ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ညီနောင်သုံးဖွဲ့ ကြေညာချက်ဋီကာ
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ညီနောင်သုံးဖွဲ့ ကြေညာချက်ဋီကာ
(မိုးမခ) ဇူလိုင် ၄ ၊ ၂၀၂၂
ညီနောင်သုံးဖွဲ့ကတော့ ကွန်ဖက်ဒရိတ် ကြေညာလိုက်လေပြီ။
"ပြည်သူလူထုတရပ်လုံး၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ရေးဟူသည့် မွန်မြတ်သော တာဝန်ဝတ္တရားကို ကျေပွန်စွာထမ်းဆောင်နိုင်ရန်အတွက်"တဲ့။
"မိမိတို့၏ ထိန်းချုပ်နယ်မြေများနှင့် လှုပ်ရှားနယ်မြေများအတွင်း၌" တဲ့။
ထုတ်ပြန်ချက် ၁-မှာ ဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် သူတစ်(တစ်ကိစ္စကတော့ ဒေါက်တာတင့်ဆွေနှင့် သီးသန့်ဆွေးနွေးရမည်)ပါး၏ အသက်အိုးအိမ်စည်းစိမ်များကို ထိခိုက်စေနိုင်သော အကြမ်းဖက်လုပ်ရပ်များနှင့် ကျူးလွန်သူများကို မည်သည့်အခါတွင်မျှ အားမပေးဘဲ တားဆီးကာ တိုက်ဖျက်ချေမှုန်းသွားပါမည် တဲ့။
သူတပါး အသက်အိုးအိမ်စည်းစိမ် ထိခိုက်စေတဲ့ အကြမ်းဖက်လုပ်ရပ်များနှင့် ကျူးလွန်သူများကတော့ မအလနှင့် အပေါင်းပါစစ်တပ်နှင့် သူတို့လုပ်ရပ်ကို ဆိုလိုကြောင်း ရှင်းပါသည်။ မည်သည့်အခါတွင်မျှ အားမပေးဘဲဆိုတာကတော့ နောက်နောင် အဖျက်သမားများနှင့် ဆွေးနွေးပွဲလုပ်တော့မည် မဟုတ်ကြောင်း၊ တရုတ်နိုင်ငံအနေနှင့် ဆွေးနွေးဖို့ ဖိအားပေးလာပါက နာခံလုပ်ဆောင်တော့မည်မဟုတ်ကြောင်း သတင်းစကားပါးလိုက်ခြင်းပင်။ တားဆီးကာ ဆိုတာကတော့ အဖျက်သမားများနှင့် ဒူးသွားသွားတိုက်နေသော စောမြရာဇာလင်းလည်း ကိုယ့်လုပ်ရပ်ကို ရပ်တန်းကရပ်ဖို့လိုကြောင်း၊ အကြမ်းဖက်အဖွဲ့တွင် အဖွဲ့ဝင်ဖြစ်နေသော အေးနုစိန်လည်း ခွေးပုနှင့် မဂိန်သင့်တော့ကြောင်း မြွက်ဆိုလိုက်ခြင်း ဖြစ်ပေသည်။ တိုက်ဖျက်ချေမှုန်းသွားပါမည်ဆိုသည်ကတော့ မအလနှင့် သူ့စစ်တပ်များ ထွက်သွားကြ၊ မသွားလျှင် တက်ကြိတ်တော့မည်ဟု ရာဇသံပေးခြင်း ဖြစ်သည်။
၂-တွင် ရာဇဝတ်မှုကျူးလွန်သည့်လုပ်ရပ်များနှင့်ပတ်သက်သော ပစ္စည်းဥစ္စာများကို ဥပဒေနှင့်အညီထိန်းသိမ်းပြီး စစ်ဆေးကာ နည်းမှန်လမ်းမှန် အရေးယူသွားမည် ဆိုတာကတော့ မအလနှင့် သူ့တပ်ပိုင်မှန်သမျှ ကိုယ့်တပ်ပိုင်လုပ်မည်ဟု ယူဆရသည်။
၃-မှာ နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှုပ်နှံသော စီမံကိန်းများအား နှောင့်ယှက်ဖျက်ဆီးသူများကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်တဲ့။
ဒါကတော့ မအလနှင့် သူ့စစ်တပ်ကို ပေါ်တင်နှိပ်ကွပ်ခြင်းဖြစ်သည်။ ဒီမောင်တွေက စစ်ရှုံးရင် အကုန်ဖျက်ဆီးတော့မှာကို ကြိုသိနေလို့ ပြောခြင်းဖြစ်သည်။ အခု အညာအရပ်တွင် မဲထောက်ခံမှုရှုံးတာနှင့် အိုးအိမ်တိုက်တာအကုန်လုံးကို မီးရှို့ဖြိုဖျက် ကလေးငယ်များ၊ အဘိုး အဘွားများ၏အသက်ပါ ရန်ရှာသတ်ဖြတ်နေသည်ကို ကြည့်ခြင်းအားဖြင့် သူတို့နယ်မြေ၏ စီးပွားရေးလုပ်ငန်းများကို ဖျက်မှာ၊ ပိုက်လိုင်းတွေကို ဖောက်ခွဲမှာ၊ စက်ရုံတွေကို မိုင်းခွဲမှာ သေချာပေါက်သိထားသဖြင့် ထိရောက်စွာ(မလှုပ်နိုင်အောင်) အရေးယူဆောင်ရွက်(တင်ကြိုချေမှုန်း)သွားမည်ဟုဆိုလိုသည်။
နိုင်ငံတကာက လာရောက်ရင်းနှီးမြှုပ်နှံမည့် စီမံကိန်းတောင် ကာကွယ်စောင့်ရှောက်မည်ဆိုမှဖြင့် လောလောလတ်လတ် နိုင်ငံတကာအကူအညီပေးရေးလုပ်ငန်းစဉ်များကို နှောင့်ယှက်တားဆီးပိတ်ပင်နေမှုများကိုလည်း လဥခြင်ကိုက်သည်ဟု သဘောမထားတော့ကြောင်း သွယ်ဝိုက်ပြောဆိုလိုက်ခြင်းပင်။
၄- နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (သို့မဟုတ်) ပုဂ္ဂိုလ်များအပေါ် အနှောင့်အယှက်ပေးခြင်း၊ ဆက်ကြေးတောင်းခြင်း စသည့် ပြစ်မှုကျူးလွန်သူ မည်သူကိုမဆို ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဆိုသည်ကတော့ သူ့ဘက် ကိုယ့်ဘက် ဂိတ်ဖွင့်ဆောင်ရွက်နေသူများ၊ ဘာကြေး ညာကြေး ခွဲသူများ၊ ဟိုပွဲ ဒီပွဲ စီစဉ်သူများကို ဆိုလိုပါသည်။
၅- အကြမ်းဖက်လုပ်ရပ်အား ကျူးလွန်သူများ၊ ရာဇဝတ်မှုကျူးလွန်သူများအား အကာအကွယ်ပေးနေသူများကို ဖြိုခွင်းတိုက်ခိုက်အရေးယူသွားပါမည် ဆိုသည်ကတော့ တရုတ်ကြီးကို တိတိလင်းလင်း သတိပေးခြင်းပင်။ ပူတင်လည်း ပါသည်။ အိန္ဒိယနှင့် ထိုင်းစစ်တပ်ပါ ရိပ်မိကြဆိုသည့်သဘောပင် ဖြစ်သည်။ အနီးကပ်ဆုံးကတော့ ပြည်တွင်းက ဘုရားဒကာများနှင့် ပြည်သူ့စစ်များ ပြေးနိုင်မှ လွတ်တော့မည်။
၆-မှာ လူကုန်ကူးခြင်းနှင့် အတင်းအဓမ္မ လုပ်အားခိုင်းစေသူများကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဆိုတာကတော့ ရှုပ်နေသည့်တရုတ်တွေ လစ်တော့ဟု တိုက်ရိုက်ဆိုပြီး ရဲလုပ်ငန်း၊ တရားစီရင်ရေးလုပ်ငန်း၊ အုပ်ချုပ်ရေးလုပ်ငန်းများ ငါတို့လုပ်တော့မည်၊ စကစခန့်ထားသူများနှင့် လားလားမျှမဆိုင်၊ မင်းတို့ Non တွေလည်း လစ်တော့ဟု သွယ်ဝိုက်ပြောလိုက်ခြင်းပင်။
၇- အကြမ်းဖက်လုပ်ရပ်များအား ကျူးလွန်လညသောသူများကို တွေ့ရှိပါက မိမိတို့ထံ အချိန်မီ သတင်းပို့ကြပါရန် မေတ္တာရပ်ခံပါသည်ဆိုတာကတော့ လုပ်ထုံးလုပ်နည်းအရ ထည့်ထားခြင်းသာဖြစ်ဟန်ရှိသည်။ လဥတက်ကိုက်နေသောခြင်ကို မြင်၊ အဲ ဆင်ကောင်ကြီးကို မြင်ပြီးဖြစ်သည်။
၈-မှာ မြန်မာပြည်သူလူထုတရပ်လုံးနှင့် မိမိတို့ တော်လှန်ရေးအဖွဲ့အစည်းများအပေါ် အားပေးထောက်ခံကြသောသူများအနေဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေး၊ အကြမ်းဖက်တိုက်ဖျက်ရေးနှင့် ရာဇဝတ်မှု ကျူးလွန်သည့်လုပ်ရပ်များအား ချေမှုန်းရေးလုပ်ငန်းများတွင် အတူတကွ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကြပါရန် မိမိတို့ညီနောင်မဟာမိတ်(၃)ဖွဲ့မှ အထူးတိုက်တွန်းအပ်ပါသည်ကတော့ဖြင့် မွန်ပြည်သစ်က နိုင်ဟံသာကို လာတိုက်စို့ဟု ခေါ်လိုက်ပြီး NUG ၏ တသံတည်းညီ တချီတည်းရုံး ပေါင်းဝုန်းကြစို့ဟု ဆိုလိုရင်း ဖြစ်ပါကြောင်း။
ထန်းရည်တမြူ သောက်တော်မူ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar