Breaking News

စစ်ကောင်စီ သံတမန်နယ်ပယ်မှာ အသိအမှတ်ပြုခံရရေး ကြိုးပမ်းနေ

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၁၈ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၁၉၊ ၂၀၂၃


စစ်ကောင်စီ သံတမန်နယ်ပယ်မှာ အသိအမှတ်ပြုခံရရေး ကြိုးပမ်းနေ

စစ်အာဏာသိမ်းပြီး အာဏာချုပ်ကိုင်ရယူထားတဲ့ စစ်ကောင်စီကို ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့်ရရေး အပြည့်အဝမရှိသလို၊ အာဆီယံအဖွဲ့ကြီးကလည်း အာဏာသိမ်းပြီး ၂ လကျော်အကြာမှာ ပေးခဲ့တဲ့ ကတိကဝတ်ကို အကောင်အထည်မဖော်တဲ့ စစ်ကောင်စီကို အစည်းအဝေးတွေမှာ နိုင်ငံခြားရေးဝန်ကြီးလို အဆင့်တွေကို တိုးတက်မှုမရှိမချင်း ဖိတ်ကြားခြင်း မပြုဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ 

စစ်ကောင်စီ အနေနဲ့ ၄င်းကို အသိအမှတ်မပြုတဲ့ အနောက်နိုင်ငံတွေ၊ အာဆီယံနိုင်ငံတချို့ ကို ရပ်တည်ချက်ပြောင်းအောင် ဆွဲဆောင်နိုင်ခြင်းမရှိတဲ့အခါမှာ အခြားသော ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ တောင်အာရှနိုင်ငံတွေ၊ စစ်တပ်နောက်ခံ အစိုးရချင်းတူညီပြီး ရပ်တည်ချက်ချင်း တူညီတဲ့ ထိုင်းလို နိုင်ငံ၊ တပါတီအာဏာရှင်စနစ်နဲ့ သွားနေတဲ့ အင်အားကြီး နိုင်ငံတချို့ဖြစ်တဲ့ တရုတ်၊ ဒီမိုကရေစီ နိုင်ငံဖြစ်ပေမယ့် ဒေသတွင်း နိုင်ငံရေး ပထဝီအရ မြန်မာ့နိုင်ငံကို ထိတွေ့ဆက်ဆံတဲ့ ဗျူဟာကို ဆုပ်ကိုင်ထားလိုတဲ့ အိန္ဒိယလိုနိုင်ငံတွေနဲ့ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာတို့ကတော့ ၄င်းတို့နိုင်ငံတွေရဲ့ အမျိုးသားအကျိုးစီးပွားအတွက်  မြန်မာစစ်ကောင်စီကို ထိတွေ့ဆက်ဆံတဲ့ ဗျူဟာကို ကိုင်စွဲထားကြတာ တွေ့ရပါတယ်။ 

ခုရက်ပိုင်း ဘန်ကောက်မြို့မှာ ကျင်းပနေတဲ့ ဘင်္ဂလားပင်လယ်အော် ဒေသနိုင်ငံများ အဖွဲ့ (ဘင်းစတက်) အစည်းအဝေးကို စစ်ကောင်စီရဲ့ နိုင်ငံခြားရေး ဝန်ကြီး တက်ရောက်ခွင့်ရပြီး ဒီအစည်းအဝေးကို အကြောင်းပြုပြီး စစ်ကောင်စီကို သံတမန်ရေးအရ အသိအမှတ်ပြုတဲ့ နိုင်ငံတွေများပြားလာအောင် ကြိုးစားနေတဲ့ အနေအထားလို့ဆိုနိုင်ပါတယ်။ 

ဒေသတွင်းနိုင်ငံအချို့ကတော့ ၄င်းတို့နိုင်ငံတွေနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ဖြတ်တောက်ထားတာထက် ထိတွေ့ဆက်ဆံခြင်းအားဖြင့် ၄င်းတို့နိုင်ငံ အကျိုးစီးပွားအတွက် ဆောင်ရွက်နိုင်မယ်လို့ ယူဆချက်မျိုး ရှိကြတာလည်း ဖြစ်ပါတယ်။ 

အစိုးရအဖွဲ့ကို ထောက်ခံခြင်းထက် အာဏာကို လက်ဝယ်ရယူထားတဲ့ နိုင်ငံ (state) အဖြစ်နဲ့ ထိတွေ့ဆက်ဆံတာလို့လည်း အဆိုပါနိုင်ငံတွေက ယူဆကောင်း ယူဆထားကြပါလိမ့်မယ်။ အိန္ဒိယနိုင်ငံအနေနဲ့ နယ်စပ် ဒေသအချို့က လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ ပြဿနာ၊ ဒေသတွင်း သုံးနိုင်ငံလမ်းမကြီး ဖောက်လုပ်မယ့် အာရှသုံးနိုင်ငံလမ်းမကြီး စီမံကိန်းလို၊ ကုန်းတွင်းပိတ်ပြည်နယ်အချို့အတွက် ကုလားတန်မြစ်ကနေ ပင်လယ်ထွက်ပေါက်ဖြစ်တဲ့ ကုလားတန် စီမံကိန်း စတာတွေက ရေရှည်ရည်မှန်းချက်နဲ့ လုပ်ကိုင်ဆောင်ရွက်တဲ့ စီမံကိန်းတွေ ဖြစ်ပြီး လက်ရှိစစ်အာဏာသိမ်း အစိုးရကို ကြိုက်ခြင်း၊ မကြိုက်ခြင်းထက် အိမ်နီးချင်း နိုင်ငံနဲ့ ဆက်သွယ်လုပ်ဆောင်ရမယ့် အရာကို ပြတ်တောက်မသွားအောင် လုပ်ဆောင်မယ် ဆိုတဲ့ ရည်ရွယ်ချက်မျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

တဖက်မှာတော့ စစ်ကောင်စီအဖို့ ၄င်းတို့ကို ဒေသတွင်းနိုင်ငံအချို့က အစိုးရအဖြစ် အသိအမှတ်ပြု ဆက်ဆံတယ်ဆိုတဲ့ အချက်ကို သက်သေပြလိုဇောနဲ့ အခုအစည်းအဝေးတွေကို တက်ကြွစွာ ပါဝင်နေတဲ့ သဘောဖြစ်ပါတယ်။ 

ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး ဆိုတဲ့ စံနှုန်းတွေဟာ နေရာတိုင်း အခြေအနေတိုင်းမှာ ပထမဆုံးဦးစားပေးကြတာမျိုး မဟုတ်ပဲ၊ အမျိုးသားအကျိုးစီးပွားလို့ ဆိုကြတဲ့ မိမိတို့နိုင်ငံရဲ့ အကျိုးအမြတ်ရှိမယ့် အခြေအနေမျိုးကို ပထမဆုံး ဦးစားပေးကြတာကို သဘောပေါက် သင်ခန်းစာယူကြရမယ့် အနေအထားလို့ ဆိုရမှာ ဖြစ်ပါတယ်။ 

ဒီနေ့ အဖို့ အခြားသော သတင်း အကြောင်းအရာတွေအထဲမှာတော့ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှာ စစ်ကောင်စီတပ် နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်မှု လုပ်ဆောင်ခဲ့တဲ့ သတင်း၊ ကချင်ပြည်နယ် နမ်ဆန်ယန်က ကေအိုင်အေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သလို စစ်ကိုင်းတိုင်းမှာတော့ ခုရက်ပိုင်း မြင်းမူမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီ တပ်တွေ ဝင်ရောက်နေပြီး နေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ ၆၀၀ ဝန်းကျင်မီးရှို့ဖျက်ဆီးခံရတဲ့ သတင်းတွေ၊ မြဝတီမြို့အနီးက စစ်စခန်းတွေကို ကေအန်ယူနဲ့ ပီဒီအက်ဖ် ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်တာတွေ ယမန်နေ့ညက ဆက်လက်ဖြစ်ပွားနေတဲ့ သတင်းတွေ ဖြစ်ပါတယ်။ 

စစ်ကောင်စီတပ်တွေ ကန်ပက်လက် မြို့ အနီး စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားအပြီး ကန်ပက်လက်မြို့နယ်ထဲက မဆာတွီကျေးရွာကို စစ်ကောင်စီလေယာဥ်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ သတင်းတွေ ထွက်ပေါ်လာပြီး နေအိမ်နဲ့ ဘုရားကျောင်းတကျောင်း ပျက်စီးကာ လူဦးရေ တထောင်ဝန်းကျင် ထွက်ပြေးတိမ်းရှောင်ကြရတဲ့ အကြောင်း သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။ 

ချင်းပြည်နယ်မှာ အခုလို တိုက်ခိုက်မှုတွေ ဖြစ်နေချိန်မှာ ၊ ကချင်ပြည်နယ်မှာတော့ လိုင်ဇာနဲ့ ၁၀ မိုင်ခန့်သာကွာဝေးတဲ့ မြစ်ကြီးနား ဗန်းမော်ကားလမ်းပေါ်က နမ်ဆန်ယန် ကျေးရွာအနီးမှာ ကေအိုင်အေနဲ့ စစ်ကောင်စီအကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သလို ကေအိုင်အေက လိုင်ဇာမြို့မှာနေထိုင်ကြသူတွေကို သတိနဲ့ သွားလာနေထိုင်ကြဖို့ အသိပေးကြေညာချက် ထုတ်ပြန်ထားတယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။ 

စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီက တရွာဝင် တရွာထွက် တိုက်ခိုက်တာ မီးရှို့ဖျက်ဆီးတာ ပီဒီအက်ဖ် အဖွဲ့ဝင်၊ အားပေးသူလို့ မသင်္ကာသူတွေကို သတ်ဖြတ်တာတွေ လုပ်ဆောင်နေစဥ်မှာ တဖက်မှာ ကေအိုင်အေတပ်တွေနဲ့ နေရာအချို့မှာ ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းနဲ့ ပတ်သက်ပြီး မီးရှို့ဖျက်ဆီးခံရတဲ့ သတင်းတွေ အပတ်စဥ် တခါတရံ နေ့စဥ် တနေရာမဟုတ်တနေရာမှာ ဖြစ်ပွားလေ့ရှိပြီး ခုရက်ပိုင်းအတွင်းမှာတော့ မြင်းမူမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီ စစ်ကြောင်းတွေ ဝင်ရောက်ကာ နေအိမ်တွေမီးရှို့ဖျက်ဆီးခဲ့ရာမှာ ၂ ပတ်အတွင်း ၆၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ အကြောင်း အာရ်အက်ဖ်အေ သတင်းတပုဒ်မှာ ဖော်ပြထားတာဖြစ်ပါတယ်။  

မြန်မာနိုင်ငံ မြောက်ဖျား အထက်ပိုင်းနဲ့ အနောက်ပိုင်းက တိုက်ပွဲနဲ့ ပတ်သက်တဲ့ သတင်း၊ နေအိမ် မီးရှို့ဖျက်ဆီးခံရတဲ့ သတင်းတွေအပြီး ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲက နယ်ခြားစောင့်တပ်က ထိန်းချုပ်ထားတဲ့ စစ်ရေးအရ အရေးပါတဲ့ စခန်းတချို့ကို ကေအန်အယ်လ်အေနဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်နေတဲ့ သတင်းတွေဆက်လက် ထွက်ပေါ်နေပြီး ယမန်နေ့ညပိုင်းက လက်နက်ကြီး ပစ်ခတ်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပြီး မြဝတီတဖက်ကမ်း မဲဆောက်မြို့မှာ နေထိုင်သူတွေတောင် လက်နက်ကြီးသံတွေ ကြားနေရတဲ့ အကြောင်းမြို့ခံတချို့ရဲ့ ပြောဆိုချက်အရ သိရပါတယ်။ 

မြန်မာနိုင်ငံ အနှံ့အပြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ အရပ်သားတွေကို စွပ်စွဲ သတ်ဖြတ်မှုတွေနဲ့ နေအိမ် မီးရှို့ဖျက်ဆီးခံရမှုတွေက မြန်မာနိုင်ငံရဲ့ နေ့စဥ်မြင်ကွင်းသဖွယ် ဖြစ်လာနေပြီး နေ့စဥ်သတင်းတွေထဲက အခုလိုအကြောင်းအရာတွေက အသစ်အဆန်းမဟုတ်တဲ့ သဘောမျိုးတောင် ဆောင်လာနေတာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar