Breaking News

ဉာဏဉာဏ် - အာဇာနည်စိတ်

Image- Credit
အာဇာနည်စိတ်
ဉာဏဉာဏ် 
(မိုးမခ) ဇူလိုင် ၁၉၊ ၂၀၂၃

အယူရှိရင် အပေးရှိရသတဲ့
နိယာမသဘောအရ 
သေမင်းကတော့ အကောင်းကြိုက်တယ်

လူအများ တိုးတက်ဖို့
တစုံတဦးက တွန်းတင်ပေးရ
လူအများ လွတ်မြောက်ဖို့
တစုံတဦးက စတေးခံရ
လူအများ နားခိုဖို့
တစုံတဦးက အရိပ်ကောင်းသစ်ပင်ဖြစ်ပေးခဲ့ရ
ကိုယ်ကျိုးကို အများအတွက်
ရိုက်ချိုးခဲ့တဲ့ ကြားခံဟာ နင်းပြားမဟုတ်ခဲ့ဘူး

နိုင်ငံတော်အလံကို တိုင်တဝက် လွှင့်ထူလို့ထား
ငါတို့ရဲ့ ဝမ်းနည်းအောက်မေ့ခြင်းများ
ကောင်းကင်ဘဝဂ်ဝယ် လွှင့်တင်လို့ထား
အဇုဌ အတိုင်းမသိ ကြေကွဲခြင်းများ 

ခေတ်က အသစ်ကို တောင်းတယ်
အဟောင်းက အကောင်းအတိုင်းရှိနေတယ်

သမ္မာလမ်းမှာ ကျတဲ့ သွေးများ
ဓမ္မလမ်းမှာ ကျခဲ့ သွေးများ
ဟစ်အော်သံပေး ရဲရဲနီစွေး‌

အမှန်တရားအတွက် အဆိပ်ခွက်ကို 
ရဲရဲတောက် မော့သောက်ရဲတဲ့စိတ်
လွတ်လပ်ခြင်းအတွက် 
ကိုယ့်အသက်ကို ယဇ်အဖြစ် စတေးရဲတဲ့စိတ်

ရှိတယ်
ရှိတယ်
အခုလည်း ရှိတယ်
နောင်လည်း ရှိဦးမယ်
အာဇာနည်စိတ်နဲ့ လူတွေ ။

July_19

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar