Breaking News

ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာခရီးစဉ်က အင်န်အယ်ဒီပါတီဝင်တွေ အမတ်တွေအပေါ် ဘယ်လို သက်ရောက်သလဲ


မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၁၇ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၁၈၊ ၂၀၂၃


ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာခရီးစဉ်က  အင်န်အယ်ဒီပါတီဝင်တွေ အမတ်တွေအပေါ် ဘယ်လို သက်ရောက်သလဲ

ဇူလိုင် ၁၁ ရက်နေ့ သတင်းတွေထဲ ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့က ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝိနိုင်းရဲ့ နေပြည်တော်ကို တိတ်တဆိတ်သွားရောက်ခဲ့တဲ့ သတင်းထွက်ပေါ်လာခဲ့ပြီး ဘာအကြောင်းကြောင့် သွားတယ်ဆိုတာ မသိရှိကြသေးဘဲ နောက်တရက်အကြာ ဇူလိုင် ၁၂ ရက်နေ့နံနက်မှာတော့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးရဲ့ နေပြည်တော်ခရီးစဥ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့သွားခဲ့တာ ဖြစ်ပြီး တွေ့ခွင့်ရခဲ့တဲ့ အကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းစကားကို လက်ရှိကျင်းပနေတဲ့ အာဆီယံ အစည်းအဝေးမှာ ဖတ်ကြားဖွယ်ရှိတယ်ဆိုတဲ့ သတင်းက ရုတ်ချည်း ပြန့်နှံ့သွားခဲ့တာ ဖြစ်ပါတယ်။ သူ့ဆီကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့မှုကနေ ‘တွေ့ဆုံဆွေးနွေးရေး’ကို အားပေးတယ် ဆိုတဲ့ စကားကလွဲရင် (အခုအချိန်အထိ) အသေးစိတ် ထုတ်မပြောတာမျိုး မရှိပါဘူး။ Pan Orient News ကပဲ ဒေါ်အောင်ဆန်းစုကြည်က PDF နဲ့ NUG တို့ကို အသိအမှတ်မပြုသလို ထောက်လည်း မထောက်ခံဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံစဉ်မှာ ပြောခဲ့တယ် ဆိုပြီး ရေးခဲ့ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တဖက်သတ် ကိုယ်စားပြု ထင်ဟပ်ပြောဆိုမှုများသည် ယုံကြည်လက်ခံနိုင်ဖွယ်ရာ မရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဇူလိုင်လ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူထားသော Don Pramudwinai၏ လတ်တလော မြန်မာနိုင်ငံခရီးစဉ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိခဲ့သည်ဟု အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် သတင်းမီဒီယာများအား ထုတ်ဖော်ပြောဆိုမှုများသည် အာဆီယံ၏ မြန်မာ့အရေး အခြေခံဘုံသဘောတူညီချက်ငါးရပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်၏ အခန်းကဏ္ဍတို့ကို ကျော်လွန်စွက်ဖက်ရာရောက်သည်ဟု ရှုမြင်တယ်လို့ ဖော်ပြပါတယ်။

တရက်တည်းမှာပဲ - ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်မှာ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားများနှင့် ဆန့်ကျင်ကွဲလွဲနေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ဇူလိုင် ၁၄ ရက်မှာ သဘောထားကြေညာချက်တရပ် ထုတ်ပြန်ခဲ့ပါတယ်။  ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားဆိုသော ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်များသည် ကာယကံရှင်ကိုယ်တိုင်နှင့် လွတ်လပ်စွာ ပူးတွဲပြောကြားနိုင်သော အခြေအနေ မဟုတ်သည့်အတွက် စကားရပ်တိုင်းသည် စစ်မှန်သည်ဟု ယူဆရန် ကျွန်ုပ်တို့ သံသယရှိတယ်လို့ NLDပါတီဗဟိုအလုပ်ကော်မတီက ဆိုပါတယ်။

မြန်မာ့နိုင်ငံရေးပြဿနာများ ပြေလည်ရေးလမ်းစအဖြစ် အရေးပါလှသော ဒေါ်အောင်ဆန်းစုကြည်၏ ဆန္ဒသဘောထားကို ပြည်သူလူထုထံသို့ လွတ်လပ်စွာတင်ပြနိုင်ရန် အာဆီယံ ခေါင်းဆောင်များအနေဖြင့် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နှင့်အညီ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဥ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်၍ လွတ်လပ်စွာ သဘောထားအမြင်ဖော်ထုတ်နိုင်မှုကို အားစိုက်လုပ်ဆောင်သင့်ကြောင်း တိုက်တွန်းအပ်တယ်လို့ဆိုထားပါတယ်။

ဇူလိုင်၁၇ရက် နေ့မှာတော့ GSCC သပိတ်ကော်မီတီ အင်အားစုက ထုတ်ပြန်ရာမှာ -  ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် မြန်မာပြည်သူများ၏နွေဦးတော်လှန်ရေးအား လျစ်လျူရှု စော်ကားသည့်အပြင် နိုင်ငံရေးအရ သွေးခွဲရန် ထိုးခွဲရန် ကြံစည်ကြိုးစားခြင်းဖြစ်တယ်လို့ အထွေထွေသပိတ်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(GSCC)ကဆိုပါတယ်။ “လူပုဂ္ဂိုလ်” အခြေမပြု၊ “နိုင်ငံရေးမူ” အခြေပြု နွေဦးတော်လှန်ရေးဖြစ်ကြောင်း GSCCက ဆိုလိုက်ပါတယ်။

ယနေ့ ဗွီအိုအေတွေ့ဆုံခန်းမှာ - အဆိုပါပြောဆိုချက်ဟာ မြန်မာ့ဒီမိုကရေစီအရေးကို ကူညီရာမရောက်တဲ့အကြောင်း မြန်မာနိုင်ငံ ဆိုင်ရာအမေရိကန် သံအမတ်ကြီးဟောင်းလည်းဖြစ် လက်ရှိ အမေရိကန်ပြည်ထောင်စု Stanford တက္ကသိုလ်က သုတေသီ Scot Marciel က VOA ကိုပြောပါတယ်။ အာဆီယံ အရှေ့တောင်အာရှနိုင်ငံများ အသင်းအနေနဲ့ မြန်မာပြည်သူတွေနဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မြန်မာပြည်သူတွေကို ပိုပြီး ထောက်ခံမှု ပြသဖို့လိုတယ်လို့လည်း ပြောပါတယ်။ 

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေး အပေါ် သုံးသပ်ချက် ဆိုပြီး တဲ့ ISEAS – Yusof Ishak Institute က ကျွမ်းကျင်သူ သုတေသီတွေ ဖြစ်တဲ့ ဒေါ်မိုးသူဇာနဲ့ ရှယ်ရွန်ဆီအာတို့ ပူးတွဲ ရေးသားတဲ့ ဆန်းစစ်ချက်ထဲမှာလည်း ဒီ အကြောင်း ပြောထားပါတယ်။ အဲသည်အကြောင်းကို ဘီဘီစီက ဇူလိုင် ၁၇ ရက်နေ့မှာ တင်ဆက်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ ကျန်းမာနေတယ် .... ဆွေးနွေးညှိနှိုင်ရေး ဒိုင်ယာလော့ဂ် လုပ်တာမျိုးကို အားပေးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ် အစရှိသဖြင့် ဒွန် ပရာမွတ် ဝီနိုင်းက အာဆီယံနဲ့ သတင်းဌာနတွေကို အဓိက အချက်တွေအနေနဲ့  ပြောခဲ့တာကို အခြေခံပြီး အကဲခတ်တွေက သုံးသပ်ကြပါတယ်။

ထိုင်းရဲ့ အာဆီယံ အပြင်ဘက် တကိုယ်တော် ကြိုးပမ်းမှုတွေဟာ အာဆီယံ အထူးသံတွေ၊ ကုလ အထူးသံတွေ မရခဲ့တဲ့ အခွင့်အရေးမျိုး ရယူနိုင်တယ် ဆိုပြီး လတ်တလောမှာ အများအာရုံစိုက်မှုကို ရတာ မှန်ပေမယ့် ၊ ဒီလို လုပ်ရပ်တွေကြောင့် အာဆီယံ အတွင်း စည်းလုံးမှု ပျက်ရတယ်၊ အာဆီယံကို ထိခိုက်ရတယ် ဆိုရင် အာဆီယံကို စတေးရတာ ဆီလျော် သင့်မြတ်တဲ့ လုပ်ရပ် ဟုတ်ပါ့မလား ဆိုပြီး ဒေါ်မိုးသူဇာနဲ့ ရှယ်ရွန်ဆီအာတို့က မေးခွန်းထုတ်ကြပါတယ်။ သူတို့ရဲ့ စကားနဲ့ ဆိုရင် ရေတိုအောင်မြင်မှုဟာ ရေရှည် နာကျင်ရဖို့ပဲ Short-Term Gains, Long-Term Pains လို့ ဆိုထားပါတယ်။

နားလည်သလောက် ချဲ့တွေးရင်တော့ ထိုင်းနိုင်ငံဟာ မြန်မာပြည်လိုပဲ ရွေးကောက်ပွဲရလဒ်ကနေ နိုင်ငံရေးပြသနာကို ထွက်ပေါက် သို့မဟုတ် အဖြေရှာပေးနိုင်တဲ့ အခြေခံမရှိပါဘူး။ ထိုင်းစစ်တပ် အာဏာသိမ်းမှု အဆက်ဆက်မှာ ထိုင်းဗိုလ်ချုပ်တွေ၏ ပါတီတွေနဲ့ အာဏာအခွင့်ထူးခံလူတန်းစားများ (ဘုရင့်ဂိုဏ်း၊ စစ်အုပ်စုဂိုဏ်း၊ ခရိုနီဂိုဏ်းတော်သားများ)၏ ချယ်လှယ် ကန့်သတ်မှုတွေနဲ့ အခြေခံဥပဒေအကြပ်အတည်းအောက်က ရုန်းမထွက်နိုင်တဲ့ နိုင်ငံတနိုင်လည်း ဖြစ်ပါတယ်။ လူထုထောက်ခံလို့ မဲနိုင်တဲ့ ပါတီတွေလည်း သက်တမ်းတိုကြရလေ့ရှိပါတယ်။ သည်တော့ ထိုင်းနိုင်ငံရေးမှာ ဘုရင်ကနေ ကြားဝင်စေ့စပ်တယ်ဆိုပြီး ဆေးမြီးတိုနဲ့ ပြသနာကို ဖြေရှင်းလေ့ရှိကာ ရေရှည် ဖြေရှင်းရမယ့် တိုင်းပြည်ပြဿနာတွေကို အချိန်ဆွဲ ရွှေ့ဆိုင်းထားလေ့ရှိတာကြောင့် လေ့လာသူတွေက ရေတိုအောင်မြင်မှုဟာ ရေရှည်မှာ နာကျင်ရဖို့ပဲလို့ ပြောတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံနဲ့ မတူတဲ့ အချက်တခုကတော့ နှစ်ပေါင်း ၃၀ ကျော် သံမဏိသက်ရှည် လူထုထောက်ခံမှုနဲ့ ရပ်တည်နိုင်ခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD နိုင်ငံရေးပါတီကြီး ယခုထက်တိုင် ဆက်လက်တည်ရှိနေဆဲဖြစ်တာနဲ့ စစ်အာဏာရှင်ကို အပြီးသတ် ဖျက်သိမ်းပစ်ဖို့ အန္တိမ ရည်မှန်းချက်ချထားတဲ့ နွေဦးတော်လှန်ရေး လှုပ်ရှားမှုမှာ အင်အားစုပေါင်းစုံ မျိုးဆက်ပေါင်းစုံ (နိုင်ငံရေးပါတီတွေ တိုင်းရင်းသားတွေ၊ လက်နက်ကိုင်တွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ လူငယ်တွေ စသည်) တစုတစည်းတည်း တိုက်ပွဲဝင်နေကြတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကနေ လွှတ်တော်တရပ် ဖြစ်တည်ဖို့ စစ်အာဏာသိမ်းလိုက်လို့ မဖြစ်နိုင်တော့သော်လည်း ကြားဖြတ် အစိုးရ၊ ကြားကာလ လွှတ်တော်ကိုယ်စာဒပြုကော်မီတီ၊ အမျိုးသားအတိုင်ပင်ခံကောင်စီ စတဲ့ တပ်ဦး၊ မဟာမိတ်၊ တပ်ပေါင်းစု အသွင်သဏ္ဍန်တွေ ဖြစ်တည်လာခဲ့ပြီး ဖြစ်ပါတယ်။

NLD ပါတီဝင်တွေ လွှတ်တော်အမတ်တွေထဲက အချို့က နွေဦးတော်လှန်ရေးက ကျရာ ရောက်ရာ အခန်းကဏ္ဍ အသီးသီးမှာ ပါဝင်ဆောင်ရွက်နေကြတာကို တွေ့မြင်ကြရပြီး အချို့ဆိုရင် NUG အစိုးရ ပြည်ထဲရေးနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတွေက ဒေသခံ အုပ်ချုပ်ရေး ကာကွယ်ရေး လုံခြုံရေးဌာနတွေ အစုအဖွဲ့တွေမှာ လှုပ်ရှားနေကြပါတယ်။ အခြား အစုအဖွဲ့တွေ ၊ အရပ်အဖွဲ့၊ လက်နက်ကိုင်အဖွဲ့၊ စတဲ့ အစုအဖွဲ့တွေမှာလဲ NLD ပါတီဝင်တွေ အမတ်တွေ ပါဝင်ကြတယ်လို့ ဆိုပါတယ်။ 

သို့သော် အထက်က ဖော်ပြခဲ့သလို ဒေါ်အောင်ဆန်းစုကြည်က ဒိုင်ယာလော့လုပ်တာ အားပေးတယ်လို့ ထိုင်းဝန်ကြီးတဦးက ဝင်ပြောလိုက်တယ်လဲ ဆိုရော - အချို့သော NLD ပါတီဝင်တွေ အမတ်တွေက နွေဦးတော်လှန်ရေး ၃နှစ်နီးပါး ဖြတ်သန်း ရုန်းကန်မှုကနေ သီးခြားတွေးခေါ်စဉ်းစားမှုတွေ ၊ စစ်အာဏာရှင်တွေနဲ့ ဘယ်လိုနည်းနဲ့ ပြေလည်စေ့စပ်ရေးကို ပြင်ဆင်ကြမလဲဆိုတဲ့ မေးခွန်းတွေ ထုတ်ကြတာတွေနဲ့ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတယ်လို့ အကဲခတ်တွေက မြင်တွေ့လာကြတယ် ဆိုပါတယ်။ NUG CRPH NUCC ERO နဲ့ အခြား မြေပြင်က အင်အားစုတွေနဲ့ လက်ရှိ မဟာမိတ်တို့ တပ်ပေါင်းစုတို့ ဆက်ဆံရေးတွေအပေါ်ကိုလည်း သူတို့တွေက အတွင်းဝေဖန်ရေးတွေ လုပ်လာကြတယ် ပြောသံများ ထွက်လာပါတယ်။ ဒါကြောင့် အချို့သော မဟာမိတ်လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ထဲက လူလတ်ပိုင်းခေါင်းဆောင်တွေက အဲသည်လို တွန့် … တွန့် … သွားတတ်တဲ့ NLD ပါတီကြီးထဲက အချို့သော ပါတီဝင်တွေ အမတ်တွေကြောင့် သူတို့တွေမှာ ရေတို ရေရှည် လက်တွဲနိုင်ကြဖို့ အမြဲ သံသယမေးခွန်းထုတ်ကြရကြောင်း ထောက်ပြကြပါတယ်။

အပြင်က အကဲခတ်တွေ လေ့လာသူတွေက လက်ရှိအချိန်မှာ ဘယ်လိုတွေ ပြောကြ လှုပ်ကြပါစေ မြန်မာ့အရေးမှာ - အာဆီယံ အရှေ့တောင်အာရှနိုင်ငံများ အသင်းအနေနဲ့  NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မြန်မာပြည်သူတွေကို ပိုပြီး ထောက်ခံမှု ပြသဖို့လိုတယ်လို့ ဝိုင်းပြောနေကြတဲ့ အချိန် ဖြစ်ပါတယ်။ အာဆီယံနဲ့ အိမ်နီးချင်းတွေအနေနဲ့ကလည်း တစုတစည်းတည်း တသံတည်းနဲ့ မြန်မာအရေးကို ဖြေရှင်းကြဖို့သာ လိုပြီး တယောက်တပေါက်နဲ့ စစ်အာဏာရှင်အားပေးလုပ်ဖို့ မလိုအပ်ဘူးလို့လည်း အများက သဘောထားပေးနေချိန်လည်း ဖြစ်ပါတယ်။ သည်လို ဂယက်ထချိန်မှာ သမိုင်းအစဉ်အလာရှိတဲ့ NLD ပါတီကြီးက အဖွဲ့ဝင်တွေ အမတ်တွေထဲက တချို့သော လှုပ်ခတ်သွားတယ်ဆိုတဲ့ အင်အားတွေကလည်း နွေဦးတော်လှန်ရေးနဲ့ မြန်မာပြည်သူတွေနဲ့ ထပ်တူ ဆက်ချီတက်ကြဖို့ပဲ လိုအပ်မယ်လို့ တင်ပြလိုက်ရပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar