Breaking News

ကိုသန်းလွင် - မလေးရှားဝန်ကြီးချုပ် အန်နဝါ၏ ပြဿနာ

ကိုသန်းလွင် - မလေးရှားဝန်ကြီးချုပ် အန်နဝါ၏ ပြဿနာ

(မိုးမခ) ဇူလိုင် ၃ ၊ ၂၀၂၃


( ၁ )

မလေးရှားနိုင်ငံတွင် ဇွန်လဆန်းက ကျင်းပခဲ့သော အန်နို (UMNO- United Malay National Organization) မလေးအမျိုးသားအစည်းအရုံး၏ နှစ်ပတ်လည်အစည်းအဝေးပွဲတွင် ထင်းရှားသော ဖြစ်ရပ်ကြီး နှစ်ခု ဖြစ်ပေါ်ခဲ့ပါသည်။ ၂၅ နှစ်ကျော်မျှ ပါတီမှ ထုတ်ပယ်ထားခြင်းခံရသူ ဝန်ကြီးချုပ် အန်နဝါအီဘရာဟင်က ဂုဏ်သရေရှိ ဧည့်သည်တော်အဖြစ် တက်ရောက်လာခြင်းနှင့် နောက်ဖြစ်ရပ်မှာ ပါတီ၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်(Najib Razak) သည် အကျဉ်းချခြင်းခံထားရသဖြင့် မြင်ကွင်းမှ ပျောက်ကွယ်နေခြင်း ဖြစ်ပါသည်။ ပါတီဥက္ကဌဖြစ်သူ ဇာဟစ် ဟာမီဒီ (Zahid Hamidi) သည်လည်း ၎င်းတို့၏ ဌာနချုပ်တည် ရှိရာကမ္ဘာ့ကုန်သွယ်ရေးအဆောက်အဦး၏ကွန်ဖရင့်ခန်းမအတွင်း ကျင်းပသော ညီလာခံကြီးသို့တက်ရောက် ခဲ့ပါသည်။ ထိုခန်းမအတွင်းဝယ် ဝန်ကြီးချုပ်ဟောင်း နာဂျစ်ကို သစ္စာရှိသောစာတမ်းများ၊ အကျဉ်းထောင်မှ လွတ်မြောက်ရေးစာတမ်း ဗီနိုင်းစာများ အစီအရီ  လွင့်ပျံနေပါသည်။ အဖွင့်မိန့်ခွန်းနှင့် အပိတ်မိန့်ခွန်းနှစ်ခုလုံး တွင် ပြစ်ဒဏ်မှ လွတ်လပ်ခွင့်ပေးရန်အရေး ပါဝင်နေခဲ့သည်။ ဤအခင်းအကျင်းတွင် နိုင်ငံတော်ဝန်ကြီးချုပ် အန်နဝါအီဘရာဟင်ကို တွေ့လိုက်ရသောအခါ ယခင်က နိုင်ငံရေးနှင့်ပတ်သက်၍ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို သတိရမိကြပါသည်။

( ၂ )

မလေးအမျိုးသားအစည်းအရုံးခေါင်းဆောင်သော ဘီအန် နေရှင်နယ် (BN Narisan Nasiaonal) အမျိုးသားတပ်ပေါင်းစုသည် ဇူလိုင်လ ၂၀၂၀ တွင် ကျင်းပသော ရွေးကောက်ပွဲတွင် ရှုံးနှိမ့်ခဲ့ပါသည်။ ဝန်ကြီးချုပ်ဖြစ်သူ နာဂျစ်က အာဏာကို အလွဲသုံးစားလုပ်သည်၊ ယုံကြည်မှုကို ဖောက်ပျက်သည်၊ ငွေကြေးခဝါချမှု စသည်တို့ဖြင့် အစွပ်စွဲခံခဲ့ရပါသည်။ နာဂျစ်မှာ မလေးငွေ RM ၁၄၂ သန်းကို နိုင်ငံပိုင် SRC International မှ အလွဲသုံးစားလုပ်မှုဖြင့် ထောင်ဒဏ် ၁၂ နှစ် အပြစ်ပေးခြင်းခံခဲ့ရပါသည်။ အယူခံရုံးနှင့် နိုင်ငံ၏အမြင့်ဆုံး ဖက်ဒရယ်တရားရုံးတို့မှ ပြစ်ဒဏ်ကို ၂၀၂၂ ခုနှစ် သြဂုတ်လအတွင်းက အတည်ပြုပေးခဲ့ပါသည်။

နာဂျစ်၏ရှေ့နေများအဖွဲ့မှ ဤဆုံးဖြတ်ချက်ကို ပြန်လည်စိစစ်ပေးပါရန် တင်ပြခြင်းမှာ ၂၀၂၃ ခု မတ်လတွင် ပယ်ချခံခဲ့ရပါသည်။ တရားဥပဒေအရ လိုက်နာရန် နည်းလမ်းအသွယ်သွယ်ကုန်ဆုံး၍ နောက်ဆုံးတွင် ဘုရင် (King Abdullah Ahmad Shah) မှ ပြစ်ဒဏ်ကို ဖြေလျှော့ခွင့် (Pardon) တစ်ခုသာ ကျန်ပါတော့သည်။

အာတီကယ် ၄၂(၁) အရ ဘုရင်မင်းမြတ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေမှ သတ်မှတ်ချက်မှာ ကွာလာလမ်ပူ၊ ပူတရာဂျာယာနှင့် လဘွန်းနယ်များတွင် ကျူးလွန်သည့် အမှုများအတွက် ခွင့်လွှတ်ပေးနိုင်ပါသည်။ ဤသို့ လွတ်ငြိမ်းခွင့်ပေးရန်အတွက် ဘုရင့်အပေါ်တွင် နောက်ဆုံး မူတည်သော်လည်း ဘုရင့်ထံသို့ အကြံပေးကောင်စီ Pardon Board က တင်ပြပေးရပါသည်။ နာဂျစ်က သူ့အပြစ်များကို ခွင့်လွှတ်ပါရန် စက်တင်ဘာ ၂ ရက် ၂၀၂၃ ခုနှစ်တွင် တင်ခဲ့သည်။ ယခုအခါ ခွင့်လွှတ်ရန် အကြံပေးရသော ပါဒန်ဘုတ်တွင် ဝန်ကြီးချုပ် အန်နဝါ အီဘရာဟင် ထိုင်လျက်ရှိသည်။ တနည်းပြောရလျှင် သူ့တွင် ခွင့်လွှတ်ပါစေကြောင်း ပြောနေရုံသက်သက် မဟုတ်ဘဲ သူ့လက်ထဲတွင် သြဇာအာဏာရှိလာပြီ ဖြစ်သည်။

ဘုရင်မင်းမြတ်လက်ထဲတွင် ခွင့်လွှတ်ရန် သြဇာအာဏာမှာ ရက်အကန့်အသတ်မရှိပေ။ မည်၍မည်မျှ အကြာတွင် မည်သို့ချမှတ်ရမည်ဟု ပြောဆိုထားခြင်းလည်း မရှိပေ။ နာဂျစ်၏ အသနားခံစာကို မည်သည့် အခါတွင် ကြားနာရမည်ဟု ဆိုထားခြင်းလည်း မရှိ။ မည်သို့ အမိန့်ချရမည် ကိုးကားပြောရန် မလိုပေ။ သို့သော် နာဂျစ်တို့ဘက်က အလျင်စလို နိုင်နေရသည်မှာ မလေးရှားနိုင်ငံတွင် လာမည့်ရွေးကောက်ပွဲ ကျင်းပမည့်နေ့မတိုင်မီ ဖြစ်ဖို့လိုသည်။ ဝန်ကြီးချုပ်အန်နဝါ၏ အနေဖြင့်ပြောရလျှင် သူ့ကို ခွင့်လွှတ်သည့်တိုင် ဖြစ်လာနိုင်သည့် မတည်ငြိမ်မှုများကို ရှောင်ရှားရန် ရွေးကောက်ပွဲမတိုင်မီတော့ မဖြစ်စေချင်သေးပေ။

ယခင်က ထိုကဲ့သို့ ခွင့်လွှတ်ခြင်း ခံရသူများမှာ အနည်းဆုံး ထောင်ဒဏ်ကိုတော့ ကာလတခုအထိ ကျခံရမြဲပင် ဖြစ်သည်။ ဟာရန် အိုင်ဒရစ် (Haran Idris) ဆိုလျှင် ပြည်နယ်ဝန်ကြီးချုပ် ဖြစ်ပြီး ထောင်ထဲတွင် ၅ နှစ်မျှနေပြီး ခွင့်လွှတ်ခြင်းကို ခံယူခဲ့သည်။ အန်နို၏ ကတ်ဘိနက်ဝန်ကြီးဟောင်း မိုတာဟာစရှင်း (Mokhtar Hashim) သည် ၉ နှစ်အထိ ထောင်ထဲမှာ နေခဲ့ရသည်။ အန်နဝါ ကိုယ်တိုင်မှာလည်း ၂၀၁၅ ခုနှစ်က ထောင်ကျခဲ့ရာ ဘုရင်က ခွင့်လွှတ်သည်အထိ ထောင်ထဲတွင် ၃ နှစ် မျှနေခဲ့ရသည်။

နာဂျစ်မှာ သူ ကျသည့် ၁၂ နှစ်၏ ပထမ တစ်နှစ်ပြည့်အောင်ပင် ထောင်ထဲတွင် မနေရသေးပေ။ ဒုတိယ အချက်အနေဖြင့် နာဂျစ်တွင် အခြားပြစ်မှုများ ရှိသေးသည်။ အာဏာကို အလွဲသုံးစားလုပ်မှု တစ်မှုသာ ၂၀၁၃ ခုနှစ်က ပလပ်ခံခဲ့ရသည်။ သူ့တွင် ရင်ဆိုင်ရန် အမှု ၃ ခု ကျန်ရှိနေပြီး လာဘ်စားမှု၊ အာဏာကို အလွဲသုံးစားလုပ်မှု၊ ငွေကြေးခဝါချမှုနှင့် ယုံကြည်မှုကို ဖောက်ဖျက်ခြင်းကိစ္စများမှာ အမှုမရင်ဆိုင်ရသေးပေ။ ထိုအချက်များမှာ သူ့ကို ခွင့်လွှတ်ခြင်း ကိစ္စကို ရှေ့ကိုမတိုးနိုင်အောင် တားဆီးလျက်ရှိပါသည်။

ပြစ်ဒဏ်တခုအတွက် အပြစ်ရှိသည်ဟု ချမှတ်ထားသောကြောင့် နာဂျစ်အနေဖြင့် အခြားကိစ္စများတွင်လည်း အပြစ်ရှိသည်ဟု ယူဆရန်သာရှိပေသည်။ သို့သော် နာဂျစ်မှာ အများအပြင်တွင် လူချစ်လူခင် ပေါများသူတစ်ယောက် ဖြစ်နေသည်။ နာဂျစ်မှာ ယနေ့တိုင် ပေါ်ပြူလာဖြစ်နေသေးသည်ဟု ယူဆနိုင်ဖွယ်ရာ အချက် ၃ ချက်ရှိသည်။

ပထမဦးစွာ နာဂျစ်အပေါ် ပါတီဝင်အများစုက လေးစားချစ်ခင်နေကြဆဲပင် ရှိသေးသည်။ ၎င်းတို့မှာ သူ့တို့ကိုယ်တိုင် ခြစားမှုများနှင့် အပြစ်ပေးခံရဖွယ်ရှိနေပြီး ပါတီခေါင်းဆောင်ပိုင်းမှ လူများဖြစ်သည်။ ၎င်းတို့မှာ ပါတီ၏ (Supreme Council) တွင် ပါဝင်သူများ ဖြစ်သည်။

ဒုတိယအုပ်စုမှာ ပါတီ၏ အခြေခံလူတန်းစားဟု ခေါ်နိုင်သော (grass root leaders) အများအပြား ပါဝင်သည်။ တိုင်းသူပြည်သားများအနေဖြင့် သူ့လက်ထက်ကချမှတ်ခဲ့သော ပေါ်လစီများ၊ အစီအစဉ် များ၏ အသီးအပွင့်ကို ခံစားနေကြရဆဲ ဖြစ်ပါသည်။ ဝင်ငွေနည်းပါးသည့် ဝန်ထမ်းများအတွက် ထောက်ပံ့ရေး အစီအစဉ်၊ ဆင်းရဲသားများ ဆေးကုသနိုင်သည့် အစီအစဉ်၊ အခြားသော လူထုကို အကျိုးပြုအစီအစဉ်များ မြောက်မြားစွာ ချမှတ်ခဲ့သည်။

တတိယအချက်မှာ နာဂျစ်၏ မဲဆွယ်နိုင်မှု ဖြစ်သည်။ မဲဆွယ်စဉ်ကာလက သူသည် မလေးရှား လူဆင်းရဲများ သုံးသော ဆိုင်ကယ်တစ်စီးဖြင့် “ကျွန်တော့် ဆရာမှာ အပြစ်မရှိပါ” (Malu Apa Bossku) ဟူသော ဗီနိုင်းစာတမ်းနှင့် လှည့်လည်ခဲ့သည်။ ၂၀၁၉ ခုနှစ်က တွစ်တာအကောင့်တွင် တွေ့ကြရသော Bossku ဟူသော ဝေါဟာရမှာ သူ့ကြောင့် မလေးရှားတွင် ခေတ်စားလာသော ဝေါဟာရအသစ် ဖြစ်သည်။ ထို့နောက် ရွေးကောက်ပွဲတွင် အန်နို၏ အမည်မှာ ရေပန်းစားခဲ့ပြီး ဘာရီဆန်နေရှင်နယ်က အောင်ပွဲမခံခဲ့ရသော်လည်း အစိုးရအဖွဲ့တွင် ပါဝင်နိုင်သည်အထိ အခြေအနေကောင်းမွန်ခဲ့သည်။

အကယ်၍ နာဂျစ်၏ အသနားခံစာ တင်သွင်းခြင်းသည် ငြင်းပယ်ခံရပါက အန်နို ဥက္ကဋ္ဌ ဇာဟစ် မှာ  အဓိကတာဝန်ပျက်ကွက်သူ ဖြစ်သည်။ ပါရကန် ဟာရာပန် (Pakaran Harapan) နှင့် ဆွေးနွေး၍ အစိုးရတွင် ပါဝင်ခဲ့ခြင်းမှာ မိမိ ၏မာန (Pride) ကို ရိုက်ချိုး၍ ပူးပေါင်းခဲ့ရခြင်းဖြစ်ပြီး ပါတနာအနေနှင့် ရရှိသော မဲအရေအတွက်အရ ဂျူနီယာ ပါတနာသာလျှင် ဖြစ်ပါသည်။ နာဂျစ် လွတ်မြောက်ရေးအတွက် မကြိုးပမ်းနိုင်ခဲ့လျှင် သူ၏ပုံရိပ်မှာလည်း ကောင်းနိုင်တော့မည် မဟုတ်ချေ။ ပါတီတွင်းမှ ထုတ်ပယ်ခဲ့သူများနှင့် နာဂျစ်အပေါ် သစ္စာစောင့်သိ ရိုသေသူများမှာ ရန်သူဖြစ်သွားနိုင်သည်။ ဝန်ကြီးချုပ် အန်နဝါနှင့် ဆက်ဆံရေးမှာလည်း ပျက်ပြားသွားနိုင်ပြီး အစိုးရ၏ ရပ်တည်ချက်ကိုပါ တိခိုက်နိုင်သည်။

ခွင့်လွှတ်ပါရန် အသနားခံခြင်းသည် အောင်မြင်သွားပါက မလေးရှားနိုင်ငံ၏ နိုင်ငံရေး အခင်းကျင်းသည် နေ့ချင်းညချင်း ပြောင်းလဲသွားဖွယ်ရှိသည်။ ၎င်းသည် အန်နိုသို့ နာဂျစ် ပြန်လည်ရောက်ရှိခြင်းဖြစ်ပြီး မလေးရှား အစိုးရ၏ ပြုပြင်ရေးလုပ်ငန်းများမှာ ရုတ်တရက် ရပ်ဆိုင်းသွားဖွယ် ရှိသည်။

( ၃ )

ပြုလုပ်ရန် ဆန္ဒတစ်ခု ရှိသည်။ ထိုဆန္ဒ ပြည့်ဝသွားပါလျင် မိမိ၏ဆန္ဒကိုပင် ပြန်လည်ထိခိုက်နိုင်ခြေ ရှိသည်။ ထိုအဖြစ်အပျက်ကို Catch – 22 ဟု ခေါ်ပါသည်။ ၁၉၆၁ ခုနှစ်က ထွက်ခဲ့သော ဟယ်လာ (Joseph Heller) ၏ အထက်ပါ နာမည်တူ စာအုပ်တွင် ရေးထားပါသည်။ ဝန်ကြီးချုပ် အန်နဝါအပေါ်ထို Catch-22 အဖြစ်က ခြိမ်းခြောက်လျက်ရှိသည်။ အယ်ဂျာဇီးယား အသံလွှင့်ဌာနနှင့် အင်တာဗျူးတွင် အန်နဝါက သူ့နိုင်ငံသည် မထင်မှတ်သော ဖြစ်ရပ်များ၏ ဖျက်ဆီးမှုကို ခံလိုက်ရကြောင်း၊ သူ လုပ်လိုသော ပြုပြင်ရေးလုပ်ငန်းများကို လုပ်နိုင်စေရန်အတွက် မလေးလူထုကြီးက သူ့နောက်တွင် စည်းရုံးနေဖို့ လိုကြောင်း၊ ပြုပြင်ရေးလုပ်ငန်းများ မလုပ်ပါက နိုင်ငံပျက်စီးသွားဖွယ်ရှိကြောင်း ပွင့်ပွင်းလင်းလင်း ပြောကြားခဲ့သည်။

ညီညွတ်မှုရှိမှဖြစ်မည်ဟု အန်ဝါက ပြောခဲ့ပါသည်။ သူ့အုပ်ချုပ်မှုကို ဆန့်ကျင်သော လုပ်ရပ်များကို ရည်ညွှန်းပါသည်။ ထိုဖြစ်ရပ်များတွင် ယခင် ဝန်ကြီးချုပ်ဟောင်း၏ Pardon နှင့် အကျဉ်းထောင်မှ လွတ်မြောက်ခြင်းများ ပါဝင်နေခြင်းမှာ နိုင်ငံရေး၏ နားလည်ရန်ခက်သော ဖြစ်ရပ်တစ်ခု ဖြစ်ပါသည်။ 

Ref: Najib Dilemma for Malaysia By Joseph Liow The ST Times Jun 27 2023.



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar