မန္တလေး-မြစ်ကြီးနား ကားလမ်းနံဘေး နမ်ဆန်ယန်မှာ ကေအိုင်အေနဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲဖြစ်၊ ရန်ကုန်မြို့နဲ့ဆက်သွယ်ထားတဲ့ ကားလမ်းပိုင်းတွေကို PDF ဘက်က သွားလာချိန်ကန့်သတ်
မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၃ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၄၊ ၂၀၂၃
မန္တလေး-မြစ်ကြီးနား ကားလမ်းနံဘေး နမ်ဆန်ယန်မှာ ကေအိုင်အေနဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲဖြစ်၊ ရန်ကုန်မြို့နဲ့ဆက်သွယ်ထားတဲ့ ကားလမ်းပိုင်းတွေကို PDF ဘက်က သွားလာချိန်ကန့်သတ်
တိုက်ပွဲကြီးကြီးမားမား လနဲ့ ချီမဖြစ်ပွားပဲရှိခဲ့တဲ့ ကချင်ပြည်နယ် ရဲ့ ဒေသတွေဖြစ်တဲ့ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်တို့အနက်က ဝိုင်းမော်မြို့နယ်ထဲက နမ့်ဆန်ယန် ကျေးရွာတဝိုက်မှာ စစ်ကောင်စီနဲ့ ကေအိုင်အေ တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံအများအပြား ထွက်ပြေးတိမ်း ရှောင်နေကြရတယ်လို့ သတင်းတွေမှာ ဖော်ပြလျက်ရှိတာ တွေ့ရပါတယ်။
ဝိုင်းမော်မြို့နယ်ထဲက နမ့်ဆန်ယန် ကျေးရွာဟာ မန္တလေး နဲ့ မြစ်ကြီးနားကို ဆက်သွယ်ထားတဲ့ ကားလမ်းပေါ်မှာရှိသလို ကေအိုင်အေဌာနချုပ် လိုင်ဇာနဲ့ မိုင်အနည်းငယ်သာအကွာအဝေးရှိတဲ့ ကျေးရွာဖြစ်ပါတယ်။ ကေအိုင်အေနဲ့ စစ်ကောင်စီတပ်တွေအကြား မကြာခဏ တိုက်ပွဲဖြစ်ပွားတဲ့ ဒေသအနေနဲ့ ဆိုရင် ကျောက်စိမ်းထွက်ရှိတဲ့ ဖားကန့် ဒေသ၊ တနိုင်းတို့ဖြစ်ပေမယ့် မြစ်ကြီးနား၊ ဝိုင်းမော်တို့လိုမှာ တိုက်ပွဲမဖြစ်ပွားတာ လနဲ့ချီရှိခဲ့ပြီးနောက် အခုတဖန် ပြန်လည် ဖြစ်ပွားလာတာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ခုနှစ် သြဂုတ်လ ဝန်းကျင်မှာ ကချင်ပြည်နယ် မိုးမောက်၊ ကုန်းလော ဒေသတွေမှာ သီတင်းပတ်နဲ့ ချီပြီး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တာတွေ ရှိခဲ့ပါတယ်၊ တဖန် ယမန်နှစ်နဲ့ ခုနှစ်စောစောပိုင်းမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဖတ်ကာ ဘက်မှာ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာတွေ ရှိပါတယ်။ အဲဒီတိုက်ပွဲတွေ အပြင်ပြင်းထန်တဲ့ တိုက်ပွဲတွေက ဖားကန့် တဝိုက်မှာ အများဆုံး ဖြစ်ပွားခဲ့တာလို့ ဆိုနိုင်ပါတယ်။
ကေအိုင်အေလက်နက်ကိုင်အဖွဲ့အနေနဲ့ ကချင်ပြည်နယ်ထက် ကချင်ပြည်နယ်နဲ့ထိစပ်နေတဲ့ စစ်ကိုင်း တိုင်းထဲက ဒေသအများအပြားမှာ PDF တွေနဲ့ ပူးပေါင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားနေခဲ့ပြီး စစ်ကောင်စီ အနေနဲ့ ကေအိုင်အေအဖွဲ့ ကို စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း၊ ချင်းပြည်နယ်ရဲ့ ဒေသအချို့တွေမှာ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကို လက်နက်နဲ့ စစ်ရေးတိုက်ခိုက်ရေး အကြံဥာဏ်တွေပေးတာတွေ လုပ်ဆောင်နေတယ်လို့ ယူဆထားတာလည်း ဖြစ်ပါတယ်။
ဒီနေ့အတွက် နောက်ထပ် သတင်းအကြောင်းအရာ တခုကတော့ ရန်ကုန်-မန္တလေး ကားလမ်းပိုင်းနဲ့ ရန်ကုန်-မော်လမြိုင်၊ ဘားအံ ကားလမ်းပိုင်းတွေကို သက်ဆိုင်ရာ ဒေသပြည်သူ့ကာကွယ်ရေး နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက ည ၆ နာရီနောက်ပိုင်း သွားလာခြင်း မပြုဖို့ သတိပေး တားမြစ်ချက် ထုတ်ပြန်လိုက်တဲ့ သတင်းဖြစ်ပါတယ်။ ရန်ကုန်-မန္တလေး လမ်းပိုင်းကို ပဲခူးတိုင်းထဲက တောင်ပိုင်းစစ်ဒေသ လက်အောက်ရှိတဲ့ စစ်ဒေသခွဲ အမှတ် ၂ က ထုတ်ပြန်လိုက်ပြီး ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းနဲ့ ပဲခူး-စစ်တောင်းလမ်းပိုင်းတွေ ပါဝင်ပြီး တဖန် ရန်ကုန်-မော်လမြိုင်၊ သထုံ၊ ဘားအံလမ်းပိုင်းရဲ့ ပဲခူးတိုင်းထဲက လမ်းပိုင်းလည်းပါဝင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်-ပြည်လမ်းပိုင်းမှာရှိတဲ့ လက်ပံတန်း စတဲ့အပိုင်းတွေလည်း အကျုံး ဝင်နေတာတွေ့ရပါတယ်။
အခုလို အဓိက ကုန်သွယ်ရေး နဲ့ ဆက်သွယ်ရေးမှာ အားထားအသုံးပြုနေကြတဲ့ ရန်ကုန်-မန္တလေး နဲ့ ရန်ကုန်-မော်လမြိုင်၊ ဘားအံ လမ်းပိုင်းတွေကို အချိန်ကန့်သတ်ရခြင်း အကြောင်းနဲ့ ပတ်သက်လို့ PDF တွေဘက်ကတော့ တိုက်ပွဲအရှိန်မြင့်တော့မှာဖြစ်တာကြောင့် စစ်ကောင်စီဘက်က လူ၊ လက် နက်၊ ရိက္ခာဖြည့်တင်းမှုတွေကို တားဆီးဖို့ ကြိုးပမ်းမှုတခုအဖြစ်နဲ့ ပြောဆိုထားတာလည်း တွေ့ရပါတယ်။ မကြာသေးခင် ရက်ပိုင်းက ရန်ကုန်-မော်လမြိုင်လမ်းပိုင်း သထုံနဲ့ ဘီးလင်းအကြားက ကျုံအိတ်တံတားတခြမ်းကို ကေအန်ယူ သထုံခရိုင်က ဖောက်ခွဲခဲ့ပြီး အရပ်ဖက်ဌာနဆိုင်ရာတွေနဲ့ လုံ ခြုံရေးတပ်ဖွဲ့တွေ တံတားပျက်စီးမှုကိုလာရောက်စစ်ဆေးချိန်မှာ ထပ်မံတိုက်ခိုက်ခဲ့လို့ အနည်းဆုံး ၁ ဦးသေဆုံးပြီး ဆယ်ဂဏန်းနဲ့ ဒဏ်ရာရရှိခဲ့ပါတယ်။ အဆိုပါအဖြစ်အပျက်မတိုင်မီ သီတင်းပတ်အနည်းငယ်က ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်ထဲက စစ်တောင်းမြစ်ကိုဖြတ်ပြီးတည်ဆောက်ထားတဲ့နတ်သံကွင်း တံတားကိုလည်း ကေအန်ယူဘက်က ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။ နတ်သံ ကွင်းတဝိုက်တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် ကေအန်ယူဘက်က တံတားကိုဖောက်ခွဲဖျက်ဆီးလိုက်တာ ဖြစ်ပါတယ်။
အခုလို အဓိကကျတဲ့ကုန်သွယ်ရေး လမ်းကြောင်းပေါ်က တံတား၊ ကားလမ်းအသုံးပြုချိန်တွေကို ကန့်သတ်လိုက်ခြင်းက အဆိုပါဒေသတွေနဲ့ဆက်စပ်နေတဲ့ ပြည်နယ်နဲ့ တိုင်းတွေက လူထုတွေရဲ့ ကုန်စည်ပို့ဆောင်မှု၊ ကုန်ကျစရိတ်၊ ကုန်ပစ္စည်း စျေးနှုန်းကြီးမြင့်လာမှုတွေကို ဖြစ်ပေါ်စေနိုင်တာ ဖြစ်ပါတယ်။ စစ်ကောင်စီ အနေနဲ့လည်း လက်နက်၊ လူ၊ ရိက္ခာ ဖြည့်တင်းတာ၊ လဲလှယ်တာတွေမှာ ကုန်းလမ်းကို အားထားနေကြတာ အမှန်ပင်ဖြစ်ပေမယ့်လည်း မြန်မာနိုင်ငံ စီးပွားရေး မြို့တော် ဖြစ်တဲ့ ရန်ကုန်နဲ့ ပြည်နယ်တိုင်း အတော်များများကို ကုန်စည်ပို့ဆောင်ရေး ခရီးသွားလာရေးအတွက် ဒီလမ်းပိုင်းတွေကို အများစု အားထားနေကြရတာလည်း ဖြစ်ပါတယ်။ ညပိုင်း အချိန်ကန့်သတ်ချက်တွေက ကုန်စည်ပို့ဆောင်ရေးကားတွေ နဲ့ ခရီးသည်အမြန်ယာဥ်တွေကို အချိန်ပိုကြာမြင့်စေတာ ကုန်ကျစရိတ်ပိုမြင့်တက်လာစေတာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ တဖက်မှာလည်း PDF တွေဟာ လမ်းတံတားတွေ ဖျက်ဆီးတာမျိုးတွေ လုပ်ဆောင်တဲ့ အဖျက်သမား သောင်းကျန်းသူ အဖြစ် စစ်ကောင်စီဘက်က ဝါဒဖြန့်ပုံဖော်ဖို့အတွက် အသုံးချစရာ ဖြစ်လာနိုင်တာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar