ဆယ်ပေါင်တူ - မြောက်နေပြည်က အယ်ဘ’ကင်ကြင်စိုး’
ဆယ်ပေါင်တူ - မြောက်နေပြည်က အယ်ဘ 'ကင်ကြင်စိုး'
(မိုးမခ) ဇူလိုင် ၁၉ ၊ ၂၀၂၃
‘ဘကြင် ဒီအတိုင်းဆိုရင်တော့ မဖြစ်တော့ဘူးနဲ့ တူတယ်’
ကြင်စိုး မျက်နှာရိပ် မျက်နှာထားကို မသိမသာ အကဲခတ်ပြီး မဲလုံး မဝံ့မရဲ သွေးတိုးစမ်းလိုက်သည်။
အစမရှိ အဆုံးမရှိ စကားဆိုပေသည့် ကြင်စိုးတယောက် မဲလုံး ဘာကို ဆိုလိုသည်ကို ချက်ချင်းသဘောပေါက် သည်။
‘ငါလည်း တတ်သလောက် မှတ်သလောက်တော့ လုပ်နေတာပဲ၊ ‘လမ်းအားလုံး နေပြည်တော်သို့’ ဆိုတော့ ရှိသမျှ လမ်းအားလုံး ကြိုပြီး ဖျက်ထားရရင် ကောင်းမလားလို့’
မဲလုံး အတော်လေးစိတ်ပျက်သွားသည်။ ညံ့လိုက်တဲ့သူ၊ ဒီလိုလူမျိုးရဲ့ခေါင်းထဲက ဒီလောက်ပဲ စဉ်းစားတတ်မှာ ပေါ့လေလို့ တွေးမိသွားသော်လည်း ပါးစပ်ကတော့ မထွက်ရဲ။
‘မင်းလည်းစဉ်းစားကြည့်ကွာ အခုယိုးဒယား သင်္ဘောသီးသုပ်နဲ့ ဆီးရီးယား ဂျင်းသုပ် ကျွေးကြည့်ပြန်တော့လည်း ဘယ်သူကမှ ယုံယုံကြည်ကြည် မစားကြဘူး၊ ပြည်သူတွေက အရမ်းတော်နေတာလား ငါတို့တတွေကပဲ သုံးစား မရအောင် ညံ့ဖျင်းနေတာလား’
‘နှစ်ခုလုံးဖြစ်နိုင်တယ် ဘကြင်’
စိတ်သိပ်မကြည်လင်တော့သည့် မဲလုံးက ဤမှာတွင် ရပ်မသွားပဲ ဆက်ပြောလေသည်။
‘လက်ဖက်ခြောက်တို့အုပ်စုက ပြောနေကြပြီ၊ ဘကြင်တယောက် အကွက်ပျက်နေပြီ ဒီထက်ပိုပြီး သူတို့စိတ်မ ရှည်နိုင်တော့ဘူး ဆိုလားပဲ’
အနားရှိသမျှ သံသယနှင့် ကြည့်ပြီး ကျီးလန့်စာစား ခြောက်ခြားနေရသည့် ကြင်စိုးကို မဲလုံးထပ်ခြောက်လိုက်ခြင်း ဖြစ်သည်။ ဟုတ်တော့လည်း ဟုတ်သည်၊ စားထား ဝါးထားရာမှာတော့ တမိသားစုလုံး ထိပ်ဆုံးက၊ အခုကျမှ မကြံ တတ် မလုပ်တတ် ဖြစ်နေလို့တော့ မရဘူး၊ လန့်ဖျန့်သွားအောင် ဖျင်ဝ မီးစပြင်းပြင်းနှင့် ထိုးမှဖြစ်မည်ဟု သူက တွေးထားသည်။
လက်ဖက်ခြောက် ဆိုသည်ကို ကြားလိုက်သည်နှင့် ကြင်စိုး လှုပ်လှုပ်ရွရွ ဖြစ်သွားသည်။ ဟုတ်သည်လေ၊ အနီး ကပ်ရန်သူကို သတိမထားလို့ မဖြစ်၊ တော်ကြာ ဗိုလ်စောမောင်တုန်းကလို ရူးပြီသွပ်ပြီဆိုပြီး အကောက်ကြံလိုက် မှဖြင့်။
အကိုကြီး ညီလေး စီနီယာ ဂျူနီယာ ဆိုတာတွေကလည်း အပိုပါပဲ၊ တကျောင်းတည်းဆင်းတွေက တကြိတ်တည်း တဥာဏ်တည်း၊ အမြီးကျက် အမြီးစား ခေါင်းကျက်ခေါင်းစား အကျင့်ပျက် သန္ဓေယုတ် ပေါက်လွတ်ပဲစား က လေကဝ အလေနတော ဗြောင်လိမ်ဗြောင်စားတွေ။ တွေးရင်းတန်းလန်း သူလည်းအဲဒီထဲ တယောက်အပါအဝင် ဖြစ်နေတာကို သတိရမိသွားပြီး အတွေးကို ဖြတ်ချလိုက်ရသည်။
‘အကွက်ပျက်ရအောင်လို့ ငါ့မှာ နဂိုကတည်းက ဘာအကွက်မှ မရှိဘူး၊ထင်ရာမြင်ရာ ရမ်းသန်းလျှောက် လုပ်နေတာ’
သူ့စကားအကြားမှာ မျက်နှာငယ်လေး ဖြစ်သွားရှာသည့် မဲလုံးကို မြင်လိုက်ရတော့ ကြံဖန်အားပေးမှ ဖြစ်တော့မည်ဟု ကြင်စိုး သဘောပေါက်သွားသည်။
‘ဒီမှာ ငါ့ကောင်ကြီးမဲလုံး မင်းဘာမှစိတ်မပျက်နဲ့ အားမငယ်နဲ့။ ငါ့ရဲ့ မဟာအကြံအစည်တော်ကြီးကို မင်း အားတက်သွားအောင် ရှင်းပြမယ်။ ငါ့နောက်ကိုသာ လိုက်ခဲ့’
ပြောပြောဆိုဆို ကျည်ကာအင်္ကျီကောက်ဝတ်ပြီး ရှေ့ကထွက်သွားသည့် ကြင်စိုး၏နောက်ကို အမီလိုက်ရင်း သူ့အိမ်ထဲမှာတောင် အကြောက်ပိုနေရပါလားလို့ မဲလုံးတွေးနေမိသည်။ မြေအောက်လိုဏ်ဂူထဲ ဆရာတပည့် နှစ်ယောက် ဝင်္ကပါလို မြွေလိမ်မြွေကောက်လမ်းတွေကို ဖြတ်လျှောက်ပြီး သကာလ ဇိမ်ခန်းလိုလို အနှိပ်ခန်းလိုလို ကာရာအိုကေခန်းလိုလို ခန်းမကြီးတခုဆီသို့ ရောက်သွားကြသည်။
ဖွင့်ထားသည့်သီချင်းက ကိုရီးယားသီချင်းလိုလို ဘာလိုလို၊ တွေ့ရသည့် စာတမ်းတွေကလည်း မြန်မာစာတလုံးမျှ မပါ၊ ဘာစာတွေလဲ မသိ။ မြန်မာအက္ခရာကလွဲရင် ဘာမှ ရေးရေးရာရာ မသိလေသည့် မဲလုံးတယောက် တွေးရင်း အဖြေရှာမရ ဖြစ်နေသည်။ နိုင်ငံတကာအရေး၊ စစ်ရေး ရှိရှိသမျှအရေးတွေမှာ ခွက်ခွက်လန်နေသမျှကို ပြန်တုံ့ပြန်နိုင်ဖို့ အားတက်စရာ မဟာ့မဟာ အကြံအစည်ဆိုသည်က ဘယ်လိုမျိုးပါလိမ့် ဆိုပြီးလည်း မဲလုံး စဉ်းစားမရ ဖြစ်နေမိသည်။
‘မင်း ဒီမှာ ခဏစောင့် ဘားကောင်တာက ကြိုက်တဲ့အရက်ယူသောက်’
ပြောပြောဆိုဆို ကြင်စိုး လှစ်ခနဲ ပျောက်သွားသည်။ အရက်ပုလင်းတွေ ကြည့်လိုက်တော့လည်း အားလုံးက တန်ဖိုးကြီးအရက်တွေ၊ ကိုရီးယားတံဆိပ် အရက်တွေလည်း ပါသည်။
ကိုရီးယားအငွေ့အသက်များ ဖုံးလွှမ်းနေသည့် အခန်းကို အသာဝေ့ကြည့်ရင်း ‘ဘကြင်အိမ်က ကိုရီးယားနဲ့များ ဆက်နေသလား၊ မဖြစ်နိုင်ပါဘူး ငါတို့ လမ်းလျှောက်လာတာ သိပ်မှမကြာလိုက်တာ’ မဲလုံး တွေးမရတဲ့အဆုံး မူးရင် ပြီးရော ဆိုကာ မသောက်ဖူးသည့် ဈေးကြီးပုံရမည့် ကိုးရီးယား အရက်တပုလင်းဆွဲယူပြီး အသာငှဲ့ သောက်နေလိုက်သည်။
‘ကိုရီးယား အရက်ကပဲပြင်းလို့ ငါ မူးသွားတာများလား၊ ဒါမှမဟုတ် ငါပဲ အကြည့် မှားနေတာလား’ဆိုကာ မဲလုံး သူ့မျက်စိကို အခါခါပွတ် ကြည့်မိသည်။
‘ဟားဟား ငါပါကွ မဲလုံးရ’
မြောက်ကိုရီးယားက ဖက်တီးပုတ်လေးလို တကိုယ်လုံး ဝတ်စားထားရုံမက သူ့ဆံပင်ပုံစံ ဆံပင်တုကိုပါ တပ်ထားသော ကြင်စိုးက အရယ်တဝက်ဖြင့် လှမ်းပြောလိုက်သည်။
‘ဘကြင်ကလည်းဗျာ ကျနော်က မြောက်ကိုရီးယားများ ရောက်သွားတာလားလို့’
‘ဟဲဟဲ တူတယ်မဟုတ်လား၊ နေဦးကွ မင်းကိုပြောထားရဦးမယ်၊ ဒီအခန်းထဲမှာ မင်းငါ့ကို ဘကြင်လို့ မခေါ်နဲ့ ‘ဘကင်’လို့ပဲခေါ်’
အရက်ရှိန်နှင့် ရီဝေဝေဖြစ်နေသည့် မဲလုံး ပိုပြီးဇဝေဇဝါ ဖြစ်သွားတာကို ကြင်စိုး သဘောပေါက်သွားပြီး
‘ဒီလိုကွ၊ အစကတော့ ငါက တနိုင်ငံလုံးကို မြောက်ကိုရီးယားလို ဖြစ်သွားစေရမယ်ပေါ့၊ ဒါပေမယ့် မဖြစ်နိုင်ဘူး ဆိုတာ သိသိလာတော့ နိုင်ငံရဲ့ တစိတ်တပိုင်းပဲ ဖြစ်သွားရင်တောင် ကျေနပ်ပြီလို့၊ ဒါလည်း ဘယ်လိုမှ ဖြစ်မလာမှာ သေချာလာတော့ အင်းလေ နေပြည်တော်တဝိုက်လောက်ကျန်ရင် တော်ပြီပေါ့ ဆိုပြီး တဖြည်းဖြည်း စိတ်လျှော့လိုက်တယ်’
‘အခု ဟိုကောင်လေးလို လုပ်ချင်တာလုပ် ထင်တိုင်းကြဲလို့ရအောင် သူ့ဆီက ဓာတ်ကူးဖို့ အပြင်းအထန် ကြိုးစားနေတာ၊ ဒီအခန်းက ငါ့ရဲ့ ’ဓာတ်ကူးခန်း’ပေါ့၊ သူ ဝတ်စားသလို နေထိုင်စားသောက်သလိုမျိုး ငါက ဒီအခန်းထဲမှာ လိုက်ပြီးတုတယ်။ သူ သုံးထားတဲ့ အသုံးအဆောင် ပစ္စည်းတွေအဟောင်းလည်း တကူးတကမှာ ဝယ်ပြီး စုထားတာ။ တွေ့လား ဒီအိပ်ရာပေါ်က သူ့ပုံတူ လေမှုတ်အရုပ်ကြီးက ညညဆို ငါ ဖက်အိပ်ဖို့။
‘ဒီအခန်းထဲမှာ ငါ့ကိုယ်ငါလည်း ‘ကင်ကြင်စိုး’ဆိုပြီး နာမည်ပြောင်းထားတယ်။ ဒါ့ကြောင့် ငါ့ကို ‘ဘကင်’လို့ပဲ မင်းကို ခေါ်ခိုင်းတာ၊ သူ့ဓာတ်တွေသာ ငါ့ဆီကို ကူးလာခဲ့ရင်တော့ နေပြည်တော်တခွင်လုံး မျက်မွေးထော် မော်လို့တောင် ကြည့်ဝံ့ကြတော့မှာ မဟုတ်ဘူး၊ ‘ကင်ကြင်စိုး’ ပြောသမျှ ဘယ်သူမှ အတွန့်တက်ရဲကြမှာ မဟုတ်ဘူး’
‘အဲဒီတော့မှ မြောက်နေပြည်ရီးယား နိုင်ငံသစ်အနေနဲ့ ကုလသမဂ္ဂတို့ အာဆီယံတို့ကို သွားတက်ပစ်လိုက်မယ်’ ကြင်စိုးက သူ့ကို အရာမသွင်းကြသူများ အကြောင်းကိုလည်း မကျေမချမ်း ထည့်ပြောလိုက်သေးသည်။
ထင်သာမြင်သာအောင်ပြောရရင် မဲလုံးတို့တတွေမှာ ပါသည့် ဦးနှောက်ခပ်သေးသေး ဆိုတာက အကြိမ်ပေါင်း များစွာ လျှော်ဖွပ်ခံထားရသည့် တထည်တည်းသော လံကွတ်တီ အစုတ်အပြတ် သာသာမျိုးလိုပင်၊ အရောင်အသွေးလည်း ဘာမှမရှိတော့၊ ဆက်လည်းဝတ်ဖို့မကောင်း၊ သို့သော် လွှင့်ပစ်လို့လည်း မဖြစ်သေးဆိုသလို မည်ကာမတ္တမျိုးမျှသာ။
သူတို့၏ဦးနှောက်များက စဉ်းစားဆင်ခြင်သည့် အလုပ်မျိုး မလုပ်နိုင်ရှာသည့်အပြင် ဓာတ်တွေဘာတွေကိုလည်း အယုံလွယ်တတ်ကြသူများ ဖြစ်လေတော့ ကြင်စိုး ပြောနေတာများက ဟုတ်တုတ်တုတ်ပဲဟု မဲလုံး ထင်နေမိသည်။
‘ဒါက သူ ဝတ်ထားတာ၊ ဒါက သူ စားထားတာ၊ ဒါက သူ သောက်ထားတာ၊ ဒါက သူသုံးထားတာ’ ဆိုပြီး အခန်းထဲမှာ ရှိသမျှကို ကြင်စိုး လိုက်ပြရင်း တလက်စတည်း ဓာတ်ကူးစေဖို့ ကိုင်လိုက် နမ်းလိုက် လုပ်နေပြန်သည်။
‘ဟာ အဲဒါက ဘာကြီးလဲ နံလိုက်တာ’
မဲလုံးက မျက်နှာကိုရှုံ့ နှာခေါင်းကိုပိတ်ရင်း အလန့်တကြား ပြောလိုက်သည်။ ကြင်စိုးကတော့ သူ့အာရုံနှင့်သူ ဓာတ်ကူးဖို့ တပြင်ပြင် ဖြစ်နေရာက အသာလှည့်ကြည့်ပြီး-
‘မင်းကလည်းကွာ ဒီလောက်မဆိုးပါဘူးကွ၊ ဒီကောင်လေးက အစားပုတ်တော့ အဲသလောက်တော့ရှိမှာပေါ့။ သူ့ကိုယ်ထဲက တိုက်ရိုက်ထွက် ကျလာတာဆိုတော့ သူ့ဓာတ်အစစ်တွေ ပါလာမှာ သေချာတယ်၊ ဒါက အမှန်အကန်ကွ၊ မရမက မှာပြီး ရှာပြီး ဝယ်ထားရတာ’ လို့လည်း ပြောလိုက်သေးသည်။
‘သိတယ်မဟုတ်လား ရှေးတုန်းက ‘ဓာတ်’မှန်မှန်သွားရဲ့လား ဆိုပြီး ပြောကြဆိုကြတာ၊ ဒီတော့ ဒီအထဲမှာ ဓာတ်တွေ အပုံအပင် ပါနေမှာ အသေအချာပဲ’ လို့ဆိုကာ တယုတယ တို့လိုက်ထိလိုက် နမ်းလိုက်ရှိုက်လိုက် အကြိမ်ကြိမ် မရွံမရှာ ဓာတ်ကူးနေပါတော့သည်။ တကြိမ်တွင်မူ လျှာဖြင့် အသာတို့ဖို့ ဟန်ပြင်လိုက်သော်လည်း မဲလုံးအနားမှာ ရှိနေသည်ကို သတိရသွားပြီး ဆက်တော့မတို့ဖြစ်။ ဒါကို မဲလုံးက မြင်ဖြစ်အောင် မြင်လိုက်သေးသည်။
သောက်ထားသမျှ အမူးပြေသွားသည့် မဲလုံးခမျာ ကြင်စိုး ဖြစ်ပျက်နေသည်ကို ကြည့်ပြီး ‘ဪ ဒီလိုလူမျိုးကိုမှ တပ်ချုပ်တင်ထားရတဲ့ ငါတို့အဖြစ်က ဆိုးလွန်းလှပါတယ်၊ သူ့အပြစ်တင်မကပဲ ငြိမ်ခံနေကြတဲ့ ငါတို့အားလုံးရဲ့ အပြစ်တွေလည်း ပါတယ်’ဟု တီးတိုးရေရွတ်ရင်း မမူးမဖြစ် မူးမှဖြစ်တော့မည့်အတွက် တခွက်ပြီးတခွက် အမူး သောက်ရင်း အရက်ပုလင်းပုံကြားထဲ ခေါင်းစိုက်ကာ ကျန်ရစ်ခဲ့ပါတော့သည်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar