ဟိန်းထက်ဇော် - ၇ ဂျူလိုင်ရှင်းတမ်းနှစ်စောင်လေ့လာချက် (နိဂုံးပိုင်း ၁ )
၇ ဂျူလိုင်ရှင်းတမ်းနှစ်စောင်လေ့လာချက် (နိဂုံးပိုင်း- ၁ )
ဟိန်းထက်ဇော်
(မိုးမခ) ဇူလိုင် ၇၊ ၂၀၂၃
ကျောင်းသားသမဂ္ဂအဆောက်ဦဖြိုဖျက်ခြင်းရှင်းတမ်း
ဂျူလိုင်၈ ရက်နေ့မနက် လင်းအားကြီးအချိန် မင်္ဂလာယူရမယ့်ကာလမှာထိတ်လန့်တုန်လှုပ်ဖွယ်ရာပေါက်ကွဲသံ ကြီးကပဲ ဗမာပြည်ရဲ့အမင်္ဂလာနံနက်ကို ကြိုဆိုလိုက်ပါတယ်။
The hand that signed the paper felled a city
‘ စာရွက်ကိုလက်မှတ်ထိုးတဲ့လက်ဟာမြို့ကိုဖျက်သတဲ့’ ။
သမိုင်းတန်ဖိုးဖြတ်မရတဲ့ကျောင်းသားသမဂ္ဂကြီးကတော့ ပြိုလဲသွားခဲ့ပြီ။ တက္ကသိုလ်ကျောင်းသားများသာမက ဗမာပြည်သူတရပ်လုံးရဲ့နှလုံးလို့ဆိုရလောက်တဲ့ ကျောင်းသားသမဂ္ဂအဆောက်ဦကြီးပေပဲ။ ယုတ်မာပက်စက် မိုက်ရိုင်းလိုက်တဲ့လုပ်ရပ်တခုပေပ။
အဲ့သလိုတန်ဖိုးထားခံရတဲ့သမဂ္ဂအဆောက်အဦကြီးကို ပက်စက်တဲ့အကြံယုတ်နဲ့ ယမ်းဘီလူးကပ်ပြီးဗုံးခွဲဖြိုချလိုက်တဲ့တရားခံ ရှာကြည့်ကြရအောင်။
အခုထိတော့ ‘တိကျတဲ့တရာခံ" ကို ဝေ့ဝေ့ဝါးဝါး မှုန်မှုန်မွှားမွှားလောက်သာပဲသတ်မှတ်ကြပေမယ့် ဗိုလ်နေဝင်းနဲ့ဗိုလ်အောင်ကြီးတို့ ရှင်းလင်း ချက်တွေထဲမှာ အဖြေကရှိနေပြီးသားပါ။ ဗိုလ်အောင်ကြီးက ဘယ် လောက်ပဲ ဗိုလ်နေဝင်းကိုကာကွယ်ပေးပေမယ့် သမိုင်းမှတ်တမ်းတွေက သက်သေအဖြစ်ရှိနေပါတယ်။ သူတို့ရှင်းလင်း ချက်တွေကိုလေ့လာကြည့်ရအောင်။ ပထမဆုံးပြောရမှာ တယောက်နဲ့တယောက် စွပ်စွဲပြစ်တင်ခြင်းကို ဘယ်အချိန်မှာကတည်းက အစပြုခဲ့ပါသလဲ။
စတင်စွပ်စွဲပြီးတရားခံဖေါ်ထုတ်ခြင်း
တရားဝင်စွပ်စွဲချက်ကို ဗိုလ်အောင်ကြီး စတင်ရှင်းလင်းတာက ၁၉၇၇ ဖေဖေါ်ဝါရီလ ၃ ရက်နေ့ ရက်စွဲနဲ့ တုန့် ပြန်ဖြေရှင်းချက်ပေးခဲ့တာ။ ဗိုလ်နေဝင်းကလည်း တရားဝင် စတင်စွပ်စွဲတာက ၁၉၇၇ လောက်လို့ယူဆရပါတယ်။ ၁၉၇၇ ထဲမှာ ‘မဆလပါတီဗဟိုအစီရင်ခံစာ’ တင်သွင်းခဲ့ရာက စတင်ခဲ့တာပါပဲ။ ဒါဟာ ဗိုလ်နေဝင်းက ညောင်မြစ်ကို တရားဝင်စတင်တူးလိုက်တာပါပဲ။
တကယ်တော့ဗိုလ်နေဝင်းကဗိုလ်အောင်ကြီးကိုအပြစ်ပုံချတာဟာ ၁၉၇၇ မတိုင်မီကတည်းကပါ။ ဗိုလ်အောင်ကြီးစာအရဆိုရင် ဗိုလ်အောင်ကြီးတပ်ကထွက်ပြီးမှ ဗိုလ်နေဝင်းက ‘ဂါးဒီယန်းဦးစိန်ဝင်းနဲ့သူနဲ့ ရင်းနှီးသူ ၃-၄ ယောက်ကိုခေါ်ပြီး “ကျောင်းသားတွေပစ်သတ်ဖို့အမိန့်ပေးတာကကျုပ်။သမဂ္ဂအဆောက်အဦးဖြိုတာကကျုပ်မဟုတ်ဘူး။ ဗိုလ်အောင်ကြီးဟုပြောကြောင်း သိရပါသည်” လို့ဆိုထားတယ်။
ဘယ်အချိန်ဆိုတာကတော့ ဗိုလ်အောင်ကြီးရဲ့ ၁၉၈၈ မေလ ၅ ရက်နေ့ရှင်း လင်းချက်မှာတော့ ” ကျွန်တော် မချမ်းဘောမှာနေစဉ်ကြားခဲ့ရပါတယ်” လို့ဆိုထားတယ်။၂၄. ၇. ၁၉၈၈ ဗိုလ်နေဝင်းရှင်းတမ်းမှာတော့ “နောက် သုံးလေးလကြာပြီးသော် ကျွန်တော်အရက်မူးမူးနဲ့သမဂ္ဂအဆောက်အုံကိုဖျက်ဖို့ အမိန့်ပေးသည်ဟု နိုင်ငံခြားသတင်းစာဆ ရာတို့ ပြောဆိုကြသည်ကိုကြားရ၍ ဗိုလ်ကျော်စိုးကို ကျွန်တော်အရက်မူးပြီးဖျက်ဖို့အမိန့်ပေးတယ်လို့ ကျွန်တော်တယောက်တည်းကိုတရားခံလုပ်ထားတယ်” ဆိုပြီး ပြောထားတယ်။
ကျောင်းသားတွေပစ်သတ်ဖို့အမိန့်ပေးတာကျုပ်။
သမဂ္ဂအဆောက်ဦဖြိုခိုင်းတာကျုပ်မဟုတ်ဘူး
( အာဏာရှင်စနစ် ပျိုးထောင်ပေးခဲ့သူကြီး ဗိုလ်နေဝင်း )
သုံးလေးလအကြာဆိုတော့ အောက်တိုဘာ သို့မဟုတ် နိုင်ဝင်ဘာထဲလို့ပြောရမှာပါ။ ဗိုလ်အောင်ကြီးအဖြုတ်ခံရတာက ၁၉၆၃ ဖေဖေါ်ဝါရီလ(၇) မှာ။ ဗိုလ်အောင်ကြီး မချမ်းဘောရောက်တာက ဖေဖေါ်ဝါရီ (၉) နေ့လို့ဆိုပါတယ်။ ဗိုလ်နေဝင်းက ဗိုလ်ကျော်စိုးကိုခေါ်မေးပြီး ဖြစ်ရပ်မှန်ကိုသိလို့ ဗိုလ်အောင်ကြီးကိုခေါ်မေးခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီရက်ဟာ ဖေဖေါ်ဝါရီ ၆ ရက်နေ့ဖြစ်မယ်။ အဖြုတ်ခံရတာက ၇ ရက်။ နောက်တရက်အကြာ မချမ်းဘောကိုထွက်ခဲ့တယ်လို့ဆိုတဲ့အတွေက် ၈ ရက်နေ့မှာ ရန်ကုန်ကထွက်ပြီး ၉ ရက်နေ့ရောက်တာပေါ့။ သူတို့စာရင်ရှင်းခဲ့တာ ၁၉၆၃ ဖေဖေါ်ဝရီ ၇ ရက်ကတည်းကလို့ ပြောရမှာပါ။၁၉၈၈ ရှင်းတမ်းမှာတော့ ဗိုလ်နေဝင်းက ...
“ ထိုအကြောင်းအမှန်ကိုသိပြီးနောက် ဗိုလ်အောင်ကြီးကို ကျွန်တော်ရုံးခန်းသို့ခေါ်၍ ‘သမဂ္ဂအဆောက်ဦဖျက်တာ ကျွန်တော်သဘောတူလိုက်သည်ဟုပြောတာကို ကိုယ်သိပြီးပြီ။ ဒီတော့ကိုယ့်လူခေါင်းဆောင်လုပ်ချင်ရင် ခေါင်းဆောင်နိုင်မည်ထင်ရင် ကိုယ်ထွက်ပေးမည်။ ကိုယ်ထွက်ရမလား ကိုယ့်လူထွက်မလားဆုံးဖြတ်ပေတော့’ ဟုကျွန်တော်ကပြောရာ သူထွက်မည်ဆိုပြီး သူ့အခန်းပြန်သွာကာ ထွက်စာတင်ခဲ့ပါသည်” လို့ ဆိုတယ်။
အဲ့ဒီအချိန်ကတည်းက ဗိုလ်အောင်ကြီးနဲ့စာရင်းရှင်းခဲ့ကြတာပါ။ ဗိုလ်အောင်ကြီးကတော့ “ သူတပ်က ထွက်သောအခါဗိုလ်ချုပ်ကြီးက ဂါးဒီးယန်းဦးစိန်ဝင်းကိုသော်လည်းကောင်း၊ အခြားမိတ်ဆွေရင်းခြာ ၃-၄ ဦးကို ခေါ်ပြီးရှင်းလင်းပြောရာတွင်လည်းကောင်း ကျောင်းသားတွေပစ်သတ်ဖို့အမိန့်ပေးတာကျုပ်။ သမဂ္ဂအဆောက်ဦဖြိုခိုင်းတာကျုပ်မဟုတ်ဘူး။ ဗိုလ်အောင်ကြီးဟုပြောကြောင်း သိရပါသည်။” လို့ဆိုတယ်။ အဲ့ဒီမှာကတည်း က ဗိုလ်အောင်ကြီးရှင်းတမ်းနဲ့ ဗိုလ်နေဝင်းရှင်းတမ်းတို့မှာ ကွာဟချက်တွေရှိနေခဲ့ပါတယ်။ ဗိုလ်အောင်ကြီး မချမ်းဘောရောက်မှ သိရတယ်ဆိုတာအမှန်ဆိုရင် ဗိုလ်နေဝင်းက ခေါ်ပြောတယ်ဆိုတာ အလိမ်အညာဖြစ်မှာပေါ့။ ဘယ်သူအမှန်လို့ ဘယ်သူလိမ်အညာဖြစ်မလဲ။နှစ်ယောက်လုံးမရိုးသားတဲ့ သဘောထားရှိတယ်လို့ ပြောရမှာပါ။
ဒီအချက်တွေအရ ဗိုလ်နေဝင်းနဲ့ ဗိုလ်အောင်ကြီးတို့ရဲ့ ခေါင်းရှောင်ရှင်းပွဲဟာ သမဂ္ဂအဆောက်အဦဖြိုပျက်ပြီးနောက် သုံးလေးလအကြာကတည်းက ရှင်းလင်းခဲ့ကြတာပဲ ဖြစ်ဟန်ရှိပါတယ်။ တခုတော့ရှိရဲ့၊ ဗိုလ်နေဝင်းပြောသလို ဗိုလ်အောင်ကြီးတပ်ကထွက်တာဟာ ဒီအချက်ကြောင့်တခုတည်းတော့ဟုတ်ဟန်မတူ။ အခြားအကြောင်းအချက်တွေလည်း ရှိပါလိမ့်မယ်။ ဒီအကြောင်းက အရေးတော်ပုံနဲ့မသက်ဆိုင်တဲ့အတွက် ချန်ခဲ့ပါမယ်။
ဗိုလ်အောင်ကြီးစကားအရ ၁၉၆၃ ဖေဖေါ်ဝါရီလထဲရောက်မှ သူ့ကိုတရား ခံလုပ်တာသိရတယ်’ ဆိုတဲ့အချိန်နဲ့ ဗိုလ်အောင်ကြီးပြန်ရှင်းတဲ့အချိန်နဲ့ဟာ ၁၅ နှစ်ခန့်ကွာဟနေသလို့ မဆလပါတီဗဟိုကော်မတီဌာနချုပ်မှာ အစီရင်ခံစာတင်သွင်းချိန်ဟာလည်း ၁၅ နှစ်ခန့်ကွာဟနေပါတယ်။ ဗိုလ်အောင်ကြီး ရှင်းလင်းဖြေရှင်းချက်ထုတ်တဲ့အချိန်နဲ့ ၁၉၈၈ ဂျူလိုင်၂၄ ရက်နေ့ဟာလည်း စုစုပေါင်း ၁၁ နှစ်ကွာဟနေပါတယ်။ ကျောင်းသားသမဂ္ဂစတင်ဖြိုခွဲခံရတဲ့ ၁၉၆၂ ဂျူလိုင် ၈ ရက်နေ့ကနေ ၁၉၈၈ ဂျူလိုင် ၂၄ အထိဆိုရင် ၂၆ နှစ်ကျော်ထိကြာခဲ့တယ်။ ဒီအချိန်ကွာဟချက်တွေအတွင်းမှာတော့ နှစ်ဖက်ပြန်လည်ပြင်ဆင်ပြီးမှ ကိုယ့်အပြစ်လွတ်အောင်စဉ်းစားလုပ်ဆောင်ဖို့ အခွင့်အရေးအများကြီးရခဲ့ပါတယ်။ ဥပဒေမှာတော့ ဒါဟာ Second Thought ပါပဲ။ ဒါကြောင့်သူတို့ရှင်းတမ်းတွေဟာ အစစသတိ ထားသုံးသပ်ရမှာဖြစ်တယ်။
ဗိုလ်နေဝင်းအမိန့်မပေးဘူး လို့ ရီကွိုင်းလက်ဂန်းနဲ့ပစ်ခိုင်းတာကို ထန်းလက်နဲ့ကာပေးခဲ့သူ ဗိုလ်အောင်ကြီး
ကျောင်းသားသမဂ္ဂဖြိုချခြင်းအပေါ် ဗိုလ်အောင်ကြီးရှင်းချက်
ဗိုလ်အောင်ကြီးကတော့ သူ့ရှင်းတမ်းနှစ်ခုလုံးမှာ ဂျူလိုင် ၇ ရက် စနေနေ့ခရီးစဉ်ကိုပဲ အဓိကထားရှင်းသွားတာ။ အဲ့ဒီခရီးစဉ်အဆုံး ညနေပိုင်း ၇ နာရီလောက်မှာ သူနဲ့ဗိုလ်ကြီးသောင်းတို့ အသံလွှင့်ရုံ ‘စစ်ဆင်ရေးခန်းမ’ ကိုရောက်တယ်လို့ ဆိုပါတယ်။ သူအသံလွှင့်ရုံရောက်တော့ ကျောင်းတွင်းကိစ္စဖြေရှင်းပြီးလို့ စိတ်အေးလက်အေးအိမ်ပြန်ရေမိုးချိုးနေကြလို့ ဒုရဲချုပ်ဘအေး၊ ဗိုလ်ကျော်စိုးနဲ့ ဗိုလ်ထွန်းရီတို့ပဲ စစ်ဆင်ရေးခန်းမထဲမှာရှိတယ်လို့ဆိုတယ်။
သူက “ ကျွန်တာ်စစ်ဆင်ရေးခန်းမထဲဝင်သွားသောအခါ ဗိုလ်မှူးကြီးကျော်စိုးက တပ်မှူး(အင်/ယာတပ်ခွဲ ၄) နှင့် စကားပြောနေပါသည်။ ယမ်းကိစ္စများ ပြောဆိုနေခြင်းဖြစ်သည်။ ၎င်း၏ဘေးတွင် ရဲချုပ်ဘအေးထိုင်နေပါ သည်” လို့ အလီဘိုင် ပြထားတယ်။ ရဲချုပ်ဘအေး၊ အင်/ယာ တပ်မှူးနဲ့ဗိုလ်ကျော်စိုးတို့ သုံးယောက်ပဲရှိတဲ့သဘောပါ။ ဗိုလ်အောင် ကြီးပြောချင်တဲ့သဘောက သူမရောက်ခင်ကတည်းက ဗိုလ်ကျော်စိုးကမိုင်းခွဲဖို့စီစဉ်နေတဲ့သဘောလည်း ဆောင်နေပါတယ်။ ပိုသေချာအောင် ဗိုလ်ကျော်စိုးစကားကို ထပ်ဆင့်ရှင်းလင်းဖေါ်ပြတာက ...
“နောက်ထပ်မံဆက်လက်ပြီး သမဂ္ဂအဆောက်ဦကိုလည်း ဖြိုပစ်လိုက်ဖို့ အမိန့်ပေးသည့်အတွက် သူအင်ဂျင်နီ ယာတပ်မှူးနဲ့စီစဉ်နေခြင်းဖြစ် ကြောင်း။ ခုနကစကားပြောတာ အင်ဂျင်နီယာ ၄ တပ်မှူးဖြစ်ကြောင်းပြောပြပါ သည်” လို့ဆိုတယ်။ ဒီအချက်ကတော့ ဗိုလ်ကျော်စိုးစကားကိုညွှန်းဆိုပြီး ဗိုလ်နေဝင်းအမိန့်ပေးခဲ့တယ်ဆိုတာကို မသိမသာလက်ညှိုး ထိုးပြလိုက်တဲ့သဘောဆောင်ပါတယ်။ သူသိလိုက်ချိန်မှာ အားလုံးဆုံဖြတ်ပြီးပြီလို့ ဆိုချင်ဟန်ပါ။
ဗိုလ်နေဝင်းကလည်း ၁၉၈၈ ဂျူလိုင်၂၄ ရက်နေ့ရှင်းပြချက်က “ဒီနေရာမှာ အရေးကြီးတာတခုကို ကျနော်ပြောပါ့မယ်။ ထိုဖောက်ခွဲဖျက်စီးရန်အတွက် ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်းတို့တွင် ကျွန်တော်နှင့်တော်လှန်ရေးကောင် စီဝင်အချို့တို့ မပါခဲ့ပါ။ ဇူလိုင် ၈ ရက်နေ့နံနက်တွင် ဗုံးအကြီးကြီးတလုံးပေါက်ကွဲသံကဲ့သို့ အလွန်ပြင်းထန်သော မြည်ဟီးသံကြီးကြားသဖြင့် စုံစမ်းတော့မှ သမဂ္ဂအဆောက်အဦကို (ဒိုင်းနမိုင်း) တို့နှင့်ဖျက်ဆီးလိုက်ကြောင်း ကျွန်တော် သိရပါသည်။’ လို့ ဆိုပြန်ပါတယ်။
ဗိုလ်နေဝင်းရော ဗိုလ်အောင်ကြီးရော ဒီအစီစဉ်ကို ဘယ်သူမှမသိကြတဲ့သဘောပြောချင်တာထင်ပါရဲ့။ ဒါပေမယ့် ဗိုလ်နေဝင်းက “ခေါင်းဆောင်များကိုမမိသေးကြောင်း။ သမဂ္ဂအဆောက်ဦအတွင်းတွင် အချို့ရှိကြောင်းပြောသဖြင့် ကျွန်တော်က ရဲများတပ်မတော်သားများ နောက်ထပ်အနာ တရမရှိရအောင် အောက်ပါအတိုင်းဆောင်ရွက် ရန်အကြံပေးညွှန်ကြားပါသည်။
က။ သမဂ္ဂအတွင်းရှိသူများကို အဆောက်ဦမှထွက်ကာ အဖမ်းခံရန် အသံချဲ့ စက်ဖြင့်ပြောရန်။ ထွက်မလာပါက လက်နက်ကြီးများသုံးမည်ဆိုသည့်အချက်ထည့်ပြောရန်။
ခ။ အသာတကြည်ထွက်၍အဖမ်းမခံပါက ရီကွိုင်းလက်ဂန်းဖြင့်ပစ်ရန်။လိုအပ်က ရီကွိုင်လက်ဂန်းသုံးရန်။အထက် ပါအချက်တို့ကို မမှောင်ခင်အပြီးဆောင်ရွက်ရန်တို့ဖြစ်သည်”လို ကိုယ်တိုင်ထွက်ဆိုရှင်းလင်းထားပါတယ်။
ဗိုလ်နေဝင်းက ရီကွိုင်းလက်ဂန်းနဲ့အပစ်ခိုင်းတယ်ဆိုတာလည်း အမှန်ပါပဲ။ ဒီအကြောင်းကိုဗိုလ်အောင်ကြီးက ရှင်းပြရာမှာ “၈ နာရီလောက်တွင် အိမ်ပြန်နေကြသည့်ဗဟိုနလကအဖွဲ့ဝင်များ ပြန်ရောက်လာကြပါသည်။ ကျွန်တော်နှင့်စကားစမြည်ပြောရာတွင် ဗိုလ်မှူးကြီးလှမြင့်(အမြှောက်နှင့်သံချပ်ကာတပ် ညွှန်ကြားရေးမှူး)က သူ့ကို ဗိုလ်မှူးကြီးကျော်စိုးက သမဂ္ဂအဆောက်အဦကို သံချပ်ကာကားပစ်ဒုန်းပျံအမြှောက်(Recoiless Gun) နှင့်ပစ်ပြီးဖြိုပေးရမယ်,အမိန့်ပေးလို့ သူက (Recoiless Gun)ပစ်ပြီးဖြိုရင် ဒုန်းကျည်ဆံက အုတ်နံရံပါးပါးလေးကိုဖောက်ပြီး နောက်ကဆရာအိမ်တွေ ပရော်ဖက်ဆာအိမ်တွေ အကုန်လုံးမှန်ကုန်မယ်ပြောထားကြောင်း။ အခုတော့ ယမ်းဘီလူးနဲ့ခွဲမလို့ စီစဉ်နေတယ်” လို့ပြောထားကြောင်းဖေါ်ပြထားတယ်။ ဗိုလ်လှမြင့်ပြောစကားမှာ ဗိုလ်နေဝင်းအမိန့်ပေးတဲ့သဘောမပါပဲ ဗိုလ်ကျော်စိုးအမိန့်ပေးတာလို့ဆိုထားတယ်။
တကယ်တော့ ရီကွိုင်လက်ဂန်းနဲ့ပစ်တာပဲဖြစ်ဖြစ် ယမ်းဘီလူးနဲ့ခွဲတာပဲဖြစ်ဖြစ် အဆောက်အုံပျက်တာခြင်းကတော့ အတူတူပါပဲ။ အသုံးပြုရာလက်နက်နဲ့ပစ္စည်းရဲ့‘အား’ ကိုကြည့်ရမှာပါ။ ဘယ်အားကိုပဲသုံးသုံး အကျိုး ဆက်ကတော့ သမဂ္ဂအဆောက်ဦကြီး ပြိုပျက်သွားစေမှာပါပဲ။လက်နက်နဲ့အားကို တသီးတခြားစီစည်စားလို့မရနိုင်ပါ။ ဗိုလ်နေဝင်းတို့ ရှင်းလင်းနေပုံက “လူတယောက်ကို သေနတ်နဲ့ပစ်သတ်ရာမှာ ညှာတာတဲ့အနေနဲ့သေ နတ်မောင်းကို အားနည်းနည်းသုံးပြီး ညင်ညင်သာသာလေး ဆွဲညှစ်လိုက်တာ” လို့ အကြောင်းပြချက်ပေးသလိုဖြစ်နေလေရဲ့။
တကယ်တော့ ကျောင်းသားသမဂ္ဂကိုဖြိုခွဲဖို့ အာဏာမသိမ်းမီကတည်းက စဉ်းစားအကွက်ချထားဟန်ရှိသလိုပါပဲ။ ဂျူလိုင် ၈ ရက်နေ့သမဂ္ဂဖြိုပြီးတဲ့နောက် တော်လှန်ရေးကောင်စီက ကြေညာချက်တစောင်ထုတ်ပြန်ခဲ့ပါတယ်။ ကြေးမုံသတင်းစာမှာ ဖော်ပြထုတ်ပြန်ထားတာက ...
“အစိုးရခေတ်အမျိုးမျိုးတွင် ပြည်ထောင်စုမြန်မာနိုင်ငံအား ပုန်ကန်တိုက်ခိုက်နေသည့် နစ်ဖြူများသည် မြေအောက်ဆက်သွယ်ရေးလုပ်ငန်းအဖြစ် ဤကဲ့သို့သောနေရာဌာနမျိုးတွင် အညှီရှိရာယင်အုံဆိုသကဲ့သို့ တဖြေးဖြေး ခိုင်မာစွာစွဲကပ်လာခဲ့ပြန်ကြောင်း။ ++++++++။ အစိုးရတခုအနေနှင့် ၎င်းအားပုန်ကန်ထကြွနေသည့် မြေအောက်သူပုန်များနှင့် လှျိူ့ဝှက်ဆက်သွယ်ရာစခန်းတခုကို ၎င်း၏အစိုးရရုံးစိုက်ရာမြို့တော်တွင် သိ လျက်နှင့် ရှည်ကြာစွာခွင့်ပြုထားနိုင်ကြမည်မဟုတ်ပေ။ သို့ကြောင့်ပင် နှမြောဖွယ်ရာသည့် ဤရာဇဝင်အဆောက်ဦကို တော်လှန်ရေးအစိုးရသည် ကျူငုတ်မကျန် ဖျက်ဆီးလိုက်ရခြင်းဖြစ်သည်။” လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဒီထုတ်ပြန်ချက်အရ ကျောင်းသားသမဂ္ဂကို မြေအောက်ကွန်မြူနစ်ဌာန ချုပ်လို့ စွပ်စွဲထားတာပါ။ သတင်းစာဆ ရာကြီးဦးဝင်းတင်ကလည်း ..“ကျောင်းသားသမဂ္ဂဟာ ကွန်မြူနစ်တို့အားထားရာ၊ အသံထွက်ရာ၊ မျိုးဆက်သစ်တွေမွေးထုတ်ရာဆိုပြီးသတ်မှတ်တဲ့အခါကျတော့ အရေးကြီးဆုံးရန်သူ ဖြစ်လာတာပေါ့ဗျာ။ အဲ့ဒါကြောင့် တကသကို အဓိကထားဖြိုခွဲတာပေါ့ဗျာ ” လို့ အင်တာဗျူးတခုမှာဖြေထားပါတယ်။
ဒါတွေကိုထောက်ချင့်ပြီးကြည့်ရင် သမဂ္ဂနဲ့ သမဂ္ဂအဆောက်ဦကိုပါသူပုန်ဌာနချုပ်အဖြစ်ယူဆပြီး ဖြိုခွဲဖို့ကြို တင်ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။ ဒီလိုယူဆချက်ဟာ အခုမှမဟုတ်ပါဘူး။ နိုင်ငံရေးအစိုးရခေတ်ဖဆပလအုပ်ချုပ်စဉ်ကတည်းက ဖဆပလ ဆိုရှယ်လစ်အုပ်စုနဲ့တပ်မတော်က ဗိုလ်နေဝင်း၊ ဗိုလ်အောင်ကြီး အပါအဝင် ဆိုရှယ်လစ်တပ်မှူးကြီးများအားလုံးက အဲ့သလိုပဲ ယူဆထားကြပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဖဆပလအစိုးရလက်ထက် ဦးကျော်ငြိမ်းပြည်ထဲရေးဝန် ကြီးဘဝမှာ ဇီဝဗေဒပါမောက္ခ ဆရာဦးလှအောင်နဲ့တွေ့တော့ ဦးကျော်ငြိမ်းက “ကျောင်းသားသမဂ္ဂအဆောက်ဦကြီးဟာ သူပုန်ဌာနချုပ်ကြီးတခုဖြစ်နေပြီ’ လို့ပြောသတဲ့။ ဒီတော့ဦးလှအောင်က ‘ခင်ဗျားတို့ပါတီတွေကိစ္စထဲ ကျောင်းသားတွေကိုဆွဲမထည့်ကြပါနဲ့’ လို့ ပြန် ပြောခဲ့သေးတယ်လို့ ဆရာဦးလှအောင်က တက္ကသိုလ်ငွေရတုမဂ္ဂဇင်းမှာရေးခဲ့တာကို မှတ်မိနေသေးတယ်။
ပြောချင်တာက သမဂ္ဂအဆောက်ဦကြီးကို သူပုန်ဌာနချုပ်ကြီးလို့စွပ်စွဲခဲ့တာဟာ နိုင်ငံရေးခေတ်ကတည်းက ဆို ရှယ်လစ်ပါတီဝင် လူကြီးအားလုံးလိုလို ဒီသဘောထား ရှိခဲ့ပါတယ်။ ဗိုလ်နေဝင်း၊ ဗိုလ်အောင်ကြီးတို့ စိတ်ထဲလည်း ဒီအတိုင်းစွဲမှတ်ခဲ့ကြဟန်ပါပဲ။ ဒါကြောင့်လည်း တော်လှန်ရေးကောင်စီထုတ်ပြန်ချက်မှာ ‘ကျူငုတ် မကျန် ဖျက်ဆီးလိုက်ရခြင်း ဖြစ်သည်’ လို့ ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။ ဒါကြောင့် သမဂ္ဂအဆောက်ဦကို ရည် ရွယ်ချက်ရှိရှိ ကြိတင်ကြံရွယ် ခွဲခဲ့ခြင်းဖြစ်တယ်လို့ ဆိုရခြင်းပါ။
ဒီအကြောင်းကိုခဏထားပြီး ရှင်းတမ်းတွေဖက် တချက်ပြန်ကြည့်ရ အောင်။ အရင်ဆုံးသမဂ္ဂဖြိုဖျက်ရေးနဲ့ပတ် သက်တဲ့ ဗိုလ်နေဝင်းရဲ့ရှင်းပြချက်ကိုကြည့်ရအောင်။ ဗိုလ်နေဝင်းက…
“အဖြစ်အပျက်အမှန်မှာ ထို ၇ ရက်နေ့က အသံလွှင့်ရုံထဲရှိလူစုထဲမှ တဦးတယောက်က ‘ ဒီသမဂ္ဂအဆောက်အဦကြီးဟာ သူပုန်ဌာနချုပ်ကြီးဖြစ်နေတယ်။ ဖျက်ပစ်ရင်ကောင်းမယ်’ ဟု စပြောရာမှ ဖျက်သင့်မဖျက်သင့်ကို ဆွေးနွေး ကြပါသည်။ နောက်ဆုံး ဗိုလ်ချုပ်ကိုအသိပေးပြီး ဗိုလ်ချုပ်သဘောတူလျှင် ဖျက်ပစ်မည်ဟု ဆုံးဖြတ်ကြပါသည်။ ဗိုလ်အောင်ကြီးက ဗိုလ်ချုပ်ထံသူသွားပြီး တင်ပြမည်။ သဘောတူ မတူ အဖြေသူယူခဲ့မည် ပြောပြီး ကိုလှဟန်ကိုခေါ်၍ ကားဖြင့်ထွက်သွားပါသည်” လို့ သူမဟုတ်ကြောင်းကို ရှင်းပြပါတယ်။
သူ့ရှင်းပြချက်နဲ့ ဗိုလ်အောင်ကြီးရှင်းပြချက်တို့ ကွဲလွဲနေပါတယ်။ ဗိုလ်အောင်ကြီးက သူအသံလွှင့်ရုံရောက်ချိန်မှာ ဗိုလ်ကျော်စိုးနဲ့ ဗိုလ်ထွန်းရီတို့က ယမ်းဘီလူးကပ်ပြီး ခွဲဖို့စီစဉ်နေပြီလို့ဆိုပါတယ်။ ဗိုလ်အောင်ကြီးစကားကိုအမှန်ယူရင် ဗိုလ်နေဝင်းပြောတဲ့လူစုထဲကတယောက်ဆိုတာ ဗိုလ်အောင်ကြီးမဟုတ်လို့ ဆိုရမှာပါ။ ဗိုလ်အောင်ကြီးရှင်းပြချက်အရဆိုရင် ယမ်းဘီလူးနဲ့ခွဲဖို့အကြံပြုတာက ဘဲလယားလှမြင့်ခေါ် ဗိုလ်လှမြင့်လို့ဆိုပါတယ်။ ရီကွိုင်းလက်ဂန်းနဲ့ပစ်ဖို့အမိန့်ပေးတာလည်း ဗိုလ်နေဝင်းကိုယ်တိုင်ဝန်ခံပြီးသား။ ဒါဆိုရင် ဗိုလ်နေဝင်းအမိန့်ပေးချက်အပေါ်မူ တည်ပြီးမှ ယမ်းဘီလူးနဲ့ခွဲသင့်မခွဲသင့် ဆွေးနွေကြဟန်ရှိတယ်လို့ ယူဆရန်အကြောင်းဖြစ်လာတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဗိုလ်နေဝင်းအနေနဲ့ တကယ်သိချင်တယ်၊ ကိုယ့်ဘက်ကလည်း မှန်နေတယ်ဆိုရင် “သမဂ္ဂအ ဆောက်ဦကြီးဖျက်ပစ်ရမယ်” လို့ပြောသူကို စုံစမ်းဖေါ်ထုတ်ဖို့မခက်ပေဘူး။ ဒါကိုဖော်ထုတ်မပြခဲ့ပဲ သူ့စကားအသွားအလာအရဆိုရင် ဗိုလ်အောင်ကြီးအပေါ် ပုံချထားပြီးဖြစ်တဲ့အတိုင်း သက်သေပြဖို့ ပိုပြီးအာရုံစိုက်ခဲ့ဟန်ပါပဲ။
နောက်ကွာဟချက်တခုက ဗိုလ်အောင်ကြီးပြောပြချက်မှာ ဆရာကာ နေရေးထိုင်ရေးကြည့်ဖို့နဲ့ အားပေးစကား ပြောဖို့ ဗိုလ်လှဟန်နဲ့အတူသွားခဲ့တယ်။ ဆရာကာကို ဗိုလ်လှဟန်က “သမဂ္ဂအဆောက်ဦကို ဖြိုပစ်ဖို့အမိန့်ရတဲ့အတွက် ဖြိုလိုက်မည်ဖြစ်ကြောင်းပြောပြတယ် ”။ အဲ့ဒီတော့မှ ဗိုလ်ကျော်စိုးကိုတယ်လီဖုန်းဆက်ပြီး Union ကိစ္စကိုဆိုင်းထားပါ။ အခု ဒီကပြီးရင် ဗိုလ်ချုပ်ကြီးထံသွားပါမည်။ အဲ့ဒီအခါသူ့ကို ကျနော်ကြည့်ပြောပါအုံးမည်” လို့ ပြောတယ်လို့ဆိုတယ်။ စကားနှစ်ခုလွဲနေတယ်။ ဗိုလ်နေဝင်းပြောတာက အသံလွှင့်ရုံမှာပြောတယ်လို့ဆိုတယ်။ ဗိုလ်အောင်ကြီးက ဆရာကာအိမ်ကနေ ဖုန်းဆက်ပြောတယ်လို့ဆိုပါတယ်။ ဆရာကာ အိမ်ကို သတင်းမေးဖို့သွားတယ်ဆိုတာက အနည်းငယ် ယုတ္တိမတန်သလိုဖြစ်နေတယ်။ ဗိုလ်နေဝင်းပြောသလို “ ဗိုလ်နေဝင်းထံ သူသွားမယ်။ ဗိုလ်ချုပ်သဘောတူမတူ အဖြေကိုသူယူခဲ့မယ်” လို့ပြောတာက ပိုပြီးယုတ္တိရှိသလိုဖြစ်နေတယ်။
အချိန်ကာလနဲ့နေရာကွာခြားတာဟာ ပြဿနာမဟုတ်ပေမယ့် အစွန် းမလွတ်တဲ့အချက်တွေ ပါနေတယ်။ ဗိုလ်အောင်ကြီးပြောတဲ့အတိုင်း ဆရာကာအိမ်ရောက်မှဖုန်းဆက်ပြီး ဆိုင်းထားဖို့ ခိုင်းတာမှန်ရင် ဗိုလ်လှမြင့်တို့ ဗိုလ်ကျော်စိုးတို့ ခွဲဖို့ပြင်ဆင်နေတာကို သူသိတဲ့အချိန်ကဘာလို့မတားခဲ့ဘဲ ‘ဆရာကာအိမ်ရောက်မှ ဘာလို့ဖုန်းဆက်တားရသလဲ’ ဆိုတာစဉ်းစားစရာဖြစ်လာတယ်။ ဖြစ်နိုင်ခြေ နှစ်ခုရှိတယ်။ တခုက ဆရာကာရှေ့မှာ ဗိုလ်နေဝင်းကို သူပြောရင်ရတယ်ဆိုတာ ပြလိုတာလား။ နောက်တခုက ဆရာကာကိုပါ သမဂ္ဂဖြိုတဲ့ကိစ္စသူမပါဘူးဆိုတာကို အလီဘိုင် ပြလိုသလားဆိုတာကိုတော့ ဗိုလ်အောင်ကြီးပဲ သိနိုင်ပါမယ်။
ဆရာကာကိုယ်တိုင်ကလည်း သမဂ္ဂဖြိုမယ့်ကိစ္စသိပါလျက်နဲ့ သူ့တပည့်ဖြစ်ခဲ့ဖူးတဲ့ဗိုလ်နေဝင်းကို တားဖို့မကြိုး စားခဲ့ဘူးလားဆိုတဲ့အချက်ဟာလည်း ဗိုလ်အောင်ကြီးစကားကနေအစွန်းထွက်လာခဲ့ပြန်ပါတယ်။ တာ ဝန်အရဆိုရင်လည်း ပါမောက္ခချုပ်အနေနဲ့ဆရာကာမှာ တားမြစ်လိုက တား မြစ်သင့်တယ်လို့ ဆိုကောင်းဆိုနိုင်ပါလိမ့်မယ်။ ရန်ကုန်တက္ကသိုလ်စတင်ကတည်းက ဆရာတယောက်အနေနဲ့သမဂ္ဂအကြောင်းအနည်းနဲ့အများသိခဲ့သူပါ။
ပြီးတော့သူ့ကျွန်ဘဝကနေ လွတ်လပ်ရေးရသည်အထိ မျိုးချစ်စိတ်သန္ဓေ တည်လာတဲ့ သမဂ္ဂတန်ဖိုးကို ဆရာကာ မသိမဟုတ်သိမည်ပင်။ ဗိုလ်နေဝင်းအနေနဲ့လည်း သူ့ဆရာလည်းဖြစ်၊ လေးစားရင်းစွဲ ရှိသူလည်းဖြစ်ပြီး ပညာရေးဝန်ကြီးအဖြစ်လည်းကောင်း။ ပါမောက္ခချုပ်အဖြစ်လည်း ကောင်း နေရာပေးခန့်ထားခဲ့လေတော့ သူတားမယ်ဆိုရင် ဗိုလ်နေဝင်းလည်း စဉ်းစားနိုင်ကောင်းချင့်ချိန်နိုင်လိမ့်မယ်လို့ ယူဆစရာတွေဖြစ်လာခဲ့တယ်။ ဒါကြောင့် နေရာအချိန်ကာလလွဲနေတဲ့အချက်က အခုလို အစွန်းတွေအများကြီးထွက်လာတော့တာပေါ့။
ဦးကာအိမ်ကနေ ဗိုလ်အောင်ကြီးနဲ့ဗိုလ်လှဟန်တို့ ဗိုလ်နေဝင်းဆီရောက်ကြတယ်။ ဗိုလ်နေဝင်းက ဗိုလ်လှမြင့်ကို ” ခွေးမသားလှမြင့် ဘယ်လျှောက်လည် နေမှန်းမသိဘူး။ ဟိုမှာပစ်ခတ်နေတာ သူဘာမှမသိဘူး။ဟိုမှာ သူမရှိလို့ ဘာမှမလုပ်နိုင်ဘူး။ ဒါကြောင့် ဒီမအေ ... ကို ဆဲလွှတ် လိုက်ရတယ်” လို့ပြောနေတာကြောင့် သမဂ္ဂကိစ္စနဲ့ပတ်သက်ပြီး ဘာမှမပြောခဲ့ဘူး’ လို့ဆိုပါတယ်။
ဗိုလ်နေဝင်းနဲ့ ဗိုလ်လှမြင့်ရဲ့အဆက်အစပ်
ဒီမှာမူလအကြောင်းကို ခဏထားပြီး ဗိုလ်လှမြင့်နဲ့ ဗိုလ်နေဝင်း ဆက်စပ်မှုမှာ ပြောစရာရှိတယ်။ တကယ်တော့ ဗိုလ်လှမြင့်ဟာ ဗိုလ်နေဝင်းရဲ့လူယုံဖြစ်တယ်။ ဗိုလ်လှမြင့်ဟာ သံချပ်ကာတပ်ကိုဦးစီးတဲ့ ဒုဗိုလ်မှူးကြီးဖြစ်တယ်။ သူ့ကို မွှေးကြီးလှမြင့်လို့လည်း ခေါ်ကြတယ်။ Bel-Air (ဘဲလယား) လှမြင့်လို့လည်း ခေါ်ကြတယ်။ ၁၉၆၂ ခုနှစ် အာ ဏာသိမ်းမှုနဲ့ပတ်သက်ပြီး ကိုအောင်နု(ဦးနုသား) ပြောပြချက်ကို ကိုတင်မောင်ဝင်းက သူ့ရဲ့ “နိုင်ငံရေးသမားနဲ့နိုင်ငံရေး” စာအုပ်မှာ အခုလိုပြန်လည်မှတ်တမ်း ပြုထားတာတွေ့ရတယ်။
“ငါတို့သိနေ၊ကြားနေတာကတမျိုး၊ တကယ့်ဖြစ်စဉ်ကတမျိုးဖြစ်နေတဲ့ အချက်တခုရှိတယ်။ ဒို့ထင်တာက အစီစဉ်တွေအကုန်လုပ်ဖို့နဲ့အာဏာ သိမ်းတပ်တွေအားလုံးကို ဒုဗိုလ်မှူးကြီးစိန်လွင်ကိုယ်တိုင်ဦးစီးပြီး အာဏာ သိမ်းခဲ့ တယ်လို့ပဲထင်နေကြတယ်။ တကယ်တော့ သံချပ်ကာတပ်ကိုဦးစီးတဲ့ ဒုဗိုလ်မှူးကြီးလှမြင့် (မွှေးကြီး၊ ဘဲလယားလှမြင့်) ကိုတာဝန်ပေးပြီး သူ့ရဲ့စီမံခန့်ခွဲမှုကို ဒုဗိုလ်မှူးကြီးစိန်လွင်အပါအဝင် တပ်အားလုံး၊ တပ်မှူးအား လုံးကလုပ်ရတယ်ဆိုတာ ကိုယ်နောက်မှသိရတယ်” လို့ဆိုပါတယ်။
ဒါကဗိုလ်နေဝင်းနဲ့ ဗိုလ်လှမြင့်ရဲ့ဆက်စပ်မှုပါ။
ဗိုလ်နေဝင်းက အဲ့သလောက်ထိ ဗိုလ်လှမြင့်ကို ယုံကြည်သလို အားကိုး တကြီး နိုင်ငံတော်အာဏာသိမ်းပွဲမှာ ကြီးမှူးစေတာပါ။ အခုလည်း ဗိုလ်လှမြင့်ကို ဆဲနေတယ်ဆိုတာ သူလက်ဖျောက်ကစားထားတဲ့ ဗိုလ်လှမြင့်ရဲ့လုပ်ရပ်တွေကိုမသိစေချင်လို့ တမင်ဖုံးကွယ်ပေးလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ဗိုလ်အောင်ကြီးပြောစကားနဲ့ဆက်စပ်ကြည့်တော့ ယမ်းဘီလူးနဲ့ကပ်ပြီးဖြိုချဖို့အကြံပြုသူဟာ ဗိုလ်လှမြင့် ဖြစ်နေပြန်တယ်။
ထိုနေ့ထိုရက်က ရန်ကုန်တက္ကသိုလ်အဓိပတိလမ်းမပေါ်က မြင်ကွင်းတခု
ဝင်းထွဋ်ဇော်ရဲ့ဟောပြောရေးသားမှတ်တမ်းတင်ထားချက်မှာတော့ ... “ကျောင်းသားတွေကို G3 နဲ့ပစ်တယ်။ ဗိုလ် စိန်လွင်နဲ့ ဗိုလ်လှမြင့်တို့ဦးစီးတယ်” လို့ ဆိုထားပါတယ်။ ဗိုလ်နေဝင်းပြောချက်နဲ့ လွဲနေတယ်။ ဗိုလ်နေဝင်းပြောသလို “ ဟိုမှာပစ်ခတ်နေတာသူမသိဘူး” ဆိုတာက သက်သေခံကိုအကာကွယ်ပေးဖျောက်ဖျက်တဲ့သဘောဖြစ်လေမလားလို့ သံသယပွားစရာဖြစ်လာတယ်။ အခု သမဂ္ဂဖြိုတဲ့ကိစ္စမှာလည်း ဗိုလ်လှမြင့်ပေးတဲ့ ‘နှပ်ကြောင်း’ အတိုင်းအကောင်ထည်ဖော်ခဲ့တာပဲမဟုတ်လား။
ဒီတော့ သမဂ္ဂဖြိုတဲ့ကိစ္စမှာ ဗိုလ်လှမြင့်အနေနဲ့ရှောင်လွဲလို့မရနိုင်ပါဘူး။ သူ့အကြံပြုချက်အတိုင်း အထမြောက်ဖို့ သူကိုယ်တိုင်ဦးစီးဦးဆောင်လုပ်ရမယ့်အခြေနေပါပဲ။ သူကိုယ်တိုင်တာဝန်ယူရမယ့်အခြေနေပါ။ ဒီအကြောင်းကိုလည်း အောင်စောဦးရဲ့ ‘ဥဒါန်းမကြေ’ မှာ ဖော်ပြထားတာက ....
“သံချပ်ကာတပ်ရင်းက ဒုဗိုလ်မှူးကြီးလှမြင့် (မွှေးကြီး/ဆိပ်ကမ်း/ ဘဲအယ်လျား) က တကသအဆောက်အဦ မိုင်းခွဲဖျက်ဆီးဖို့ တာဝန်ယူခဲ့တယ်။ ဒီအချိန် ပင်မလက်နက်နဲ့ ခဲယမ်းမီးကျောက်တပ် (မင်္ဂလာဒုံ) တာဝန်ရှိဝန် ထမ်းတွေက တပ်ရင်မှူးဗိုလ်မှူကြီးသာဒွန်း (အမည်မှန်က သာဒိုး) ညတာဝန်ကျအရာရှိ ဗိုလ်ကြီးတင်အောင်တို့ ဖြစ်ကြတယ်။” လို့ ဖော်ပြထားပါတယ်။
ဗိုလ်အောင်ကြီးရဲ့ရှင်းတမ်းမှာတော့ “သမဂ္ဂဖြိုဖို့ ဒိုင်းနမိုက်တွေ(B.E.A) အင်ဂျင်နီယာတပ်ခွဲမှာ။ အဲ့ဒီမှာမလုံလောက်လို့ ပင်မစက်ပစ္စည်းသို လှောင်ရေးသွားယူခိုင်းသူဟာ ဗိုလ်ကျော်စိုးပါ။ (C.O,D) တပ်မှူးဗိုလ်ဝင်းကိုလိုက်ရှာပြီး အင်းတိုင်သွားထုတ်ယူတာပါ။ ခွဲဖို့အမိန့်ပေးသူဟာ ပြည် ထဲရေးဝန်ကြီး။ လုံခြုံရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ကျော်စိုး ဖြစ်ပါတယ်။ တကယ် ဒိုင်းနမိုက်ဆင်ရသူက အင်ဂျင်နီယာတပ်ဗိုလ်မှူးထွန်းရီပါ” လို့ဆိုပါတယ်။ ဗိုလ်လှမြင့်ကို အယောင်ဖျောက်ထားခဲ့ဟန်ပါပဲ။ ဗိုလ်အောင်ကြီးဖွင့်ပြောသူတွေက အစွယ်အပွားတွေပါ။ အဓိကကြိုးကိုင်သူတွေတော့ မဟုတ်ကြပါဘူး။
လေတပ်ဒုဗိုလ်မှူးကြီးအောင်ညွန့်ရဲ့သားလည်းဖြစ်၊ ဗိုလ်မှူးသာဒိုးရဲ့သမက်လည်းဖြစ်တဲ့ ဇာနီမောင်က သူ့ယောက္ခမဖြစ်သူ ဗိုလ်မှူးသာဒိုးရဲ့ပြောပြချက်ရေးသားမှတ်တမ်းပြုရာမှာ “သူတို့အားလုံးဖောက်ခွဲရေးယမ်းများနေရာအနှံ့တပ်ဆင်ပြီးချိန် အသင့်ဖြစ်နေကြောင်းကို တပ်မှူးဗိုလ်မှူးထွန်းရီထံ သတင်းပို့ကြသည်။ +++++++ ဗိုလ်မှူးထွန်းရီမှ နောက်ဆုံးတကြိမ်ထပ်စစ်ဆေးစေပြီး “ဖောက်ခွဲမိန့်” ပေးသည်။ စစ်အင်ဂျင်နီယာတပ်မှ ‘ဆေး ပြင်းလိပ် တင်အောင်’ ဟု လူသိများသူ နောင် ဗိုလ်မှူးတင်အောင်မှ ‘စနက်တန်’ကိုခွဲသည်” လို့ဆိုတယ်။ ဒီအချက်တွေက သမဂ္ဂဖြိုရာမှာပါဝင်ပတ်သူအချို့ကို ပြည့်စုံအောင်တင်ပြတာပါ။ ဗိုလ်လှမြင့်ကိစ္စက ဒီလောက်ဆိုလုံလောက်ပါပြီ။ သမဂ္ဂဖြိုတဲ့အကြောင်းဆက်ကြပါစို့။
ဒီအချက်တွေကိုထောက်ပြီး ဗိုလ်နေဝင်းနဲ့ဗိုလ်လှမြင့် အပြန်အလှန်နှုတ်ဆိတ်အကာကွယ်ပေးခဲ့လေသလားဆိုတာစဉ်းစားစရာဖြစ်လာတယ်။ ဒီအခြေနေကိုသိတဲ့ဗိုလ်အောင်ကြီးကလည်း ဖော်တဝက်ဖုံးတဝက်နဲ့ ရှင်း လင်းချက်ထုတ်ခဲ့တာပါ။ ဗိုလ်လှမြင့်အကြောင်းကိုလည်း သာမန်အကြံပေးသူတယောက်အနေနဲ့လောက်ပဲဖော်ပြခဲ့တာ။ ဗိုလ်နေဝင်းနဲ့ပတ်သက်ပြီးလည်း အစပိုင်းမှာ ဗိုလ်ကျော်စိုးပြောစကားကိုကိုးကားပြီး “ တဖက်က RT နဲ့ မပစ်သေးဘူးလား။ ရီကွိုင်းလက်ဂန်းနဲ့ပစ်” ဆိုပြီး ဗိုလ်နေဝင်းခိုင်းတယ်ဆိုတာပေါ်လွင်အောင် ရေးခဲ့တယ်။ တခါ ဂါးဒီးယန်းဦးစိန်ဝင်းတို့ကို ဗိုလ်နေဝင်းထုတ်ပြောတဲ့ “ကျောင်းသားတွေပစ်သတ်ဖို့အမိန့်ပေးတာက ကျုပ်” ဆိုတဲ့အချက်ကို မရဲတရဲဖော်ပြတာကလည်း ၇ ဂျူလိုင်လူသတ်မှုဟာ ဗိုလ်နေဝင်းခိုင်းတာကို ပေါ် လွင်စေခဲ့တယ်။
ဒါပေမယ့် ၁၉၈၈ မေလ ၉ ရက်နေ့ရှင်းတမ်းမှာတော့ ဗိုလ်အောင်ကြီးက “ကျောင်းသားသမဂ္ဂကြီး ဒိုင်နမိုက်နဲ့ခွဲတဲ့ကိစ္စမှာတော့ ဗိုလ်ချုပ်ကြီးမပါကြောင်း ယေဘုယျသဘောပေါက်ပါတယ်။ ဗိုလ်ချုပ်ကြီးက သူအမိန့်မပေးဘူးဆိုတာ အတိအလင်းတပ်မှူးများညီလာခံမှာ ကြေညာပါတယ် ” လို့ ရီကွိုင်းလက်ဂန်းနဲ့ပစ်ခိုင်းတာကို ထန်း လက်နဲ့ကာပေးခဲ့တာလည်း ဗိုလ်အောင်ကြီးပါပဲ။
-
* နိဂုံးပိုင်း (၂) နောက်ဆုံးအပိုင်းကို ဇူလိုင် ၈ ရက်နေ့တွင် ဆက်လက်ဖော်ပြသွားပါမည်။
မိုးမခ
* ဓာတ်ပုံများ ဂူဂယ်မှ ကူးယူဖော်ပြထားပါသည်။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar