Breaking News

တပ်ဦးလ - မီးတောက်လိုက်ကာ

မီးတောက်လိုက်ကာ
တပ်ဦးလ
(မိုးမခ) ဇူလိုင် ၁၇၊ ၂၀၂၃

ခါးလည်း မတတ်နိုင်ဘူးအမေ
အချစ်မှမရှိတာ
မျက်ခုံးလှုပ်တယ်
ငလျင်လှုပ်တယ်
ရွှေဈေးလှုပ်တယ်
ဆီဈေးလှုပ်တယ်
ဒေါ်လာလှုပ်တယ်
ကုန်ဈေးနှုန်းလှုပ်တယ်
အိပ်မက်တွေ ပက်လက်ကြီးပျံနေတယ်
အိပ်မက်ထဲ စစ်ဘေးရှောင်တွေလောင်းချတယ်
အိပ်မက်ကို ပစ်ချတယ်
ပထမအိပ်မက်ထဲ ဒုတိယအိပ်မက်တွေပြုတ်ကျတယ်
ဘယ်သူမှ ကျေးဇူးစကားပြောမသွားဘူးပဲ
ဘယ်သူမှ သတိရကြောင်းဖုန်းမဆက်ဘူးပဲ
ကျေးဇူးပြု၍
ရှေ့လဆက်ဖတ်ပါ။
ရှေ့တစ်လကို ဘယ်စစ်ပွဲနဲ့မိတ်ဆွေဖွဲ့ရမလဲ
ဘယ်အိမ်က စစ်ပွဲအပြေလည်ဆုံးလဲ
ဘယ်သူ့အိမ်ကစစ်ပွဲဟာ အပြင်းထန်ဆုံးလဲ
စစ်ပွဲတစ်ပွဲလောက် ချေးမလား
ကြောင်တွေအတွက် မွေးနေ့ပွဲကျင်းပမလို့ဆို
လူသတ်ပြီး ပျံသန်းနေတဲ့ခရီးစဉ်မှာ
မင်းတို့ ပျော်ရွှင်ပါ
ပြည်တွင်းစစ်ကို မီးဖုတ်စားတော့လည်း
မွှေးတာပါပဲ အမေရယ်
အမေ့နားပေါက်ထဲက ပြာစတွေလွင့်လွင့်လာတာ
ကျနော်မြင်ပါတယ်
လူကလေးတို့ရယ် ဘာမှအားမနာကြပါနဲ့
စစ်ကိုင်းအော်တယ်
ဒီတစ်ခါ ပွဲတော်ရက်ရောက်ရင်
မိုးပျံပူဖောင်းတွေထဲ
စစ်ကိုင်းသွေး ထိုးသွင်းပေးရမယ်
ခဏနော်
စစ်ပွဲကို ဆက်တိုက်ဖို့
ငါတို့မှာ အချိန်ဘယ်လောက်ကျန်သေးလည်း မမငယ်
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar