Breaking News

မြင့်အေး - ရဲရင့်တဲ့ ကျားသစ် နှလုံးသား

Image- Credit
ရဲရင့်တဲ့ ကျားသစ် နှလုံးသား
မြင့်အေး
(မိုးမခ) ဇူလိုင် ၁၈၊၊ ၂၀၂၃

မနေ့က အလုပ်သွားရင်း ဗီဒီယို အတိုလေးတခုကြည့်မိပြီး အတွေးများစွာ ကျန်ရစ်ခဲ့ပါတယ်။
စစခြင်း သမင်တကောင်က ကသုတ်ကရက် ကလေးမွေးပြီး ထွက်ပြေးသွားတာပါ။ တကယ်က ရိပ်ခနဲပဲ မြင်လိုက်ရတာပါ။ သမင်ပေါက်လေး ကျန်ရစ်တာပဲ သတိပြုလိုက်မိပါတယ်။ ဗြုန်းခနဲ ကျားသစ်ကြီးရောက် လာ သမင်ပေါက်လေးတွေ့တော့ ကိုယ်ရှိန်သတ်လိုက်ပြီး ဘာမှမလုပ်ပဲ ထိုင်ကြည့်နေတာ တမိနစ်ကျော်။ 
သူ့ကိုစားလိုက်မလားလို့ စိုရိမ်စိတ်နဲ့ ကြည့်နေမိပါတယ်။ အတော်လေးကြာတော့ ကျားသစ်ကြီးက သမင်းလေးခေါင်းကို တမိနစ်လောက် တွဲလောင်းကြီး ကိုက်ငုံထားပြန်ပါတယ်။ နောက်ပြန်ချပေးလိုက်ပါတယ်။
နောက်တော့ ကြက်သွေးရောင်နဲ့ အဖြူအစက်အပြောက်သမင်လေးက သန်သန်မာမာရပ်လို့ ကျားသစ်မကြီးက ထိုင်နေပါတယ်။ ခြုံနွယ် ကိုင်းခြောက်ကြားက ကွက်လပ်ကလေးတခုမှာပါ။ ခဏအကြာမှာ သမင်လေးက ပြေး လွှားဖို့ လုပ်ပါတယ်။ ကျားသစ်မကြီးဘက်ကို မျက်နှာမူထားပါတယ်။ ကျားသစ်မကြီးက ဟန့်တယ်။ သမင်လေးက နောက်တလှမ်းလောက်ဆုတ်ပြီး ကျားသစ်မကြီးကို အရှိန်နဲ့ ပြေးစောင့်ပါတယ်။ ပြန်တွန်း၊ ပြန်စောင့်နဲ့ ကြည့်ရတာ အတော်ကြည်နူးစရာပါ။
ဒီလိုနဲ့ အမှောင်ရောက်သွားတော့ ကျားသစ်မကြီးက သမင်လေးရဲ့လည်ဂုတ်ကို ငုံခဲရင်း မြင်ကွင်းက ပျောက်သွားပါတယ်။
( အဲဒီ ဗီဒီယိုလေးတင်ဆက်သူများကို အထူးကျေးဇူးတင်ပါတယ်။)

ကျနော်ကတော့ အဲဒါလေးကို ကြည့်ပြီးနောက် အတွေးတွေ တသီတတန်း ကျန်ရစ်ခဲ့ပါတယ်။ ကျနော့်အတွေးက ဒီမှာစပါတယ်။
အာသာငမ်းငမ်းနဲ့ သားကောင်ကို အမိဖမ်းဖို့ လိုက်ခဲ့တဲ့ ကျားသစ်မကြီးက သူ့အစာ သမင်ပေါက်ကလေးကို ဘာကြောင့်မစားတာလဲ။
သမင်လေးက သူ့ကိုတွန်းစောင့်နေတာကို ဘာကြောင့်ငြိမ်သက်နေတာလဲ။
သူ့သားသမီး ဆုံးရှုံးခဲ့ဖူးလို့ သူ့ကလေးဆော့ကစားနေတယ်များ မှတ်ယူနေလေရော့သလား။
( နောင်မှ မွေးစားလေမလား ဆိုတာလည်း အတွေးအဖြစ် ဝင်လာမိပါသေးတယ်)
သမင်လေးက သူ့အမေရင်း သမင်မကြီးနဲ့ဆို အပြေးလေ့ကျင့်ခန်း ဆင်းနေရမှာပေါ့။ ဒီလို ကျားသစ်မကြီးကို ပြေးစောင့်ဖို့ သူ့အမေက ဘယ်သင်ပါ့မလဲ။ “သားရေ ..လွတ်ရာပြေး” လို့အော်ရင်း သူလည်း လွတ်ရာပြေးမှာမဟုတ်ဘူးလား။ ခုသမင်လေးက သဘာဝအရ ပြေးလွှားဖို့ ကြိုးစားနေပေမဲ့ အကြောက်တရားနဲ့ ပြေးလွှားနေတာမဟုတ်တာက ထင်ရှားနေပါတယ်။
သမင်ဆိုတာ ကျားမြင်ရင် လွတ်ရာပြေးရမယ်ဆိုတာ ဗီဇသိမဟုတ်ပဲ ဝန်းကျင်သိလို့ နားလည်ခံစားမိလိုက်ရပါတယ်။
ကျားသစ်ဟာ ခွန်အားကြီးပြီး သားကောင်ငယ်တွေကို သတ်ဖြတ်စားသောက်တဲ့ သတ္တဝါပါ။ ဒါပေမဲ့ ပီဘိ ပေါက်စလေးကို သူမစားပါဘူး။ 
နိုင်တိုင်း၊ အခွင့်သာတိုင်း၊ အင်အားကြီးတိုင်း မလုပ်သင့်မလုပ်အပ်တဲ့အရာကိုမလုပ်ရဘူးဆိုတာ အဟိတ် တိရစ္ဆာန်ပင် မွေးရာဗီဇစိတ်အရ အလိုလိုသိနေခြင်းမျိုးပဲမဟုတ်လား။ 

အတွေးက လက်တွေ့ဘဝထဲ ရောက်လာပြန်ပါတယ်။ အသိဉာဏ်နည်းတဲ့ တိရိစ္ဆာန်ပင် သဘာဝလောကရဲ့ လိုက်နာရမဲ့ စည်းကမ်းကို စောင့်ထိန်းပါလျက် အသိဉာဏ်ကြီးပါတယ်ဆိုတဲ့ လူ့လောကကြီး လူ့မျိုးနွယ်စုကြီးထဲမှာတော့ တိရစ္ဆာထက်ပင် နိမ့်ကျတဲ့အသိတရားနဲ့ တရားမဲ့ကျင့်ကြံနေကြတာတွေ မြင်တွေ့နေကြရပါပြီ။
ဆန္ဒပြသူကို သတ်၊ ရွာမီးရှို့၊ အပြစ်မဲ့ပြည်သူတွေကို လေယာဉ်နဲ့ဗုံးကြဲ၊ ထောင်သွင်းအကျဉ်းချ၊ ညှင်းပန်းနှိပ် စက် ၊ ခြိမ်းခြောက်၊ မြေသိမ်း၊ ယာသိမ်း အရာကို အနိုင်အထက်ပြုနေတာတွေဟာ လူ့ယဉ်ကျေးမှုတခုလုံး လူ့ လောကတရပ်လုံးကို ဖျက်ဆီးပစ်နေတာတွေပဲမဟုတ်လား။ 
ဒါဟာ သဘာဝလောကရဲ့ စည်းကမ်းကို ချိုးဖောက်တာပါ။ ဆယ်စုနှစ်ပေါင်းများစွာ ကြာနေခဲ့ပါပြီ။

ဒီအပြုအမူ ဒီလုပ်ရပ်တွေကို ကန့်ကွက်ကြရမယ်။ ရပ်တန့်အောင်လုပ်ကြရမယ်။ 

တကယ်တော့လည်း မျိုးဆက်များစွာ ဒီမတရားမှုကို အသက်များစွာပေးပြီး ဆန့်ကျင်ခဲ့ကြတယ်။ ဒါပေမဲ့ ကျားသစ်တကောင်ရဲ့ အင်အားမျိုး မရှိခဲ့ကြဘူးလေ။

ဒီနေ့မှာ အားနည်းသူတွေအပေါ် မတော်မတရား အနိုင်အထက်ပြုနေသူတွေကို ကို ကာကွယ်ဘို့ အားနည်းသူခြင်း စုစည်းပြီး မဟာရန်သူတော် စစ်ဓမြတွေကို ကျားသစ်တကောင်ရဲ့ အင်အားမျိုး၊ ကျားသစ်တကောင်ရဲ့ နှလုံးသားမျိုးနဲ့ တိုက်ဖျက်ချေမှုန်း လာနေပြီမဟုတ်လား။
ရောင်နီက သူတို့လက်ထဲမှာ။

မြင့်အေး

-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar