Breaking News

လှကျော်ဇော - တရုတ်ရဲ့ကမ္ဘာ့တပ်ပေါင်းစု ပေါ်လစီသစ် (၉)


လှကျော်ဇော - တရုတ်ရဲ့ကမ္ဘာ့တပ်ပေါင်းစု ပေါ်လစီသစ် (၉)

(မိုးမခ) ဇူလိုင် ၅ ၊ ၂၀၂၃



ဘင်္ဂလားဒက်ရှ့်က စာလေးတစောင်။

 အသက် ၁၃ နှစ်ရွယ် ဘင်္ဂလားဒက်ရှ်သူလေး အလီဖာချင်း ဆိုသူလေးက တရုတ်သမ္မတ ရှီကျင့်ပင်ဆီ စာတစောင် ရေးလာပါတယ်။ သူကလေးက စာထဲမှာ ရေးထားတာကတော့--- သူ အခုစာတွေ ကြိုးစားနေကြောင်းနဲ့ သူ ကြီးလာရင် ဆေးပညာတွေသင်ပြီး သူ့ရဲ့ တရုတ်မေမေ (Chinese Mama)လိုပဲ လူသားတွေကို ကယ်တင်မှာဖြစ်ပြီး တရုတ်-ဘင်္ဂလားဒက်ရှ် ချစ်ကြည်ရေးကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မယ်လို့ ရေးထားပါတယ်။

ကလေးများနေ့ ဇွန်လ ၁ ရက်မတိုင်ခင်လေးတင် သမ္မတရှီကလည်း စာပြန်လိုက်ပါတယ်။

စာထဲမှာ ဒီလိုရေးထားပါတယ်။

မိမိရဲ့ အိပ်မက်တွေ အကောင်အထည်ဖော်နိုင်ဖို့ဆိုရင် စာတွေ ကြိုးစားရမှာဖြစ်ပြီး နှစ်နိုင်ငံအကြားအစဉ်အလာ ချစ်ကြည်ရေးကို ပိုမိုအားထုတ်လုပ်ဆောင်ဖို့နဲ့ တရုတ်နဲ့ ဘင်္ဂလားဒက်ရှ် ချစ်ကြည်ရေးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀ ကျော် တရုတ် မင်မင်းဆက် ခေတ်က ကျန်းဟဲ ဆိုတဲ့ လှေသူကြီးတဦး ဘင်္ဂလားဒက်ရှ်ကို နှစ်ကြိမ်တိတိ ရောက်ရှိပြီး မျိုးစေ့ချပေးခဲ့တာ ဖြစ်ကြောင်း၊အခု အနှစ် ၆၀၀ ကျော်ပြီးနောက် တရုတ်ရေတပ်က ငြိမ်းချမ်းရေးလှေကြီး (Peace Ark)ဆိုတဲ့ ရေပေါ်ရွေ့လျားဆေးရုံကြီး(Mobile Hospital) ရဲ့ ချစ်ကြည်ရေးခရီးစဉ်အတွင်း ဒီအစဉ်အလာတွေကို ဆက်လက်ထိန်းသိမ်းနိုင်တဲ့အတွက် အထူးဝမ်းသာကြောင်းတွေ… ပါပါတယ်။

ဒီစာ ၂ စောင်ရဲ့ နောက်ခံအကြောင်းရင်းကတော့—

၂၀၁၀ ပြည့်နှစ်က ဒီ ငြိမ်းချမ်းရေးလှေကြီးလို့ အမည်ပေးထားတဲ့ တရုတ်ရေတပ်ရဲ့ ဆေးရုံသင်္ဘောကြီးတစင်း ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဘင်္ဂလားဒက်ရှ်နိုင်ငံက စစ်တကောင်းသင်္ဘောဆိပ်ကိုရောက်ရှိ ဆိုက်ကပ်လာပါတယ်။ ထုံးစံအတိုင်း ကမ်းပေါ်ကို ဆေးရုံသင်္ဘောကြီး ဆိုက်ကပ်လာပြီဖြစ်လို့ ဒေသခံပြည်သူများ လာရောက်ဆေးကုသမှုခံယူကြဖို့ အကြောင်းကြားပါတယ်။ ဒီတင် စစ်တကောင်းဆေးရုံက ဒီလို အကူအညီတောင်းလာပါတယ်။

သူတို့ဆီမှာ ပင်ကိုနှလုံးရောဂါနဲ့ နှလုံးစွမ်းအင် ကျဆင်းနေတဲ့ ကိုယ်ဝန်အရင့်အမာနဲ့ အမျိုးသမီးလူနာတဦး ရောက်နေကြောင်း၊ ကလေးရော မိခင်ပါ အသက်အန္တရာယ်စိုးရိမ်နေရကြောင်း၊ ဒါကိုလာရောက်ကူညီပေးစေလိုကြောင်း တောင်းဆိုလာတာပါ။

စစ်သင်္ဘောပေါ်က သားဖွားဘက်ဆိုင်ရာ ဆရာဝန်ကြီးရော၊ နှလုံးရောဂါအထူးကုရော၊ မေ့ဆေးဆရာဝန်ရော သူနာပြုဆရာမများပါ အပါ ဆေးအဖွဲ့တဖွဲ့ စစ်တကောင်းဆေးရုံကို စေလွှတ်လိုက်ပါတယ်။

သူတို့ရောက်ချိန်မှာ လူနာက စဗိုက်နာနေပါပြီ။ သူ့နှလုံးက အခြေအနေလည်း အတော်ဆိုးနေပါတယ်။ သာမန်မွေးရင်လည်း နှလုံးက ခံနိုင်မှာ မဟုတ်ပါ။ ခွဲစိတ်ဖို့ကလည်း မေ့ဆေးဒဏ်ခံနိုင်ဖို့ မလွယ်ပါ။

ဒီတော့ ပထမဆုံး လူနာနှလုံးကို တစုံတရာငြိမ်အောင် လုပ်ရပြီး ဆေးဝါးနဲ့တကွ ခေတ်မီပစ္စည်းပစ္စယ စုံလင်တဲ့ သူတို့သင်္ဘောပေါ် ခေါ်လာပြီးမှ လူနာကုသရေးစီမံကိန်းတခုကို အသေးစိတ် ရေးဆွဲရပါတယ်။ သူတို့ တရုတ်ပြည်က ဆရာကြီး သမားကြီးများနဲ့ (အထူးသဖြင့်မေ့ဆေးဖက်ဆိုင်ရာ) လှမ်းတိုင်ပင် ဆွေးနွေးကြရပါတယ်။

အဲဒီလူနာကုသရေးအစီအစဉ် ရေးဆွဲရာမှာရော လက်တွေ့လုပ်ဆောင်ရာမှာပါ အတော်အသေးစိတ် စီစဉ်ရတာပါ။ အဲဒီဖြစ်စဉ်တရပ်လုံး အဲဒီသဘောင်္ကြီးပေါ် တက်ပြီး ဆရာဝန်အဖွဲ့နဲ့တွေ့မေးမြန်းမှတ်တမ်းယူ ရိုက်ကူးထားတဲ့ ဗွီဒီယိုအခွေ ရှိပါတယ်။ အခု ရှာမတွေ့တော့ပါ။ မှတ်မိသလောက် ပြန်ရေးပါဦးမယ်။

လူနာက နှလုံးရောဂါ ပြင်းထန်နေလို့ ရိုးရိုးသာမန်လို မွေးဖို့မဖြစ်နိုင်၊ ခွဲရမှာကလည်း မေ့ဆေးမသုံးနိုင်၊ ဒီတော့  နှလုံးငြိမ်ဆေးလေး သုံးပြီးမှ ထုံဆေးလေး နည်းနည်းအရေပြားမှာ ထိုးပေး၊ တဖြည်းဖြည်း တိုးတိုးပြီး ဗိုက်ခွဲပြီး မွေးပေးရတာပါ။ ကလေးမွေးပြီးရင် သားအိမ်က ရှုံ့သွားရင် နှလုံးမခံနိုင်မှာ စိုးရပြန်ပါတယ်။ ဒါတွေအားလုံးကို စီစဉ်သူ အခရာဟာ မေ့ဆေးဆရာဝန်ကြီးပါ။

ဒီလိုနည်းနဲ့ အဲဒီသမီးကလေးကို နှလုံးရောဂါရှင် မိခင်က မွေးလိုက်နိုင်ပါတော့တယ်။ မိခင်ရော၊ကလေးရော အသက်ရှင်သွားပါတယ်။ ကလေးဖခင်က တရုတ်ဆရာဝန်တွေကို ကျေးဇူးတင်တဲ့အနေနဲ့ သမီးကလေးကို ဘင်္ဂါလီဘာသာနဲ့ တရုတ်လို့ အဓိပ္ပာယ်ရောက်တဲ့ 'ချင်း' ဆိုတဲ့ နာမည်လေး ပေးလိုက်ပါတယ်။ နာမည်အပြည့်အစုံက အလီဖာ ချင်း တဲ့။

ချင်း ကလေးဟာ သူတို့ စစ်တကောင်းဆိပ်ကမ်းကို တရုတ်ဆေးရုံသင်္ဘော ဆိုက်လာတယ် ကြားတိုင်း သင်္ဘောပေါ် လာရောက်ပြီး (သူ့အခေါ်) သူရဲ့ တရုတ်မေမေတွေကို ရှာတတ်ပါတယ်။

ဒီနေရာမှာ ကြုံလာလို့ ဒီ 'ငြိမ်းချမ်းရေးလှေကြီး' လို့ နာမည်ပေးထားတဲ့ တရုတ်ဆေးရုံသင်္ဘောအကြောင်း ပြောပြပါဦးမယ်။

တရုတ်ရေတပ်ပိုင် စစ်သင်္ဘောတစင်းဖြစ်ပြီး၊ စစ်ပွဲ အတွင်းဖြစ်စေ၊ သဘာဝဘေးကယ်ဆယ်ရေးအတွက်ဖြစ်စေ၊ ဆေးဝန်ထမ်းများ သင်ကြားလေ့လာရေးနဲ့ သုတေသနပြုရေးအတွက် ဖြစ်စေ ရည်ရွယ်ပြီး အဆင့်မြင့် (ရောဂါရှာဖွေရေးရော၊ ကုသရေးရော) နည်းပညာများ၊ ခွဲစိတ်ခန်းများ၊ (တပြိုင်တည်း လူနာ ၃၀ ခွဲနိုင်)၊ အရေးပေါ်လူနာခန်းများ၊ ဟယ်လီကော်ပတာ ဆင်းနိုင် တက်နိုင်တဲ့ကွင်းပါရှိတဲ့ အဆင့်မြင့်ဆေးရုံပုံစံ လုပ်ထားပါတယ်။

စစ်ပွဲတွေအတွက် ပြင်ဆင်တာဖြစ်ပေမယ့် ငြိမ်းချမ်းနေတဲ့ ကာလတွေမှာတော့ လူ့ကရုဏာတရားအရ  အကူအညီပေးဖို့ လိုအပ်လာချိန်မှာ ချစ်ကြည်ရေး ရည်ရွယ်ချက်နဲ့ ဖွံ့ဖြိုးဆဲနိုင်ငံအများအပြားကို လှည့်လည်သွားရောက်ဆေးကုပေးနေတာပါ။ ဆေးဝန်ထမ်းများ ရာချီပါဝင်ပြီး တခြားနိုင်ငံများက ဆေးရုံများ၊ ဆေးသင်္ဘောများနဲ့လည်း ပူးတွဲလေ့ကျင့်တာတွေ လုပ်ဆောင်တာတွေရှိပါတယ်။

ဒီလိုခရီးစဉ်တွေအတွင်း ၂၀၁၀ ပြည့်နှစ်က ဘင်္ဂလားဒက်ရှ်ကို ရောက်စဉ် အထက်ပါအဖြစ်အပျက်နဲ့ ကြုံခဲ့ရတာပါ။

တရုတ်က ဒီအဖြစ်အပျက်ကို အခွင့်ကောင်းအဖြစ် အသုံးချပြီး အဲဒီကလေးမလေးကို တရုတ်-ဘင်္ဂလားဒက်ရှ် နှစ်နိုင်ငံချစ်ကြည်ရေး ပြယုဂ်လေးအဖြစ် အတော်တန်ဖိုးထားတာ တွေ့ရပါတယ်။ တခါက ဟိုင်နန်ကျွန်းမှာ ကျင်းပတဲ့ အဲဒီသင်္ဘော နှစ်ပတ်လည်ပွဲကြီးတခုမှာ အဲဒီကလေးမလေးမိသားစုကို ဖိတ်ခေါ်ထားတာ တွေ့ဖူးပါတယ်။

တကယ်တော့ ဒီဆေးရုံသင်္ဘောဟာ ၂၀၀၈ ခုကစ တာဝန်ထမ်းဆောင်ပြီး အခုအခါ ခရီးစဉ်ပေါင်း ၉ ကြိမ်သွားခဲ့ပြီး ဖြစ်ပါတယ်။ နိုင်ငံပေါင်း ၄၃ နိုင်ငံမှာ လူနာရောဂါသည်ပေါင်း ၂ သိန်းကျော်ကို ကုသပေးပြီး ဖြစ်ပါတယ်။

ဒါ့အပြင် တရုတ်ရဲ့ ဆေးအဖွဲ့များလည်း အများကြီးရှိပါသေးတယ်။ အဲဒါနဲ့ပတ်သက်ပြီး ပုံပြင်တွေ၊ဇာတ်လမ်းတွေလည်း အများကြီးပါ။

ကိုဗစ်ကာလများအတွင်းက ဆေးအဖွဲ့များအကြောင်းတော့ ကြားဖူးကြမှာပါ။

နောင် ကြုံရင် ရေးပါဦးမယ်။

ဒီနည်းဟာလည်း တရုတ်ရဲ့ တပ်ပေါင်းစုဖွဲ့တဲ့ နည်းလမ်းတခုပါပဲ။





Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar