Breaking News

အောင်ဝေး - သစ်ပုပ်ပင်ဗိမာန်

Image- Credit
သစ်ပုပ်ပင်ဗိမာန်
အောင်ဝေး
(မိုးမခ) ဇူလိုင် ၇၊ ၂၀၂၃

စစ်ကြီး
ပြီးသွားတဲ့နေ့။
ယူနီယံကြီး
ပြန်ဆောက်ပြီးတဲ့အခါ။

ငြိမ်းချမ်းရေးညစာ
တို့အတူစားကြရင်-
စားပွဲတစ်ဝိုင်းတည်း
အတူထိုင်ကြလို့-

ရုပ်ရှင်တွေထဲကလို
လူတွေမမြင်ရပဲ
ခက်ရင်းတွေကအသားတုံးတွေကိုထိုးလို့
ဓားတွေကအသားစတွေကိုလှီးလို့
ဇွန်းတွေကစွပ်ပြုတ်ရည်တွေသောက်လို့
ဖန်ခွက်တွေကဝိုင်တွေမော့လို့
စီးကရက်တွေကမီးခိုးတွေဖွာလို့
လက်သုတ်ပဝါတွေကပါးစပ်တွေကိုသုတ်လို့-

တို့
တစ်ယောက်ဝိညာဥ်တစ်ယောက်ကြည့်ပြီး
တစ်ယောက်ဝိညာဥ်ထဲကကျည်ဆန်ထိပ်ဖူးကို
တစ်ယောက်ဝိညာဥ်ကထွင်ပေးလို့-
ဘယ်သူ့ဝိညာဥ်ထဲကျည်ဆန်ထိပ်ဖူးအများဆုံးလဲ
ငါတို့
ဝိညာဥ်တစ်ခုနဲ့တစ်ခုပြိုင်လို့-

ရုပ်ရှင်တွေထဲကလို
လူတွေမမြင်ရပဲ
ငါတို့
ဝမ်းသာဝမ်းနည်း
တစ်ယောက်ဝိညာဥ်တစ်ယောက်ဖက်ပြီး
ငိုကြွေးလိုက်တဲ့အသံ။

သစ်ပုပ်ပင်ကြီးပေါ်က
ငါတို့နာမည်တွေရေးထားတဲ့
သစ်ရွက်တွေ
လှုပ်သွားတယ်။   ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar