ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အကြီးဆုံးဖရဲသီး
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အကြီးဆုံးဖရဲသီး
(မိုးမခ) ဇူလိုင် ၁၈ ၊ ၂၀၂၃
သတင်းတခါလိမ်လို့ ခရေဘယ်နှစ်ပွင့် ခြွေခံရတယ်မသိ။ မအလလေ၊ ဘယ်မီဒီယာကမှ စောက်ဖက်မလုပ်တော့ သူ့ခမျာ မီဒီယာအခံထွက်ရရှာတယ်မဟုတ်လား။
အရင် အစ္စရေးသားနဲ့ ခရေနှစ်ပွင့်အချွေခံလိုက်ရ။ ဟိုငနဲက နှပ်ချ၊ CNN ရုပ်သံဌာနကြီးခေါ်ပေးမယ်ဆိုတော့ ခေါသနီမလင် ငါးခူချဉ်က ဂန္ဓမာစျေးဝယ်စင်တာကြီးတောင် မီးတင်ရှို့ပြီးလုပ်ကြံဇာတ်ခင်းလိုက်သေးတာ။ ဟိုCNNမက ပူးသတ်သွားလို့ ရူးမတတ်ဖြစ်ကျန်ရစ်ရော။
အဲလို ခရေအချွေခံထားရတာကို မမှတ်တာလား၊ ကြိုက်တာလားမသိ၊ ခု ဒွန်နှစ်ဒွန်နဲ့ ဒွန့်ပြန်ပြီ။ ထိုင်းဒွန်နဲ့ ဆီးရီးယားဒွန်။ ဟိုကောင်တွေက စျေးပေါင်ကျိုးလာနှိုက်တာ။ တဒွန် ဘယ်နှစ်ပွင့် ချွေမယ်မသိ။ အစ္စရေးကောင်တုံးက နှစ်ပွင့်၊ အဲ နှစ်သန်းဆိုတော့ ဒီနှစ်မောင်လဲ နှစ်သန်းထက် မလျော့လောက်ဖူး။ နှစ်သန်းက ဒေါ်လာနော်။ ကျပ်တွေ ဘတ်တွေ မရဘူး။
ခရေတွေသာ ကြွေသွားတယ်။ သတင်းက ကြည့်အုံး၊ ထိုင်းဒွန်က ငစား၊ ဒေါ်စု စိတ်ရောလူရောကျန်းမာပါတယ်တဲ့။ ငါးခူချဉ် တေဘီလေ၊ တော်လှန်ရေးသမားတွေကို မိုတီသွားပေးခိုင်းသလိုဖြစ်လို့ တပ်ထဲကလဲ မကျေနပ်။ ဟို နိပွန်ပြည်က မထင်မရှား သတင်းစာမှာ ဒေါ်စုက နုကြည်နဲ့ ပီဒက်ကို အသိအမှတ်မပြုဘူးလို့ရေးပေးတာလဲ တကမ္ဘာလုံးအတွက်ဟာသ။ ခေါသနီမတောင်မယုံတာ၊ ဘယ်သူယုံမှာလဲ။ အဲလို ပြောတာသေချာရင် ကိုယ်တိုင်ထွက်ပြောခိုင်းလိုက်ပါ့လား၊ အလကား ခရေအချွေခံနေသေးလားပေါ့။ ပိုဆိုးတာက အဲဒီသတင်းက ဒေါ်စုနဲ့တွေ့ခဲ့တဲ့ထိုင်းဒွန်က အာဆီယံမှာမပြောခင် တရက်ကြိုရေးရက်ဖြစ်နေတာ။ ဂွမ်းရော။ ဒေါ်စု နေကောင်း ကျန်းမာကြောင်းကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးပင့် သက်သေထူပေးရတဲ့ဘဝ ရောက်ရော။ လောက ပြောမရဆိုသလို ငပုက ဒေါ်စုကို ဖားတယ်လို့ ပြောနေကြတာလဲ ဖြစ်နိုင်တာဘဲ။ သူ့ခမျာ ကိုယ့်ဘုရားကိုယ် ရေစက်မချလိုက်ရဘဲ သီပေါမင်း ပါတော်မူသလို ပါကိန်းဆိုက်လာဘီမို့လား။
တပ်ကလဲ သူ ဘာလုပ်နိုင်မလဲစောင့်ကြည့်တာထက် ဘာရွှီအုံးမလဲ စောင့်ကြည့်နေကြတာ။ သူ့အတွက်နဲ့ တပ်ပျက်သလောက် ဖြစ်နေပြီလေ။ ကြောင်ရွှေရွှေပါ မလွတ်ကိန်းဆိုက်လာပြီမို့ ဒီတခါ သက်တမ်းတိုးကိစ္စက သိပ်မရေရာချင်တော့။ စစ်ဗိုလ်တွေ သေချင်တိုင်း သေနေတာကို နေသာသပ လေညှာကလိုလိုနဲ့ သူ့သား အောင်ပြည့်စုံကို ကုမ္ပဏီထောင်ပေးလို့တောင် မဝဖြစ်နေတာကို ဘယ်တပ်သားကမှ အလှဆက်ကြည့်ဖို့ မဖြစ်နိုင်တော့ဘူးလေ။ သူ့အကြိုက် ရွာမီးမြှိုက်နေရတာလဲ ကိုယ့်ရွာပါ ပါပြီဆိုတော့ ဘယ်စစ်သားမှ ပြန်စရာ ရွာမရှိတော့ဘူးလေ။
အမယ် သူ့သားသမီး မသေရတိုင်း စစ်ကိုင်း၊ ကရင်နီ၊ ချင်းကို ပိုဗျင်းအုံးလုပ်လာပြန်ပြီ။ စစ်သားမှန်သမျှ မပြန်လမ်းပို့နေပုံထောက်တော့ ငါးခူချဉ်ဟာ တပ်ထဲမှာ အကြီးဆုံးဖရဲသီးများ ဖြစ်နေမလားဘဲ။
ထန်းရည်တမြူ သောက်တော်မူ
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar