Breaking News

ဟိန်းထက်ဇော် - အမှားကိုပြင်ဆင်ခွင့်မရသူတွေရဲ့သွားရာလမ်း

အမှားကိုပြင်ဆင်ခွင့်မရသူတွေရဲ့သွားရာလမ်း
ဟိန်းထက်ဇော်
(မိုးမခ) ဇူလိုင် ၁၈၊ ၂၀၂၃

ဘဝမှာပြန်ပြင်လို့မရတော့တဲ့ အမှားမျိုးကျူးလွန်မိမှာကိုကြောက်တယ်။ ပြင်လို့ရတဲ့အမှားတွေကိုလည်းပြန် ပြင်ခွင့်မရမှာကိုလည်းကြောက်ပါတယ်။ ဒီထက်ပိုဆိုးတာကအမှားကိုအမှားမှန်မသိပဲအမှန်ကိုမမြင်နိုင်လောက်အောင် မောဟဖုံးလွှမ်းနေမှာတာဟာလည်းကြောက်စရာအကောင်းဆုံးလို့ထင်ပါတယ်။  
အမှားမှန်းသိြပီးပြင်ဆင်ခွင့်ရသွားသူတွေပြင်ဆင်နိုင်ခဲ့ကြတဲ့သူတွေဟာအလွန်ကံကောင်းသူတွေဖြစ်ကြမယ်ထင်ပါတယ်။ သူတို့တတွေဟာအရင်လူတွေရဲ့အမှားတွေအပေါ်မှာသင်ခန်းစာကောင်းကောင်းယူတတ်သူတွေဖြစ်သလို ရတဲ့သင်ခန်းစာတွေအပေါ်မှာမှန်ကန်စွာသိပြီး ပြင်ဆင်ရဲတဲ့သတ္တိရှိသူတွေပဲ ဖြစ်မယ်ထင်ပါတယ်။

မပြင်ဆင်ရဲသူတွေ၊ ပြင်ဆင်ခွင့်မရသူတွေအများစုဟာကျိန်စာသင့်နေသူတွေလို့ဆိုရမှာပါ။ ပိုဆိုးတာကလူထုကျိန်စာသင့်သွားခြင်းမျိုးပါပဲ။ လူထုကျိန်စာသင့်နေသူတွေအတွက်တော့ သမိုင်းဟာအလွန်ကြောက်စရာကောင်းသလို လူထုကြည်ညိုလေးစားတန်ဖိုးထားခြင်းခံရသူတွေအတွက်ကတော့ သမိုင်းဟာ လေညာကိုဆန်ပြီး မွှေးရနံ့သင်းပျံ့လို့ အစဉ်အမြဲလှပနေမှာပဲဖြစ်တယ်။ 
တကယ်တော့ သမိုင်းဆိုတာမျက်တောင်တဆုံးမှာတင် ရပ်တန့်သွားတာမဟုတ်သလို ဘဝတသက်တာအတွင်း ပြီးဆုံးပျောက်ကွယ်သွားတတ်မျိုးလည်းမဟုတ်ဘူး။ လူထုအမြတ်တနိုးထွေးပိုက်ခြင်းခံရတဲသူရဲကောင်းအာ ဇာနည်တို့ရဲ့သွေးဟာ နှစ်များစွာကြာပေမယ့် သွေ့ခြောက်သွားတတ်တာမျိုးမဟုတ်သလို ပြင်လို့မရတဲ့အမှားကျူးလွန်ခဲ့သူကတော့ သမိုင်းမှာဗီလိန်တယောက်အဖြစ် အသစ်သစ်သောကျိန်စာသင့်လို့ အဆိုးသံသရာမှာ နစ်မျောမဆုံး ရှိနေတတ်ကလည်း လောကသဘာဝပါပဲ။

အသိတရားဝင်လာလို့ ပြင်ဆင်ချင်ပေမယ့် ပြင်ဆင်ခွင့်မရတော့တဲ့အချိန်မှ ာမိုက်နောင်တရတတ်ကြမြဲပါပဲ။ အဲ့ဒီ ပြင်ဆင်ခွင့်မရတော့တဲ့သူတွေအကြောင်းစဉ်းစားမိတိုင်းဂဠုန်စောနဲ့ ဗိုလ်နေဝင်းတို့ကိုပဲ ပြေးမြင်လာမိတယ်။ သံဝေဂရစရာကောင်းသလို သင်ခန်းစာယူစရာလည်းကောင်းတာမို့ အနည်းငယ်ပြောချင်စိတ်ဝင်လာတယ်။

ဦးစောအကြောင်းကိုဆန္ဒစွဲနဲ့အမုန်းမပါဘဲ ဆင်ခြင်ကြည့်မိတယ်။ ဦးစောဟာငယ်စဉ်တလျောက်လုံး ဘဝတိုး တက်ဖို့အတွက် ကြိုးစားခဲ့ရသူဖြစ်တယ်။ ၇ တန်းအောင်ပြီး တတိယတန်းရှေ့နေစာမေးပွဲကိုအောင်မြင်ခဲ့တယ်။ သူခေတ်ကာလမှာခေတ်စားခဲ့တဲ့ သာယာဝတီမြို့ရဲ့ဝံသာနုကောင်စီမှာ အတွင်းရေးမှူးလုပ်ရင်း နိုင်ငံရေး လော ကထဲ ရောက်လာတယ်။ ဝံသာနုအဖွဲ့ကွဲတော့ ၂၁ ဦးဘက်ကို ရောက်လာတယ်။ ဆရာစံရဲ့နောက် လိုက်သူပုန်တွေအတွက်လည်း ရှေ့နေလိုက်ပေးခဲ့တယ်။ မျိုးချစ်စိတ်ပြင်းထန်သူလည်း ဖြစ်တယ်။
ဂဠုန်စောလို့ စတင်ဖြစ်လာတာက စိတ်ဝင်းစားဖို့ကောင်းတယ်။ ဂဠုန်စောဖြစ်ရတာကလည်း သူ့ရဲ့မျိုးချစ်စိတ် ကြောင့်လို့ပြောရမှာပါ။ ဥပဒေပြုလွှတ်တော်စည်းဝေးပွဲမှာ ဆရာစံတောင်သူလယ်သမားအရေးတော်ပုံမှာ အင်္ဂလိပ်တို့ရဲ့အရေးယူမှုတွေ၊ လုပ်ဆောင်မှုတွေကို ပြင်းပြင်းထန်ထန်ဝေဖန်တဲ့အခါ ပြည်ထဲရေးအတွင်းဝန် Mr.Booth Gravely က “ မောင်မင်းဂဠုန်ဖြစ်လာပြီ ” လို့ပြောရာကနေ 'ဂဠုန်စော' လို့ တွင်သွားခဲ့တာ။ ဦးစောကလည်း အဲ့လိုသူ့ကိုဂဠုန်စောလို့ခေါ်ကြတာကိုပဲ ကျေကျေ နပ်နပ်ကြီး ခံယူခဲ့ပါတယ်။

ဦးစောဟာ ရန်ကုန်မြူနီစီပယ်လူကြီးလည်း လုပ်ခဲ့တယ်။ သူရိယသတင်း စာမှာလည်း အစုရှယ်ယာအများဆုံးဖြစ်အောင် လုပ်ခဲ့တယ်။ နောက်ဆုံးသူရိယသတင်းစာရဲ့ အယ်ဒီတာချုပ်ဖြစ်ခဲ့တယ်။ ၁၉၃၆ ထဲမှာ ဂဠုန်တပ်ဖွဲ့ရဲ့ စစ်သူကြီးချုပ် လုပ်လိုက်သေးတယ်။ ၁၉၄၁ နှောင်းပိုင်းမှာတော့ နန်းရင်းဝန်အထိ တက်လှမ်းနိုင်ခဲ့တယ်။ 
နန်းရင်းဝန်ဖြစ်ချိန်မှာ “ဗုဒ္ဓဘာသာအမျိုးသမီးများ ထိန်းမြားလက်ထပ်ခြင်း ဥပဒေကို” ပြဋ္ဌာန်းပေးနိုင်ခဲ့တယ်။တရုတ်ပြည်နဲ့ လူဝင်လူထွက်စာချုပ်တွေလည်း ချုပ်ဆိုခဲ့သေးတယ်။ အဲ့ဒီနောက် အင်္ဂလန်ကိုသွားပြီး ဗမာ့လွတ် လပ်ရေးအတွက် ဆွေးနွေးပြောဆိုခဲ့တယ်။ မအောင်မြင်ခဲ့တဲ့အပြင်ယူဂန္ဓာမှာစစ်တွင်းကာလတလျှောက် လုံး အထိန်းသိမ်းခံထားရတယ်။ စစ်ကြီးပြီးတော့ ဘုရင်ခံဒေါ်မန်စမစ်က ပြန်ခေါ်လို့ ဗမာပြည်ပြန်ရောက်လာခဲ့တယ်။ 
ခေတ်ရဲ့အပြောင်းအလဲမှာ လူထုရဲ့သဘောထားကို ဂဠုန်စော လျစ်လျူရှုလိုက်ဟန်ပါပဲ။ လူငယ်တွေတခေတ်ဆန်းလာတာကို အစဉ်အလာလူကြီးတယောက်ရဲ့အပေါ်စီးမြင်နဲ့ ကြည့်လိုက်မိဟန်ပါပဲ။ နိုင်ငံရေးသမားဟောင်းအားလုံးဟာအဲ့ဒီအမြင်နဲ့ကြည့်ရင်း လူထုနဲ့ကင်းကွာခဲ့ရသလိုလူ ငယ်နိုင်ငံရေးသမားတွေရဲ့ နိုင်ငံအပေါ်ထားတဲ့စိတ်ကိုလည်း နားလည်နိုင်ဟန်မတူတော့ပါဘူး။ စစ်မဖြစ်မီက ရွှေထီးဆောင်းခဲ့တဲ့ အိပ်မက်အတိုင်းလုပ်ဆောင်ကြရာက တဖြည်းဖြည်းနဲ့ လူထုနဲ့ပါကင်းကွာလာခဲ့ပါတော့တယ်။ ဒါလည်းသင်ခန်းစာ ယူစရာပါပဲ။
လူငယ်တွေက လုံးဝလွတ်လပ်ရေးအော်နေချိန်မှာ ဝါရင့်နိုင်ငံရေးသမားတွေကတော့ နန်းရင်ဝန်လောက်ရရင် ကျေနပ်နေကြမယ့်ဟန်ပါပဲ။ အဲ့လိုနဲ့ လူငယ်နိုင်ငံရေးသမားတွေနဲ့ ဦးစောဟာ အမြင်မတူဖြစ်လာတယ်။ လူငယ်တွေကိုအပေါ်စီးကနေကြည့်လာတယ်။ ဦးစောကတော့ တချိန်ကနန်းရင်းဝန်ဖြစ်ခဲ့တဲ့ ဘဝင်စိတ်က လက်ရှိလူငယ်တွေရဲ့ ဦးဆောင်နေမှုအပေါ်လက်ခံနိုင်တဲ့အနေအထား မရှိဟန်ပါပဲ။

ဦးစောရဲ့ ဖြစ်ချင်စိတ်၊ ကြီးမြတ်ချင်စိတ်ဟာပိုလို့ဆိုးလာတယ်။ ငါဆိုတဲ့အတ္တစိတ်ဟာ ပိုကြီးထွားလာဟန်ပါပဲ။ လောဘ၊ ဒေါသ၊ မောဟနဲ့လက် စားခြေလိုစိတ်ထက်ပိုတဲ့ အလိုရမ္မက်ကြီးမှုဟာ သူ့ရဲ့စဉ်းစားဆင်ခြင်စိတ်နဲ့အတွေးအကြံကို လမ်းလွဲလိုက်စေခဲ့တော့တယ်။ ဒီလိုနဲ့ ဦးစောဟာမကြံသင့်မကြံစည်အပ်တဲ့ လုပ်ကြံသတ် ဖြတ်မှုနဲ့ အာဏာကိုအရယူဖို့ ပြင်ဆင်လာတယ်။ အမျိုးသားခေါင်းဆောင်ကြီးများကို လုပ်ကြံသတ်ဖြတ်လိုက် ပါတော့တယ်။
အဲ့ဒီလုပ်ရပ်က ‘မသေမချင်း ကြိုကွင်းစွပ်’ သတ်မိန့်ကိုလက်ဆောင်အဖြစ် ရသွားခဲ့ပါတော့တယ်။ ဦးစောက သူ့သမီးဆီထောင်ထဲကနေပေးတဲ့စာမှာတော့ သူတို့မျိုးရိုးဟာ “လက်စားပြန်မချေရလျှင် တသက်လုံးမမေ့နိုင်ဆိုသလိုရှိခဲ့ကြသည်” လို့ ရေးခဲ့တယ်။ သူ့ကိုလုပ်ကြံဖို့ကြံစည်လို့ လက်စာချေတဲ့သဘောနဲ့ သမိုင်းမှာသူ့အပြစ်ကို ပုဂ္ဂိုလ်ရေးသဘောအဖြစ်ကာကွယ်ခဲ့လေသလားတော့မဆိုနိုင်။
လက်စားချေတယ်ဆိုလည်း သူသံသယရှိသူတယောက်ထဲနဲ့ လုံလောက်ပါတယ်။ တကယ်တန်းက အာဏာကိုတပ်မက်တဲ့ရမ္မက်က ပုဂ္ဂိုလ်ရေးထက်ပိုပါတယ်။ နောက်ဆုံးကြိုးပေးခံရတော့မယ်လို့ သိလိုက်တဲ့အချိန်ထိ သူ့ရဲ့ တောင်းဆိုချက်ထဲမှာ သူတယောက်တည်းသပ်သပ် ကြိုးပေးဖို့ကိုတောင်းဆိုလိုက်တာကိုကြည့်ရင် နောက် ဆုံးအချိန်ထိ အတ္တမာန်ကြီးနေဆဲဖြစ်တာကို တွေ့ရတယ်။ နောက်တော့ လယ်တီဆရာတော်ကြီးရဲ့ ဒီပနီစာအုပ်များပေးဖို့ကိုလည်း တောင်းဆိုခဲ့တယ်။ 
ကြိုးပေးမယ့်ရက်နီးလာချိန်မှာတော့ ဦးစောဟာသူအတွက်အထူးတာဝန်ချထားတဲ့ထောင်အရာရှိတယောက်ကို “ကျုပ်မှာဆန္ဒရှိတာကကျုပ်အာဏာတည်မြဲရေး၊ ကြီးပွားရေးနဲ့ တိုင်ပြည်ကိုကျုပ်ကြိုက်တဲ့ပုံသွင်းချင်တာပဲ ကျုပ်မှာ အဓိကဖြစ်တယ်။ ဒီအချိန်ကသာ အခုတွေ့ရတဲ့ တရားတော်ကိုတွေ့လျှင် အခုလိုလည်း ဖြစ်မယ်မထင်ဘူး” လို့ ဖွင့်ဟခဲ့သေးတယ်။
သူ့နောင်တဟာ နောက်ကျသွားပါပြီ။ သူတရားတွေ့တယ်ဆိုတာလည်းနောက်ကျသွားခဲ့ပြပြီ။ ပြင်လို့မရတော့တဲ့ သူ့အမှားဟာ သမိုင်းအမည်းစက်အဖြစ် စွန်းထင်းသွားခဲ့ပြီ။ သူ့အမှားဟာ သူ့ဘဝတသက်တာသာမကသမိုင်းတလျှောက်လုံး ယုတ်မာရက်စက် အကြံပက်စက်သူရဲ့ ပြယုဂ်အဖြစ် မပျောက်မပျက်ရှိနေပေတော့မယ်။ ပြည်သူလူထုမျိုးဆက်များစွာအာဇာနည်အမျိုးသားခေါင်းဆောင်ကြီးများအား တန်ဖိုးထားအမြတ်တနိုးသိမ်း ဆည်းထားသမျှ ကာလပတ်လုံး ဂဠုန်စော ဆိုသောနာမည်ဆိုးကလည်း ကပ်ပါနေဦးမှာမလွဲပါပဲ။

ဂဠုန်စောလိုပင် မိုက်နောင်တနဲ့တရားကိုတွေ့ပေမယ့် ပြန်ပြင်လို့မရတော့တဲ့အမှားကို ကျူးလွန်ခဲ့သူနောက်တယောက်ကတော့ ဗိုလ်နေဝင်းပါပဲ။ ဂဠုန်စောရော ဗိုလ်နေဝင်းရောမှာ တူညီတဲ့စရိုက်လက္ခဏာတွေရှိကြသလို တူညီတဲ့ဘဝနဲ့ တူညီတဲ့နောင်တတရားတွေလည်း ရှိခဲ့ပါတယ်။
ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ဗိုလ်နေဝင်းဟာလည်း တချိန်က တို့ဗမာအစည်းအရုံးဝင် သခင်ရှုမောင်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ တိုင်းပြည်အတွက်လည်း ရဲဘောသုံးကျိပ်ဝင်အဖြစ် ပါဝင်ခဲ့ဖူးသူလည်းဖြစ်တယ်။ ရည်မှန်းချက်ကြီးပြီး အလိုရမ္မက်ကြီးသူလည်း ဖြစ်တယ်။ အာဏာကိုငမ်းငမ်းတက် တပ်မက်သူလည်း ဖြစ်တယ်။ လောဘဒေါသ၊ မောဟကြီးသူလည်း ဖြစ်တယ်။ ရက်စက်ကြမ်းကြုတ်ပြီး ကောက်ကျစ်ရာမှာလည်း ဦးစောနဲ့ ထပ်တူညီကြတယ်။ ဦးစောကထောင်မှာအကျဉ်းချခံထားရသလို ဗိုလ်နေဝင်းဟာလည်း နေအိမ်အကျယ် ချုပ်ဘဝနဲ့ အစောင့်တွေတင်းတင်းကြပ်ကြပ်တွေကြားမှာ ခြေသည်းလက်သည်းတွေတုံးပြီး သွားမရှိတော့တဲ့ ခြင်္သေ့အိုကြီတကောင်လို ဘဝအဆုံးသတ်ကို စိတ်ဆင်းရဲကြီးစွာနဲ့ နေထိုင်ခဲ့ရတယ်။ အဆုံးသတ်ခါနီး လယ်တီဆရာတော်ကြီးရဲ့ တရားရှုမှတ်နည်းနဲ့ ဒီပနီတွေနဲ့တရားသဘော သုံးသပ်မိတာခြင်းမှာလည်း နှစ်ဦးသားတူညီနေကြပြန်တယ်။

ဗိုလ်နေဝင်းကိုနောက်ဆုံးတွေ့ဆုံခဲ့ရတဲ့ ကိုကိုမောင်ကြီး ခေါ် ဦးချစ်လှိုင်က ဗိုလ်နေဝင်းပြောစကားကိုသူရေးခဲ့တဲ့ “ ကျွန်တော်သိသော တရံရောအခါများ ” စာအုပ်မှာ အခုလိုမှတ်တမ်းတင်ခဲ့ပါတယ်။ 
“ကိုယ့်လူတွေနဲ့ကြုံတုန်းပြောလိုက်ရဦးမယ်။ ကိုယ့်အနေနဲ့ ဒီသံသရာတရားတွေ၊ သင်္ခါရတရားတွေ၊ အနိစ္စအနတ္တတရားတွေကို.. ဒိနေ့သိမြင်သလိုများ ဟိုတုန်းကသိခဲ့မယ်ဆိုရင်.. ၁၉၆၂ ခုနှစ် မတ်လကကိစ္စကိုကိုယ်မလုပ်ခဲ့ပါဘူး၊ ဟုတ်တယ်။ အဲ့ဒီတုန်းကဒီတရားတွေကိုသိနေခဲ့ရင် ၁၉၆၂ ခုနှစ်က လုပ်ခဲ့တဲ့အလုပ်မျိုးကို ကိုယ်မလုပ်ခဲ့ဘူး” လို့ နှစ်ကြိမ် နှစ်ခါ ထပ်ပြောလိုက်တာ ကိုကိုကိုမောင်ကြီးက မှတ်တမ်းတင်ထားခဲ့ပါတယ်။ ပြင်လို့မရတော့တဲ့ ပြင်ဆင်နိုင်ခွင့်မရှိတော့တဲ့ အမှားကို နောင်တရလိုက်ဟန်ပါပဲ။ 

အရာအားလုံးကတော့ နောက်ကျသွားခဲ့ပါပြီ။ ဗိုလ်နေဝင်းရဲ့ မိုက်နောင်တဟာလည်း ပြန်လည်ပြင်ဆင်လို့မရနိုင်တော့။ အဇာတသတ်ရဲ့ မိုက်နောင်တထက်လည်း လျော့ဟန်မရှိ။ သေခါနီးမှာ သူ့မြေးတွေ၊ သူ့သမက်တွေလည်း အကျဉ်းချခံထားရတာကို သူကိုယ်တိုင်းခံစားသောကကျရောက်ခဲ့ဟန်ပါပဲ။ ဒါကိုရော တရားနဲ့ဖြေလို့ရနိုင်ခဲ့ပါလား။ တရားတော်အရ ‘ကာလဝိပတ်’ ရဲ့ဓမ္မကို ခံစားနားလည်နိုင်ပါရဲ့လားလို့ သိချင်စမ်းပါဘိ။

ဂဠုန်စောရော ဗိုလ်နေဝင်းပါ အတ္တမာနကြီးတဲ့နေရာမှာ အတူညီဆုံးအချက်တခုကတော့ သေခါနီးဆဲဆဲအချိန်ထိ “ငါတို့မှားခဲ့ပါတယ်” ဆိုတဲ့စကားလုံးကို တိတိကျကျသုံးမသွားခဲ့ကြပါဘူး။ သူတို့ ‘တရားတွေ့တယ်’ ဆိုတာအပေါ်မှာ သံသယဖြစ်မိပါရဲ့။

ဂဠုန်စောက “ဒီအချိန်ကသာ အခုတွေ့ရတဲ့တရားတော်ကိုတွေ့ရင် အခုလိုလည်း ဖြစ်မယ်မထင်ဘူး” လို့ပဲ ပြောခဲ့တာပါ။ အဲ့ဒီလိုပဲ ဗိုလ်နေဝင်းကလည်း “အဲ့ဒီတုန်းက ဒီတရားတွေကို သိခဲ့နေရင် ၁၉၆၂ ကအလုပ်မျိုးကိုယ်မလုပ်ခဲ့ပါဘူး” လို့ပဲ သွယ်ဝိုက်စကားပဲဆိုခဲ့ကြတာ။ ဘယ်လိုပဲဖြစ်စေ သူတို့ရဲ့အတ္တမာနကြောင့် သွယ်ဝိုက်စကားဆိုခဲ့တာကိုပဲ “မှားခဲ့ပါတယ်” လို့ ဝန်ခံစကားအဖြစ် စကားပရိယာယ်အရ နားလည်းလိုက်ရပါတယ်။

အာဏာရမက် ငန်းငန်းတက်အောင် အလိုရမ္မက်ကြီးခဲ့တွေအကြောင်း ကြားဖူးနာဝ၊ ဖတ်ရှုမှတ်သားခဲ့ရဖူးသလို ကိုယ်ကျင်လည်ရာ ဘဝတသက်တာမှာလည်း ကြုံတွေ့ခဲ့ရပေါင်းများပြီ။ ဘုရားရှင်လက်ထက်က အာဏာရမ္မက် ငမ်းငမ်းတက်ကြောင့် အဖအရင်းတောင်သတ်ရဲခဲ့တဲ့ အဇာတသတ်လို ပြင်လို့မရတဲ့အမှားကျူးလွန်သူတွေ ရေတွက်လို့မရအောင် များခဲ့သည်ပဲ။
အာဏာကြောင့် အဖအရင်း,အမိအရင်း၊ အကိုအရင်း, ဘဒွေးဘကြီးမကျန်သတ်ပြီး အာဏာအရယူခဲ့ကြသူတွေဟာ သူတို့ မရှုံးနိမ့်သေးသ၍တော့ သတိသံဝေဂရဖို့ ဝေလာဝေး ရက်စက်ကြမ်းကြုတ်ယုတ်မာမှုတွေကိုအဆုံး စွန်ဆုံးအထိ တံခွန်ထူတတ်ကြတယ်။ ပြင်လို့မရတော့တဲ့အချိန်၊ သူတို့ဘဝကျဆုံးချိန်၊ ရှုံးနိမ့်ချိန်ရောက်တော့မှ ကိုယ့်ကိုယ်ကိုဖြေသိမ့်ရင်းသတိသံဝေဂရသလိုလို၊ တရားသိလာသလိုလိုနဲ့ သွေးရူးသွေးတန်းပြောလေ့ရှိတတ်တယ်။ ဒါပေမယ့် သူတို့သွားရာလမ်းကတော့ သမိုင်းတလျှောက်လုံး ‘နိုင်ငံတော်’ ကိုဖျက်ဆီးခဲ့သူဗီလိန်အဖြစ် နာမည်ဆိုးနဲ့ မှတ်တမ်းတင်ကျန်ရစ်ခဲ့တော့မှာပဲ ဖြစ်ပါတော့တယ်။              

ဟိန်းထက်ဇော်
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar