Breaking News

နေချိုသွေး - တော်လှန်ရေးကောင်စီ မဆလပါတီနဲ့ ဆဲဗင်း ဇူလိုင်

၁၉၆၂ ဆဲဗင်းဂျူလိုင် အရေးတော်ပုံမြင်ကွင်း
တော်လှန်ရေးကောင်စီ မဆလပါတီနဲ့ ဆဲဗင်း ဇူလိုင်
နေချိုသွေး
(မိုးမခ) ဇူလိုင် ၇၊ ၂၀၂၃

မြန်မာနိုင်ငံမှာ ပြည်သူလူထုက ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားတဲ့ ပါလီမန် ဒီမိုကရေစီအစိုးရဆီကနေ စစ်တပ်က အာဏာသိမ်းမှုကိုစတင်ခဲ့တဲ့နောက် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ကျောင်းသားတွေကို ပထမဦးဆုံးစတင် အကြမ်းဖက် ပစ်ခတ်သတ်ဖျက်ခဲ့တဲ့ ဆဲဗင်းဇူလိုင်အရေးအခင်း...။
၂၀၂၃ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာကျရောက်တဲ့ ဆဲဗင်းဇူလိုင် ကျောင်း သားအရေးတော်ပုံ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခံရမှု(၆၁) နှစ်ပြည့်ခဲ့ပြီ။
၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် ““ တော်လှန်ရေးကောင်စီ ”” ဆိုပြီး အဖွဲ့ဝင်(၁၇) ယောက်နဲ့ ဖွဲ့စည်းခဲ့ကြတယ်။
တော်လှန်ရေးကောင်စီမှာ ပါဝင်တဲ့ အဖွဲ့ဝင်အဓိက(၁၇)ယောက်စရင်းကို မသိသေးသူတွေ သိအောင် သိပြီးသူတွေလည်း အမှတ်မမှားအောင် ခိုင်လုံတဲ့အချက်အလက်တွေကို ရှာဖွေစုဆောင်း စရင်းပြုပြီး ရေးသား ဖော်ပြလိုက်ပါတယ်။

(၁) ဗိုလ်ချုပ်ကြီးနေဝင်း - ဥက္ကဋ္ဌ။ (၂) ဗိုလ်မှူးချုပ်အောင်ကြီး-အဖွဲ့ဝင်။
(၃) ဗိုလ်မှူးချုပ်သန်းဖေ-အဖွဲ့ဝင်။ (၄) ဗိုလ်မှူးချုပ်တီကလစ်-အဖွဲ့ဝင်။
(၅) ဗိုလ်မှူးချုပ်တင်ဖေ-အဖွဲ့ဝင်။ (၆) ဗိုလ်မှူးချုပ်စန်းယု-အဖွဲ့ဝင်။
(၇) ဗိုလ်မှူးချုပ်စိန်ဝင်း-အဖွဲ့ဝင်။ (၈) ဗိုလ်မှူးကြီးသောင်းကြည်-အဖွဲ့ဝင်။ (၉) ဗိုလ်မှူးကြီးကြည်မောင်-အဖွဲ့ဝင်။ (၁၀) ဗိုလ်မှူးကြီးမောင်ရွှေ-အဖွဲ့ဝင်။ (၁၁) ဗိုလ်မှူးကြီး သန်းစိန်-အဖွဲ့ဝင်။
(၁၂) ဗိုလ်မှူးကြီးကျော်စိုး-အဖွဲ့ဝင်။ (၁၃) ဗိုလ်မှူးကြီးစောမြင့်-အဖွဲ့ဝင်။
(၁၄) ဗိုလ်မှူးကြီးချစ်မြိုင်-အဖွဲ့ဝင်။ (၁၅) ဗိုလ်မှူးကြီးခင်ညို-အဖွဲ့ဝင်။
(၁၆) ဗိုလ်မှူးကြီးလှဟန်-အဖွဲ့ဝင်။ (၁၇) ဗိုလ်မှူးကြီးတန်ယုဆိုင်-အဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးကောင်စီအစိုးရအဖွဲ့နဲ့ ရာထူးဌာနတွေကို ဖွဲ့စည်းခဲ့ကြတယ်။
ဗိုလ်ချုပ်ကြီးနေဝင်း-တော်လှန်ရေးကောင်စီဥက္ကဋ္ဌ။(ကာကွယ်ရေးဝန်ကြီး ဌာန၊ ဘဏ္ဍာရေးနှင့်အခွန်တော်ဝန်ကြီးဌာန၊ တရားရေးဝန်ကြီးဌာန)၊ဗိုလ်မှူးချုပ်အောင်ကြီး-(ကုန်သွယ်မှုနှင့်ကူသန်းရောင်းဝယ်ရေးဝန်ကြီ းဌာန၊ စက်မှူလက်မှူဝန်ကြီးဌာန)၊ ဗိုလ်မှူးချုပ်တင်ဖေ-(လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးဌာန၊ သမဝါယမနှင့်ကုန်စည်ဖြန့်ဖြူးရေးဝန်ကြီးဌာန)
၊ ဗိုလ်မှူးချုပ်သန်းဖေ- (ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန)
၊ ဦးသီဟန်- (နိုင်ငံခြားရေးဝန်ကြီးဌာန၊ အလုပ်သမားရေးဝန်ကြီးဌာန၊ အိမ်ယာဆောက်လုပ်ရေးဝန်ကြီးဌာန၊ သတ္ထုတွင်းဝန်ကြီးဌာန )
၊ ဗိုလ်မှူးကြီးကျော်စိုး-(ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန)
၊ ဗိုလ်မှူးကြီးစောမြင့်-(ပြန်ကြားရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာန)၊ ဒုဗိုလ်မှူးကြီးဘနီ-(လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန) ဆိုပြီး ဝန်ကြီးဌာနတွေအပြင် ၁၉၆၂ခုနှစ် မတ်လ ၅ ရက်နေ့မှာ နောက်ထက် တိုးချဲ့ဖွင့်လှစ်ပြီး တာဝန်ယူထားသူတွေနဲ့ ဝန်ကြီးဌာန စရင်းတွေကတော့ ...
ဗိုလ်ချုပ်ကြီးနေဝင်း-(ဝန်ကြီးချုပ်ရုံး အမျိုးသားစီမံကိန်း)
ဗိုလ်မှူးချုပ်အောင်ကြီး-(ပစ္စည်းထောက်ပံ့ရေး)
ဗိုလ်မှူးချုပ်တင်ဖေ-(လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး)
ဦးသီဟန်-(ပြည်သူ့လုပ်ငန်းပြန်လည်ထူထောင်ရေး )
ဗိုလ်မှူးကြီးကျော်စိုး-(ဒေသန္တရအုပ်ချုပ်ရေး၊သာသနာရေး)
ဗိုလ်မှူးကြီးစောမြင့်-(ကယ်ဆယ်ရေးလူမှုဝန်ထမ်း )
ဒုဗိုလ်မှူးကြီးဘနီ-(သယ်ယူပို့ဆောင်ရေး)ဆိုပြီး ရာထူးဌာနတွေကို ဖွဲ့စည်းခဲ့ကြပါတယ်။

နိုင်ငံရေးပါတီအနေနဲ့ ““မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ”” ဆိုပြီးဖွဲ့ စည်းခဲ့တယ်။ ၁၉၆၂ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ ရတနာပုံရေတပ်စခန်းမှာ ကျင်းပတဲ့တပ်မတော်တပ်မှူးတွေအများဆုံးပါဝင်တဲ့ညီလာခံမှာ တော် လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်းအ‌နေနဲ့ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်စနစ်နဲ့ နိုင်ငံတည်ဆောက်ရေးလမ်းစဉ်ချမှတ်‌ကြောင်း ပြောကြားခဲ့တယ်။ ကမ္ဘာသိ ကွန်မြူနစ် ဆိုရှယ်လစ်လမ်းစဉ် စနစ်မျိုး မဟုတ်ဘဲ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်စနစ်လမ်းစဉ်ကို ပြုစုရေး သားသူမှာ ဦးချစ်လှိုင်ဆိုသူဖြစ်ပြီး နှစ်ပတ်အတွင်း အပြီးရေးသားခဲ့တယ်လို့ ထိုညီလာခံမှာ လေထွားပြီး ပြောကြားခဲ့တယ်လို့ သိရတယ်။
ဦးချစ်လှိုင်ဆိုသူမှာ ကွန်မြူနစ်ပါတီအဖွဲ့ဝင်ဖြစ်ပြီး (ဗ က ပ) တောခိုရာမှာ လိုက်ပါမသွားဘဲ အစိုးရ စစ်တပ်သတင်းပေးအဖြစ်ရှိနေခဲ့ပြီး အဲ့ဒီခေတ်မှာ ကိုကိုမောင်ကလောင်နာမည်နဲ့ မဆလပါတီ ဖော်လံဖားစာတွေလည်း ရေးသားခဲ့တယ်။
ဗိုလ်ချုပ်ကြီးနေဝင်းက ဦးချစ်လှိုင်ကို မဆလပါတီ ဗဟိုနိုင်ငံရေးသင်တန်းကျောင်းအုပ်ကြီးအဖြစ်သူကောင်းပြုခန့်အပ်ခဲ့တယ်။

၁၉၆၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့မှာ မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ် စနစ်လမ်းစဉ်ပါတီကို ဖွဲ့စည်းတည်ထောင်ကြောင်းကြေညာပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရအဖြစ် အမည်ပြောင်းကြေညာခဲ့တယ်။

နောက်ဆက်တွဲ နိုင်ငံရေးအရွေ့အနေနဲ့ ““ဆဲဗင်းဇူလိုင် ကျောင်းသား အရေးတော်ပုံကြီး‌”” ဖြစ်ပေါ်လာစေတဲ့ နိုင်ငံရေး အခင်းအကျင်းတွေကို လေ့လာမှတ်သားမိသလောက်ရေးသားရရင်...

၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ မ ဆ လပါတီအစိုးရက ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေကို ပစ်ခတ်သတ်ဖြတ်နှိမ်နင်းပြီး သမဂ္ဂ အဆောက်အဦးကြီးကိုပါ ဖြိုချဖျက်စီးခဲ့တယ်။
၁၉၆၂ မတ်လ ၂ ရက်နေ့မှာ ဗိုလ်ချုပ်ကြီးနေဝင်းခေါင်ဆောင်တဲ့ စစ်တပ်က အာဏာသိမ်းမှုကို မတ်လ ၄ ရက်နေ့မှာ *ဗကသ၊ ရကသ၊ တကသ* ကျောင်းသားအဖွဲ့အစည်းတွေက ကန့်ကွက်ကြောင်းပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။
မတ်လ ၆ ရက်နေ့မှာ “ဗကသများအဖွဲ့ချုပ်”ခေါင်းဆောင် ကိုခင်မောင်အုန်း ဆိုသူက တော်လှန်ရေးကောင်စီကိုထောက်ခံကြောင်း လက်မှတ် ရေးထိုးတာကြောင့် “ဗကသများအဖွဲ့ချုပ်” က အမှုဆောင်အစည်းအဝေးခေါ်ယူပြီး ဥက္ကဋ္ဌ ကိုခင်မောင်အုန်းကိုထုတ်ဖယ်ကာ ဒုဥက္ကဋ္ဌ ကိုသက်အား “ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ (ဗကသ) ” ဥက္ကဋ္ဌတင်မြှောက်ပြီး အာဏာသိမ်းတော်လှန်ရေးကောင်စီကိုကန့်ကွက်ကြောင်း ကြေညာခဲ့တယ်။
မေလ ၁၀ ရက်နေ့မှာ ဗိုလ်နေဝင်းက တက္ကသိုလ်ကောင်စီဝင်‌တွေကို ဒဂုံရိပ်သာ‌‌ဆောင်ခေါ်တွေ့ပြီး ဆရာ ဆရာမတွေ အုပ်ချုပ်မှုညံ့ဖျင်းတာကြောင့် ကျောင်းသားတွေကြား နိုင်ငံရေးပယောဂဝင်နေတယ်လို့ ပြောဆိုကာ တက္ကသိုလ်ဌာနအသီးသီးက ပါမောက္ခတွေနဲ့ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်‌တွေပါဝင်တဲ့ တက္ကသိုလ်အမှုဆောင်ကောင်စီကို ဖျက်သိမ်းပစ်ခဲ့တယ်။
အဲဒီ‌လုပ်ရက်က တက္ကသိုလ်အုပ်ချုပ်ရေးကို တော်လှန်ရေးကောင်စီ အ‌‌နေနဲ့ ထပ်မံအာဏာသိမ်းခြင်းဖြစ်ပြီး ကျောင်းသားသမဂ္ဂမှကန့်ကွက်ကြောင်းကြေညာခဲ့တယ်။ မေလ ၁၁ ရက်နေ့မှာ တက္ကသိုလ်နဲ့ ဥပစာကောဋလိပ်က ဥပစာသိပ္ပံ(ခ) တန်းအောင်ကျောင်းသား ကျောင်းသူ‌တွေ သက်ဆိုင်ရာဘာသာရပ်တွေမှာ အနည်းဆုံးရမှတ် ၅၀ ရှိပြီးဘာသာရပ်အားလုံးရဲ့ ပျမ်းမျှအမှတ်မှာ ၅၀ ရာခိုင်နှုန်းရရှိမှသာ ဆေးသိပ္ပံနဲ့ စိုက်ပျိုးရေသိပ္ပံ သစ်တောရေးရာဌာနတွေမှာ ဆက်လက်ပညာသင်ကြားခွင့်ပြုမှာဖြစ်ကြောင်း တော် လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်နေဝင်းကကြေညာခဲ့တယ်။

အဲ့ဒီကြေညာချက်ကို လက်မခံပဲကန့်ကွက်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာသာလှကို မေလ ၁၁ ရက်နေ့မှာ ရာထူးက‌နေဖြုတ်ပစ်ခဲ့တယ်။ ကျောင်းသားတွေဘက်ကနေ ကာကွယ်ပြောဆိုခဲ့တဲ့ မြန်မာစာပါမောက္ခ ဦးအေးမောင်လည်း ရာထူးကနေ ထွက်ခဲ့တယ်။
မေလ ၁၂ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်အဆောင်မှူးတချို့နဲ့လက် ထောက်အဆောင်မှူးတချို့ နှုတ်ထွက်ခဲ့ကြတယ်။
ဇူလိုင် ၃ ရက်နေ့မှာ“ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ(ရကသ)” က‌နေကြီးမှူးပြီး သမဂ္ဂခန်းမမှာ အစည်းအဝေးကျင်းပကာ ကမောက်ကမပညာရေးစနစ်ဖျက်သိမ်းပေးရေး တောင်းဆိုဆန္ဒပြခဲ့ကြတယ်။
ဇူလိုင်လ ၆ ရက်နေ့မှာ တော်လှန်ရေးကောင်စီက တက္ကသိုလ်ဆီးနိတ်နဲ့ကျောင်းဆောင်ကော်မတီကို စစ်တပ်မှအရာရှိတွေကို အရပ်ဘက်ပြောင်းပေးပြီး ခန့်ထား ပြင်ဆင်ဖွဲ့စည်းခဲ့တယ်။
အဲဒီ့‌ခေတ်ကာလက‌နေစပြီး စစ်တပ်ကကောင်‌တွေက အရပ်ဘက်အဖွဲ့အစည်းဌာနတွေမှာ အသွင်ပြောင်းလာပြီး ရာထူးကြီးနေရာကနေတလွဲစီမံအုပ်ချုပ်ကာ ကြီးစိုးမင်းမှုလာခဲ့တာပါပဲ။
တိုင်းပြည်မှာ စစ်တပ်အာဏာရှင်ယန္တရားကို ဌာနတွေရဲ့ ထိပ်ပိုင်းခေါင်း ဆောင်နေရကနေ စတင်လည်ပတ်ဖို့ ဗိုလ်နေဝင်းနဲ့အပေါင်းအပါတွေက စတင်ဖန်တီးခဲ့တာပါပဲ။
*ဗကသ၊ တကသ၊ ရကသ၊ *စတဲ့ သမဂ္ဂအဖွဲ့တွေဦးဆောင်မှုနဲ့တက္ကသိုလ်ကျောင်းသားတွေကနေ ဇူလိုင်လ ၇ ရက်နေ့ နေ့လည် ၁ နာရီမှာ သမဂ္ဂအစည်းအဝေးခန်းမှာ တက္ကသိုလ်အက်ဥပဒေရုပ်သိမ်းခဲ့ခြင်းနဲ့ ကျောင်း သားတွေကို ဖိနှိပ်ချုပ်ချယ်တဲ့လုပ်ရပ်တွေကို ကန့်ကွက်ကြောင်းဆုံဖြတ်ကြေညာခဲ့တယ်။ တက္ကသိုလ်ကျောင်းဝန်းထဲမှာ ကျောင်းသူကျောင်းသား‌ တွေ လှည့်လည်ဆန္ဒပြခဲ့ကြတယ်။
အဲဒီနေ့ နေ့လည် ၂ နာရီ ကျော်ခန့်မှာ ရဲကာ ၂ စီး တက္ကသိုလ်ကျောင်းဝန်းထဲ မောင်းဝင်လာပြီး တကသဥက္ကဋ္ဌ ကိုဗဆွေကလေး၊ ဗကသဥက္ကဋ္ဌ ကိုသက်၊ ရကသအတွင်းရေးမှူး ကိုဥာဏ်ဝင်းအပါအဝင် ကျောင်းသား ခေါင်း ဆောင်တွေကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်။ ညနေ ၄ နာရီခန့်မှာ စစ် သား (တပ်ရင်း-၄) အပြည့်တင်လာတဲ့ စစ်ကား ၂ စီးရောက်လာပြီး တက္ကသိုလ်ဝင်းကျင်တခုလုံး ပိတ်ဆို့ထားလိုက်ကြတယ်။ တပ်ရင်း ၄ မှာဗိုလ်ချုပ်ကြီးနေဝင်ရဲ့ ကိုယ်ရံတော် အထူးတပ်ဖြစ်တယ်။ သေနတ်တွေ ကိုင်ဆောင်ထားတဲ့စစ်သား‌တွေကို တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးလှမြင့်နဲ့ ဒုဗိုလ်မှူးကြီးစိန်လွင်တို့ ဦးဆောင်ပြီးရောက်ရှိလာတယ်။
ကျောင်းသားနဲ့ စစ်တပ်ကြားမှာ အောက်ခြေ ၂ ပေအမြင့်လောက်သာရှိတဲ့ အုတ်မြစ်ပေါ်မှာ အုတ်တိုင်နဲ့ သံတိုင်စိုက်ထားတဲ့အကာရံသာ ခြားနေတယ်။ ဒုဗိုလ်မှူးကြီးလှမြင့်နဲ့ ဒုဗိုလ်မှူးကြီးစိန်လွင်တို့က အချက်ပြလိုက်တာနဲ့ နေရာယူထား စစ်သားတွေက မောင်းပြန်ရိုင်ဖယ်သေနတ်တွေနဲ့ တက္ကသိုလ်ကျောင်းသားထုထဲသို့ တရစပ် ပစ်ခတ်ကြတော့တယ်။

အကြမ်းဖက်ပစ်ခတ်ခံရသူ‌တွေထဲက မကျဆုံးခင် မြောင်းမြနယ်မှကျောင်း သား ကိုကျော်ဝင်းဆိုသူက သူ့ကိုယ်‌သေနတ်ဒဏ်ရာကထွက်တဲ့သွေးနဲ့ မန္တလေးဆောင်နံရံမှာ “ ၇.၇.၆၂ မမေ့ကြနဲ့” လို့ ရေးသွားခဲ့ပါတယ်။

ဆန္ဒပြပွဲကြီးကို ပစ်ခတ်နှိမ်နင်းဖြိုခွဲရန်အတွက် လုံခြုံရေးကော်မတီကို ဗိုလ်ချုပ်ကြီးနေဝင်းကိုယ်တိုင် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်တယ်။

လုံခြုံ‌ရေးကော်မတီအမည်ခံ အကြမ်းဖက်ပစ်ခတ်နှိမ်နင်းရေးအဖွဲ့ကို ပြည်ထဲရေးဝန်ကြီးဗိုလ်မှူးကြီးလှဟန် ဗိုလ်မှူးကြီးစောမြင့် ဗိုလ်မှူးကြီးသန်းစိန်နဲ့ ဒုရဲချုပ်ဘအေးတို့ ဦးဆောင် ပါဝင်ခဲ့ကြတယ်။
ကော်မတီအဖွဲ့ဝင်တွေက နိုင်ငံတော်ပိုင်အသံလွှင့်ရုံမှာရုံးထိုင်ပြီးအနီးကပ်ကွပ်ကဲညွန်ကြားခဲ့ကြတယ်။ ညပိုင်းမှာ ကျောင်းသားတွေကို ပစ်ခတ်နှိမ် နင်းခဲ့တဲ့ စစ်ဗိုလ်စစ်သားအများစုအား အဲ့ဒီခေတ်ကနာမည်ကြီး “နန်ကင်းဟိုတယ်” က‌နေ အစားအသောက်တွေကို မှာယူစားသောက်စေပြီးနောက် ဗိုလ်မှူးကြီးလှဟန်နဲ့ ဗိုလ်မှူးချုပ်အောင်ကြီးတို့က ဗိုလ်ချုပ်ကြီးနေဝင်းထံသတင်းပို့ရန် သွားရောက်ခဲ့ကြတယ်။
ဥက္ကဋ္ဌကြီးနေဝင်းထံရောက်တဲအခါ အခြေနေအရပ်ရပ်ကိုအစီရင်ခံပြီး
သမဂ္ဂအဆောက်အဦးကို ဖြိုချပစ်ရန်ခိုင်းစေညွန့်ကြားမှုနဲ့အတူ အသံလွှင့်ရုံသို့ပြန်လာခဲ့ကြတယ်။
အသံလွှင့်ရုံရောက်တဲ့အခါ ထက်ဆင့်ညွန့်ကြားအမိန့်ပေးပြီး ကျောင်းသား သမဂ္ဂအ‌ဆောက်အအုံကို မိုင်းခွဲဖို့အချက်ပေးပြောကြားခဲ့ကြတယ်။ဗိုလ်မှူးထွန်းရီဆိုသူက သမဂ္ဂအဆောက်အအုံးမှာ တပ်ဆင်ထားတဲ့ ဒိုင်း နမိုက်တွေကို ဇူလိုင် ၈ ရက် မနက် ၃ နာရီခွဲခန့်မှာ ဖောက်ခွဲပစ်လိုက်တယ်။
သမဂ္ဂအဆောက်အဦးအားဖောက်ခွဲမယ့် ဒိုင်းနမိုက်တွေကို ထောက်ကြံ့ ပင်မခဲယမ်းသိုလှောင်ရုံကနေထုတ်ယူခဲ့ပြီး ဒိုင်းနမိုက်တပ်ဆင်ဖောက်ခွဲသူမှာ အင်ဂျင်နီယာတပ်မှ ထားဝယ်သား ဗိုလ်မှူးထွန်းရီဆိုသူ ဖြစ်ပါတယ်။

အဲဒီ့နေ့ည ၇ နာရီ အချိန် မြန်မာ့အသံ ရေဒီယိုက‌နေ အသံလွှင့်တဲ့အခါ ဗိုလ်ချုပ်ကြီးနေဝင်းက “၄င်း တိုင်းပြည်ကိုတာဝန်ယူသည့် အချိန်တွင် တက္ကသိုလ်ကျောင်းသားများ စည်းမဲ့ကမ်းမဲ့ဘဝကို ပြုပြင်ရမည့် တာဝန်ပါကျရောက်နေသောကြောင့် တပ်မတော်၏အင်အားတစိတ်တဒေသကို သုံး၍ ဖြေရှင်းလိုက်သည်” လို့ ပြောကြားခဲ့ပါတယ်။
ကျောင်းသားသမဂ္ဂအဆောက်အအုံဖြိုခွဲခံရအပြီး မြင်ကွင်း

အဲဒီ့နောက် “ ယခုဖြစ်ပျက်သောကိစ္စသည် ကျောင်းသားကိစ္စတခုတည်းသာမက နိုင်ငံရေးအမှောင့်ပယောဂများဖမ်းစားသည်ကို ရိပ်စားမိကြောင်း၊ ၄င်းတို့၏အလုပ်အား ပျက်ကွက်ရန် တမင်လုပ်နေကြလျှင် ၄င်းအနေဖြင့် နောက်ထပ်မည်သည်ကိုမျှ ထပ်မပြောလိုကြောင်း၊ ဓါးကို ဓါးချင်း လှံကို လှံချင်း ဆိုင်ရန်သာရှိတော့ကြောင်း ” ထပ်မံစိန်ခေါ်ပြီး ကြေညာခဲ့တယ်။
၁၉၆၃ ဇူလိုင်လ ကျောင်းတွေပြန်အဖွင့်မှာ သမဂ္ဂအဆောက်အဦးနေရာမှာ ယာယီတဲသမဂ္ဂအဆောက်အအုံကို ကျောင်းသားတွေကနေ ပြန်လည်တည်ဆောက်ကြတယ်။

ဗိုလ်အောင်ကျော်ကျောက်တိုင်နဲ့အတူ အလျား ၇၇ လက်မ အနံ ၆၂ လက်မရှိ ကျောက်တိုင်တခုပြုလုပ်ပြီး (၇ရက် ၇လ ၁၉၆၂ခုနှစ်)မှာကျဆုံးခဲ့တဲ့ ရာကျော်လောက်ရှိတဲ့ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေကို ရည်စူးပြီး *ရာကျော်ကျောက်တိုင်*လို့ အမည်ပေးကာ စိုက်ထူခဲ့ကြသည်။*ရာကျော်ကျောက်တိုင်* ဖွင့်ပွဲမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းအနေနဲ့ ``*ဒီအဆောက်အဦးကိုသာ ဖြိုလို့ရမယ်၊အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကိုတော့ ဘယ်သူမှဖြိုလို့ မရပါဘူး*´´လို့ မိန့်ကြားခဲ့တယ်။

နိုင်ငံအတွင်း ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးဆန္ဒပြပွဲ‌တွေ ဖြစ်ပေါ်လာတဲ့အခါ ကျောင်းတွေပြန်ပိတ်ချိန် ရာကျော်ကျောက်တိုင်နဲ့အတူ သမဂ္ဂယာယီတဲအဆောက်အအုံလည်း ထပ်မံဖျက်စီးခံခဲ့ရပါတယ်။
တိုင်းပြည်မှာ စစ်အာဏာရှင်ယန္တရားကို စတင်အသက်သွင်းခဲ့သူတွေနဲ့ စစ်အာဏာရှင်တွေရဲ့ ရက်စက်ကြမ် းကြုတ်တဲ့လုပ်ရပ်တွေကို သိရှိစေရန် အဲ့ဒီခေတ်ကာလကထုတ်ဝေတဲ့ နေ့စဉ်သတင်းစာတွေကို ရသမျှရှာဖွေပြီး သမိုင်းဆိုင်ရာအချက်အလက်တွေအပြင် ဆဲဗင်း ဇူလိုင် အရေးအခင်းအ‌ကြောင်းရေးထားသမျှကို အလှမ်းမိသမျှဖတ်ရှုမှတ်သားလို့ ဆရာဝင်းတင့်ထွန်း‌ရေးတဲ့ “အမှောင်ကြားက ဗမာပြည်” ၊ဗကပ “သခင်သန်းထွန်း၏‌ နောက်ဆုံးနေ့များ (ပ+ဒု) စာအုပ်” နဲ့ “ ဂျူလိုင်(၇) ရက် ရှစ်လေးလုံးနှင့် တာဝန်အထွေထွေ” ဆိုတဲ့ ဗိုလ်မှူးကြီးတဦးရေးတဲ့ မှတ်တမ်းအချက် အလက်တွေကို အဓိကတိုက်ဆိုင်လေ့လာမှတ်သားကိုးကားပြီး ရေးထားတဲ့ဆောင်းပါးကို နိဂုံးချုပ်လိုက်ရပါ‌တယ် ။ ။

နေချိုသွေး
* ဓာတ်ပုံများကို ဂူဂယ်မှ ယူပါသည်။
မိုးမခ
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar