းသည်ဟာ အဲဒီကာလပုဒ်မဖြစ်တဲ့မျိုးရိုးဗိဇမကောင်းဘူး-ဆိုတာထိ ခံထားရသူဖြစ်နေတော့ ပညာရှင်လုပ်ငန်းလုပ်ခွင့်ဆုံးရှုံးလိုက်ရပြီး သာမန်လုပ်သားတယောက်ပဲဖြစ်သွားပါတယ်။
(မှတ်ချက်။ အဲဒီကာလက -မျိုးရိုးက မြေရှင်တွေ၊ ချမ်းသာသူတွေ၊ ဆွေ မျိုးတွေထဲမှာ ကူမင်တန်အဆက်သွယ်ရှိခဲ့ရင် အရေးကြီးတဲ့ဌာနတွေက ထုတ်ပစ်ပါတယ်။ ဒါတောင် ဥက္ကဋ္ဌမော် နာမည်သုံးထားတဲ့ အဖွဲ့ရဲ့အဖွဲ့မှူး (ဇနီးသည်) တူရိုးရိုးကြောင့် ဒီလူအလုပ်မပြုတ်တာပါ။)
အဲဒီကားထဲက အခန်းအချို့ပြောပြချင်သေးတယ်။
အဲဒီကာလသူတို့စုံတွဲကိုပေးထားတဲ့အခန်းလေးကအခန်းကျဉ်းကလေး။
သူတို့မှာသမီးလေး(၂)ယောက်ရှိတာ၊ အတူတူမနေနိုင်ဘူး။ အမေကလည်း သုတေသနလုပ်ငန်းတွေနဲ့ အလုပ် များ၊ အဖေကလည်း ရုံးအလုပ်တဖက် အိမ်အလုပ်တဖက် (သူ့တာဝန်က ဇနီးသည်ကိုပြုစုစောင့်ရှောက်ဖို့လည်းပါတယ်။) ဒီတော့ ကလေး(၂)ယောက်ကို တောကအဘိုးအဘွားတွေဆီ ပို့ထားရပြီး အဲဒီမှာပဲကျောင်းထားရတာ၊ စားစရိတ်ကျောင်းစာရိတ်တွေကိုလှမ်းထောက်ပံ့ရတယ်။
တူရိုးရိုးက လခထုတ်လာပြီးရင် အဲဒီစာအိတ်ကို ယောက်ျားလက်အပ်လိုက်တာပဲ။ ယောက်ျားကလည်း စာရင်းစာအုပ်ကြီးရှေ့ချပြီး ဘတ်ဂျက် ဆွဲရတာပါ။ တခါတော့ ...တူရိုးရိုးကလခထဲက ငွေ(၇)ယွမ်အဖြတ်ခံရပါ တယ်။ ရတဲ့ လခ က(၆၀) ယွမ်ကျော်လေးပါ။ အဖြစ်က အဲဒီကာလလူတွေကို ဆေးစသုံးနိုင်ပြီလို့ခွင့်ပြုလိုက်ချိန်မှာ တူရိုးရိုးက သူကအဖွဲ့မှူးဖြစ်လို့သူစသုံးကြည့်မယ်ဆိုပြီး စအစမ်းသပ်ခံတာ၊ အဲဒါသူအားနည်းချိန် (အလုပ်အလွန်ပင်ပန်းချိန်နဲ့)တိုးပြီး နေမကောင်းဖြစ်လိုက်တာ လုပ်သက် ခွင့်ကျော်သွားလို့ ငွေအဖြတ်ခံရတာ။
ဒီတော့ ဟိုလူခမျာ ခေါင်းတရမ်းရမ်းနဲ့ ... အဖေတို့အမေတို့ဆီပို့တဲ့ ငွေတော့ လျှော့လို့မဖြစ်ဘူး။ အေးလေ ကျန်တာတွေလျှော့ရမှာပေါ့။ ...စသဖြင့် ဖြစ်တီးဖြစ်တောက်တွေပြောနေတဲ့ အခန်းတခန်းပါပါတယ်။
အဲ-နောက်တခန်းမှာတော့ ... (ကြည့်ရတာ ပြုပြင်ပြောင်းလဲရေးလေထု စတိုက်လာပုံပဲ။)
... ဆရာမကြီးတူရိုးရိုးရဲ့ကျန်းမာရေးအခြေအနေကိုလာရောက်မေးမြန်းတာပါ ဆိုပြီး ဌာနကခေါင်းဆောင်တွေတအုပ်ကြီး သူတို့အခန်းကိုရောက်လာပါတယ်။ ထိုင်ခုံကလည်း ၂ ခုံ-၃ ခုံလောက်ရှိတာဆိုတော့ တူရိုးရိုးနဲ့
ဌာနက(ပါတီအတွင်းရေးမှူးဖြစ်ဟန်ရှိ) ခေါင်းဆောင်တို့သာထိုင်နေပြီး ကျန်သူများက မိုးတိုးမတ်တတ် အလ္လာပ သလ္လာပတွေပြောကြရင်း ...တူရိုးရိုးက ခပ်ပြတ်ပြတ်လေသံနဲ့ ...ကျွန်မဒီတခါဖျားတာ လုပ်ငန်းအရ သုတေ
သန လုပ်ရင်းဖျားတာ၊ ဒါကိုငွေဖြတ်တာတော့ မသင့်တော်ဘူးထင်တယ် ...လို့ပြောလိုက်ပါတယ်။
ဒီတင် သူ့ခင်ပွန်း ကပြာပြာသလဲနဲ့။ ... ဪ ဆရာမကြီးက သူ့သုတေ သနလုပ်ငန်းနဲ့ပဲ အလုပ်များနေတတ်သူဖြစ်လို့ စကားပြောရင် အဲသလို တဲ့ထိုးကြီးပြောတတ်တာ၊ ကျွန်တော်တို့ ဘာအခက်အခဲမှမရှိပါဘူး။ ကျော်နင်းနိုင်ပါတယ်။ ...လို့ဝင်ဖြေရှင်းရှာတယ်။ သူ့ပုံကိုကြည့်ပြီးယဉ် ကျေးမှုတော်လှန်ရေးအတွင်းတုန်းက ဘယ် လောက်အထုအထောင်းခံခဲ့ရရှာတယ် မသိဘူးလို့တွေးစရာပါပဲ။
တော်သေးရဲ့၊။ ခေါင်းဆောင်ဆိုသူက ...ဆရာမကြီးပြောတာမှန်ပါတယ်။ ကျွန်တော်တို့စဉ်းစားတာ ပြည့်စုံဖြစ်သွားတာပါ။ နောင်မဖြစ်စေရပါဘူး။ ..လို့ပြောလိုက်ပါတယ်။
၂၀၁၆ ခုနှစ် နော်ဝေးနိုင်ငံမှာကျင်းပတဲ့ နိုဗယ်ဆုချီးမြှင့်ပွဲမှာတော့ ဆရာမကြီး စင်ပေါ်ဆုတက်ယူနေစဉ် ဆရာမကြီးရဲ့ပါရမီဖြည့်ဖက်ကြီး ခင်ပွန်းသည် လီထင်ကျောက်ကို အနောက်နိုင်ငံဝတ်စုံအပြည့်နဲ့ အထူးဧည့်သည်များအတန်းမှာ ပြုံးပြုံးရွှင်ရွှင်ထိုင်နေတာတွေ့လိုက်ရပါတယ်။
အခုတော့ သူတို့ဇနီးမောင်နှံနှစ်ယောက်လုံးအသက် (၉၀) ကျော်ကျန်းကျန်းမာမာနဲ့။
ဆရာမကြီးကတော့တိုင်းရင်းဆေးဆိုင်ရာ တရုတ်အကယ်ဒမီရဲ့သိပွံပညာ ရှင်ကြီးအဖြစ် သတ်မှတ်တာခံရပါတယ်။ အခုအချိန်ထိလည်း ပါရဂူစာ တန်းတင်သွင်းတဲ့ ကျောင်းသားများကို သင်ကြားနေဆဲပါ။
ဆရာမကြီးကတော့ ... ဆုယူတိုင်းလည်းသူနဲ့အတူ နှစ်ရှည်လများ အဆင်းရဲအပင်ပန်းခံ အလုပ်လုပ်ခဲ့ကြတဲ့သူ့အဖွဲ့သားတွေကို အထူးပြုရည်စူးပြီး ကျေးဇုူးတင်ကြောင်း ပြောလေ့ရှိပါတယ်။
တကယ်တော့ ဆရာမကြီး တူရိုးရိုးရဲ့ ငှက်ဖျားရောဂါကုသဆေးရှာဖွေတွေ့ရှိချက်ဟာ တရုတ်ဗိန္ဓောဆေးကို အနောက်နည်းပညာများနဲ့ပေါင်းစပ်ပြီးရရှိလိုက်တာဖြစ်ပြီး လူသားတွေအတွက်သမိုင်းဝင်ကောင်းကျိုးပြုမှုကြီးတရပ် ဖြစ်ပါတော့တယ်။
ဒါ့အပြင် တရုတ်ပြည်အတွက်လည်း ငှက်ဖျားရောဂါအဖြစ်များတဲ့ ဆင်းရဲတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများနဲ့ဆက်ဆံရာမှာလည်း အလွန်မျက်နှာပန်းလှတဲ့ဒီဆေးကြောင့် ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးများကိုတည်ဆောက်လိုက်နိုင်လို့ သူတို့ရဲ့တပ်ပေါင်းစုပေါ်လစီအတွက်လည်း အောင်မြင်မှုတွေပိုရစေပါတော့တယ်။
လှကျော်ဇော
၁၅-၇-၂၀၂၃
-
#MoeMaKaMedia
#WhatsHappeningInMyanmar