Breaking News

နေချိုသွေး - အာဇာနည်ဗိမာန်လေးချိုးကြီးနဲ့အာဇာနည်‌နေ့၊ လူငယ်‌လေး

Image- Credit
အာဇာနည်ဗိမာန်လေးချိုးကြီးနဲ့ အာဇာနည်‌နေ့၊ လူငယ်‌လေး
နေချိုသွေး
(မိုးမခ) ဇူလိုင် ၁၉၊ ၂၀၂၃

နယ်ချဲ့ကိုလိုနီလက်အောက်ကလွတ်မြောက်ဖို့ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ကြိုးပမ်းနေတဲ့ ဦးအောင်ဆန်းအပါအဝင် ဝန်ကြီးတချို့ အတွင်း ဝန်ကြီးများရုံးမှာ အစည်အဝေးကျင်းပနေတုန်း လုပ်ကြံခံခဲ့ရတယ်။
၁၉၄၇ ခုနှစ်၊ဇူလိုင် ၁၉ ရက်၊ စနေနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်မှာ တနိုင်ငံလုံး ကံဆိုးမိုးမှောင်ကျခဲ့ရတဲ့‌ မေ့ဖျောက်လို့မရတဲ့ နေ့ရက်ဆိုးကြီးပါပဲ။ ဦးအောင်ဆန်းကျဆုံးချိန်မှာ စစ်မှုထမ်းရင်းနိုင်ငံ့တာဝန်ကိုထမ်း‌ဆောင်ချိန်မဟုတ်ပဲ အရပ်ဘက်အဝတ်အစားနဲ့နိုင်ငံ့တာဝန်ထမ်း‌ဆောင်‌နေတာသိစေဖို့ နာမည်ရှေ့မှာ ဦးတပ်ပြီးရေ းသားလိုက်တာကို ‌သိစေချင်တယ်။

ဇူလိုင်လ ၁၉ ရက်နေ့က အတွင်းဝန်ကြီးများရုံးမှာ လုပ်ကြံခံရမှုမှာ ဦးအောင်ဆန်း အပါအဝင် ဝန်ကြီး ၆ ဦးဖြစ်တဲ့ ဦးဘချို၊ သခင်မြ၊ ဦးဘဝင်း၊မန်းဘခိုင်၊ ဦးရာဇာတ်နဲ့ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းတို့အပြင် အိုင်စီအက်အရာရှိ ဦးအုံးမောင်နဲ့ ဦးရာဇာတ်ရဲ့ အပါးတော်မြဲသက်တော်စောင့် ရဲဘော် ကိုထွေးခေါ် ကိုချစ်ဆွေတို့ ကျဆုံးခဲ့ကြတယ်။
ဦးအောင်ဆန်းအပါအဝင်ခေါင်းဆောင်ပိုင်းကပုဂ္ဂိုလ်တွေကျဆုံးခဲ့ပေမယ့် အဲ့ဒီနေ့ဇူလိုင် ၁၉ ရက်နေ့မှာပဲ အစိုးရ အဖွဲ့သစ်ကို သခင်နုခေါင်းဆောင်ပြီး ပြန်လည် ဖွဲ့စည်းနိုင်ခဲ့တယ်။

အစိုးရအဖွဲ့သစ်မှာ ၁။ သခင်နု(ဒုတိယ သဘာပတိ) ၂။ ဗိုလ်လက်ျာ (ကာကွယ်ရေးဝန်ကြီး) ၃။ ဗိုလ်ဖိုးကွန်း (ပညာရေးဝန်ကြီး) ၄။ သခင်လွန်းဘော် (ပြန်ကြားရေးဝန်ကြီး) ၅။ သခင်တင်(စိုက်ပျိုးရေးဝန်ကြီး) ၆။ဟင်္သာတဦးမြ(စက်မှုလက်မှုဝန်ကြီး) ၇။ ဦးဖေခင်(ဌာနလက်ကိုင်မရှိ) ၈။ ပျော်ဘွယ်ဦးမြ(ဘဏ္ဍာရေးဝန်ကြီး) ၉။ ဦးအောင်ဇံဝေ(ပြည်သူ့ဝန်ထမ်းဌာန) ၁၀။ ဦးဘဂျမ်း(ပြန်လည်ထူထောင်ရေးဌာန) ၁၁။ ဦးကျော်ငြိမ်း (ပြည်ထဲရေးနှင့်တရားရေးဌာန) ၁၂။ စောစံဘိုးသင် (လမ်းပန်းဆက်သွယ် ရေးဌာန) ၁၃။ မန်းဝင်းမောင်(ဌာနလက်ကိုင်မရှိ) ၁၄။ မိုးမိတ်စော်ဘွားကြီး စောခွန်ချို (ဌာနလက်ကိုင်မရှိ)တို့ ဖြစ်ပါတယ်။

ဇူလိုင်လ ၁၉ ရက်နေ့မှာပဲ ဖ.လ.ပ.လ အဖွဲ့ချုပ်ကြီးရဲ့ အမှုဆောင်တွေကိုလည်း အသစ်ပြန်လည် ဖွဲ့စည်းခဲ့ပါတယ်။
၁။ သခင်နု(ဥက္ကဋ္ဌ)၊၂။ ဗိုလ်မှူးအောင်(ဒုတိယဥက္ကဋ္ဌ)၊ ၃။ ဦးဗဆွေ (အထွေထွေအတွင်းရေးမှူး)၊ ၄။ ဦးတင်-မြန်မာ့အလင်း(ဘဏ္ဍရေးမှူး)၊ ၅။ ပျော်ဘွယ်ဦးမြ(အလုပ်သမားအမှုဆောင်)၊ ၆။ ဦးကျော်ငြိမ်း၊ ၇။ ဦးဖေခင်၊ ၈။ သခင်ဝတင်၊ ၉။ ဟင်္သာတဦးမြ၊ ၁၀။ သခင်တင် (လယ်သမားရေးရာ)၊ ၁၁။ ဗိုလ်ထွန်းသင်၊ ၁၂။ သခင်လွန်းဘော်၊ ၁၃။ ဗိုလ်စိန်မှန်၊
၁၄။ ဦးကိုကိုကြီး၊ ၁၅။ ဗိုလ်ဖိုးကွန်း၊ ၁၆။ ဦးလှမောင်၊ ၁၇။ ဦးဝင်း၊
၁၈။ ဗိုလ်အောင်ကြီး ၁၉။ ဦးအောင်ဇံဝေ၊ ၂၀။ ဦးဘဦး ကရင်အမျိုးသားရေးရာတို့ ဖြစ်ပါတယ်။

ဦးအောင်ဆန်းအပါအဝင် အရေးကြီးတဲ့အခန်းကဏ္ဍက အစိုးရအဖွဲ့ဝင်တွေ ကျဆုံးခဲ့ကြပေမယ့် လွတ်လပ်ရေးကြိုးပမ်းမှုအတွက် နောက်ထပ်အစိုးအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ကြတယ်။ အဲဒီ့အစိုးရအဖွဲ့ဝင်တွေကို သိရှိစေရန်နဲ့ သိပြီးသူတွေ အမှတ်မမှားရအောင်ရေးပြရချင်းဖြစ်ပါတယ်။
အသက် ၁၈ နှစ်အရွယ်တာရှိသေးတဲ့ သက်တော်စောင့် ရဲဘော်ကိုထွေးအပါအဝင် ‌နိုင်ငံ့လွတ်လပ်ရေးအတွက်ကြိုးပမ်းနေတဲ့ ခေါင်းဆောင်ပိုင်းကလူကြီး‌တွေ လုပ်ကြံခံခဲ့ရပြီးနောက်မှာ “အာဇာနည်ဗိမာန်‌လေးချိုးကြီး” ကို ဆရာကြီးသခင်ကိုတော်မှိုင်းက ရေးသားခဲ့ပါတယ်။‌‌ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးအတွက်ကြိုးပမ်း‌တဲ့ ခေါင်း ဆောင်တွေလုပ်ကြံခံရပြီးနောက်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့  နိုင်ငံရေးလုပ်ပိုင်ခွင့်နေရာကိုဆက်ခံ‌တဲ့ ဦးနုအနေနဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းထံ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ဆရာကြီးထံရောက်တဲ့အခါ “အောင်ဆန်းတို့အတွက် ငါ ငွေတော့ မတတ်နိုင်ဘူးကွာ၊‌ အောင်ဆန်းတို့အတွက် ရေးထားတဲ့ ကဗျာပါတဲ့စာအုပ်သာ ယူသွားပေတော့” လို့ ဝမ်းနည်းဆို့နင့်မှုနဲ့ မချိတင်ကဲပြောဆိုပြီး ဦးနုလက်ထဲ ပေးအပ်လိုက်ပါတယ်။ စာအုပ်ထဲမှာရေးထားတဲ့အာဇာနည်ဗိမာန်လေးချိုးကြီးကဗျာကို မြန်မာသက္ကရာဇ် ၁၂၇၅ ခုနှစ်မှာစတင်တည်ထောင်တဲ့ မြန်မာ့အလင်းပုံနှိပ်တိုက်ကနေ ရိုက်နှိပ်ထုတ်‌ဝေပြီး အဲ့ဒီခေတ်ငွေ တန်ဖိုး တကျပ်နဲ့ တန်ဖိုးသတ်မှတ်ရောင်းချခဲ့ပါတယ်။

ရရှိတဲ့ ပိုက်ဆံတွေကို အာဇာနည်ဗိမာန် တည်ဆောက်ရေးအတွက် ဆရာ ကြီး သခင်ကိုယ်တော်မှိုင်းနာမည်နဲ့ လှူဒါန်းခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ခေါင်းဆောင်တွေ လုပ်ကြံခံရတဲ့ သတင်းကို ကြားသိရတဲ့နောက် ဆရာကြီးသခင်ကိုယ်တော်မှိုင်းရေးထားခဲ့တဲ့ “အာဇာနည်ဗိမာန်လေးချိုးကြီး” ကဗျာကို မသိသေးသူတွေလဲသိအောင် သိပြီးသူတွေလည်း ထက်ပြီးဖတ်မှတ်လို့ရအောင် တဆင့်ရေးသား‌ဖေါ်ပြလိုက်ရပါတယ်။

“ ဪ...အဆောင်ဆောင် နန်းတွေ ကြငှန်းတွေနှင့်နှော၊ အခေါင်မမြန်းခင်က၊ အောင်စာတမ်းချို့စေဖို့၊ အောင် ပန်းညှိုးရရှာတဲ့၊ တောင်တမန်းတို့ဗမာမှာ အဟောင်းသံသရာအငုတ်တွေနှင့်၊ အောင်ဆန်းတို့ မသာမယာဟာ ၄င်းကံကြမ္မာ အလုပ်ပေထင့်၊ သောင်းမြန် မရဏာစမုတ်မှာတော့ ချုပ်သနဲ့ ယင်းအလိုတွင်၊ ဒေါင်းလံပုဝါအုပ်ပါလို့ ကျုပ်ဖြင့် သင်္ဂြိုဟ်ချင်...။ဪ...တပည့်အရင်းတွေမို့ ကဝိမတင်းနိုင်ဘုကွဲ့၊ သတိကင်းကာ မျက်ရည်ကျကျပြီး၊ ခက်ကပြီ လက်ဆည်မရနိုင်ဘု၊ သောက ဘလောင်ဆူတော့၊ တောင်ဇမ္ဗူ ပုဂံခေတ်ဆီက၊ ယခေါင်မူ ယမန်သနစ်တွေပေါ့၊ ရန်အဖြစ်မကွဲ့ မနှေးသနော် တသောင်း ဒီဇမ္ဗူရမ်းနေကြ၊ ကျန်ရစ်ကဲ့ မြေးတော် အလောင်းစည်သူရဲ့ နန်းကိုဖြင့်၊ လူကြမ်း ဓမြတွေ ကြမ်းလာရမ်းလာတဲ့ အရေးတွင်မှ၊ ဘေးအပေါင်းကြီးစွာ ဝေဒနာအစုံနဲ့၊ သွေးချောင်းစီးကာ သေရှာပုံရဲ့ပြင်၊ ရွှေမြန်မာဘုံမှာ အမင်းမင်း သမ္မတတွေနဲ့၊ သတင်းလှတဲ့ အင်းဝရာဇာအမွန် သာလွန်မင်းကိုမှ၊ သားရင်း ရှင်တရုပ်ကယ်က၊ရှင်ဘုရင်လုပ်မယ်လို့ အကျယ်ဇယားတွင်ဖြင့်၊ ဒဝယ်သားတွေ ဗိုလ်ဝင်ခံလို့မို့၊ ဟိုအရင်ယမန် နန်းတော်စီးစဉ်က၊ အပျက်ကြီးပျက်ကာ အသက်ခန္ဓာတွေ ဆုံးပုံနဲ့၊ တထုံးနောက်တနဲမှာတော့၊ မင်းရဲရ န္တမိတ်ခမြာမှာ ညီသနင်းပေပေါ့၊ ပြည်မင်း ဂုဏ်ခံလို့၊ မှုန်မှုန်ဆန်ဆန် ပုန်ကန်တဲ့ အတိုင်းရဲ့ပြင်၊ တလိုင်းနယ် ရွှေပြည်ပတခွင်မတော့၊ ဓမ္မစေတီဘုရင် လက်ထက်တုန်းဆီက၊ လက်ရုံးရည် တသိန်လျှမ်းပေတဲ့၊ သမိန်ဘရမ်းဆိုသူ စစ်ဗိုလ်ချုပ်ကိုဖြင့်၊ မဟုတ်တရုတ်အကောင် တေလေ တစ္ဆေကိုက်တာနဲ့၊ ဪ... ဖွေဖွေရှာရှာ မကျေစရာပေပေါ့နှော၊ မရေမရာ သေရွာဆိုက်လိုပါ့၊ အခိုက်အခါ တူလို့မို့၊ ဆရာတမူ မကြာမကြာ လွမ်းရပါတဲ့၊ ဘမရာအဆူဆူ ကြာ ကြငှန်းတွေနှင့်၊ မြန်မာဇမ္ဗူ အညာမန်းတွင်ဖြင့်၊ငါတလူ ငါသရမ်းရော့မဟဲ့လို့၊ သာခန်း ပလ္လင်ညွှန်းပြီး၊ မြင်ကွန်းပိုင် သူပုန် ထစဉ်က၊ ကြုံရသူ မသာတော်နှင့်၊ ပမာသော် တူတယ်လို့ နှိုင်းမိတယ်၊ရိုင်းသနဲ့ အတိတ်ယခင်လိုနော်ကွယ်၊ စကိုင်းတပဲ့ ဂိုဏ်းအဖွဲ့တွေနဲ့၊မှိုင်းရဲ့ စိတ်ထင်...။

မင်းစိတ်မင်းမာန် အကြံအဖန်တင်းလိုက်ပုံက၊ အင်္ဂလိပ် ယင်းဂျပန် နှစ်တန်ရှင်းပါလို့၊ ရန်ခပင်းကိုတဲ့ မောင်းကာနှင်၊ ဒေါင်းမြန်မာတခွင်မှာဖြင့် ယခင်သဘော၊ အိုကွယ်...တကောင်းရာဇဝင်ကိုတဲ့ ဆက်ချင်သကော။
နန်းမြို့တည်ရန်၊ မှန်းလို့ရည်ကာသန်တဲ့၊ ညီလာခံ ဗိုလ်ရှုပွဲတွင်မှ၊ ထိုထို လူခပဲကို မကြည်ညိုတဲ့၊ ဝသီအလို တဖြေးဖြေး ရူးမဟဲ့လို့၊ တနွေးနွေး မူးမူးပြီး ခွေးဘီလူးလို အကောင်မိုက်တွေက၊ ဪ...အမှောင်စရိုက်ကယ်နှင့်၊ပြောင်ပြောင်ဘဲ မိုက်မပေါ့လို့၊ ပြောင်ကိုက်သဟာမှာ ယာယီယတြာအချိန်နဲ့ ဇာတာမှိန်လို့မို့၊ ဂဏှာမငြိမ် တာဝတိန် ယွန်းကြပေါ့၊ ဖြေမကြည် နေရီတော့ လွမ်းစေဖို့၊ မြန်မာ့ပြည်ပေါ်ကို ဓမ္မစည်တော် ရွမ်းချိန်မို့၊အစွမ်း ကုန် သည်တခါဖြင့်၊ ပြည်ရွာ ညီညာဖို့ အလုပ်ပေပါ့၊ သုဿန်တံခွန် စောင်းရရှာတဲ့၊ ရုပ်အကျန် ခုနစ်လောင်းရယ်နှင့်၊ အလွန်ကောင်းစွာ ကမ္ဘာတည်မည့်၊ အာဇာနည် ဗိမာန်ပုထိုးကိုဖြင့်၊ ပါရမီ အဓိဋ္ဌာန်တမျိုးရယ်နှင့်၊ရှိခိုးကာ ဆရာကန်တော့ချင်ရဲ့၊ မြန်မာမတော့ ပူစရာဖို့၊ တဗျူဟာ အောင်ခမန်းတွင်မှ၊ လူမသမာ အမှောင်သန်းချိန်မို့၊ သောင်ကမ်းမို့မို့ဆီက၊ ဖေါင်နန်းကူးတို့နှင့် အကြေဒဂုန်တည်းဟူသော ရေစုန်မျောလေရဲ့၊
ဪ...တောင်နန်း မြောက်နန်း အဆောင်ဆောင် ကြငှန်းနဲ့၊ အခေါင်မမြန်းရခင်က အောင်ပန်း ညို့ရရှာတဲ့၊ အောင်ဆန်းတို့ သေပုံနှမြော...။”
                  
တချိန်ကလုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ အာဇာနည်ကြီး‌တွေရဲ့ ဂုဏ်ကျေးဇူးကို အောက်မေ့သတိရမိရင်းက တိုင်းရင်းသားပြည်သူအားလုံးအတွက်အမှန်တကယ် တရားမျှတတဲ့ လွတ်လပ်ရေးကို ရစေချင်ပါတယ်။                                           
အာဇာနည်နေ့‌ရောက်တဲ့အခါ ဘယ်လိုမှ မေ့ဖျောက်ပစ်လို့မရတဲ့ လူငယ်လေးတယောက်အကြောင်း ပိတ်ဖြူစထက်က ပြကွက်လို တရေးရေးပြန်ပေါ်လာတယ်။
ပင်လယ်ရေမျက်နှာပြင်အထက်၂၈၀၆ ပေ အမြင့်မှာတည်ရှိတဲ့ တောင်ပေါ်မြို့လေးက အာဇာနည်ကျောက် တိုင်မှာ ကျဆုံးခဲ့ပြီး‌‌တဲ့အာဇာနည် ခေါင်းဆောင်ကြီးတွေကို အလေးပြုခဲ့တုန်းက အဖြစ်အပျက်လေးပါ။ အဲ့ဒီအချိန်ကာလတုန်းက အာဇာနည်ကျောက်တိုင်မှာ ခြုံပင်နွယ်ပင်တွေနဲ့ မြို့လယ်ကောင်ဆိုပေမယ့် တောထလို့...။
မှတ်မှတ်ရရ မြို့လေးက အာဇာနည်ကျောက်တိုင်မှာ ကိုယ်တိုင်‌ ရေးထားတဲ့ အာဇာနည်တွေကို ဂုဏ်ပြုရေးဖွဲ့ထားတဲ့ကဗျာအတိုအစ‌လေးကို သွားထားမိတဲ့ ၂၀၀၇ ခုနှစ်ရဲ့ ၁၉ ဇူလိုင်မှာ စစ်ဝတ်စုံ ဝတ်ထားတဲ့လူငါးယောက်က လူငယ်လေးရဲ့ လွယ်အိတ်လေးကို ဆွဲလုပြီး စစ်ဆေးမေးမြန်းရင်း ဇာတ်ပိုးကိုအုပ်ကြ၊ အင်္ကျီကော်လံစကိုဆွဲမြောက်ပြီး လူကိုရိုက်ပုတ်ခဲ့ကြတယ်။ နားအုံကို ရိုက်ပုတ်ခံလိုက်ရတဲ့ လူငယ်လေးမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်တွေ ကျဆုံးတဲ့အချိန်တုန်းက ဆွဲလိုက်တဲ့ဥဩဆွဲသံကိုကြားလိုက်ရသလိုအဖြစ်မျိုးနဲ့ နားထဲ ဥဩတွေ ဆူညံသွားခဲ့ဖူးပါတယ်။ သမိုင်းဆိုတာ မေ့‌ဖျောက်လို့မရတဲ့အရာတွေနဲ့ ခံခဲ့ရတာကြာခဲ့ပြီဆို‌ပေမယ့်....။

အဲဒီ့လူငယ်လေးတယောက်က အဲဒီ့အချိန်ကာလထဲက စစ်အာဏာရှင် တွေဆို မုန်းတီးနာကြည်းစိတ်နဲ့ မတရားတာမြင်ရင် ပါဝင်ရင်း ဖြတ် သန်း‌နေတဲ့ ခေတ်ကြီးရဲ့သယ်ဆောင်ရာအတိုင်း ရေလိုက်ငါးလိုက်နဲ့ မနေထိုင်တတ်ပဲ အာဏာရှင်စနစ်နဲ့ အာဏာရှင်တွေ ကျဆုံးပျက်သုဉ်းရေးမှာ နိုင်ရာကဏ္ဍကနေ ပါဝင်နေပါတယ်။

ရောက်ရှိနေတဲ့ နေရာဒေသက ယာယီပြုလုပ်ထားတဲ့အာဇာနည်ကျောက် တိုင်ဝန်းထဲမှာ အဲဒီ့အချိန်ကလူငယ်လေးအပါအဝင် မတရားတာမြင်ရင် လက်ပိုက်ကြည့်မနေချင်တဲ့ လူငယ်တွေဟာ ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေကြောင့် ကျဆုံးခဲ့ရတဲ့ သူရဲကောင်း အာဇာနည်အပေါင်းကိုရည်စူးပြီး တညီတညွတ်ထဲ အလေး ပြု‌နေကြတယ်။ အာဇာနည်ကျောက် တိုင် ရှေ့က လူငယ်တွေကို ရုတ်တရက် သည်းသည်းမည်းမည်း ရွာချလာတဲ့ မိုးရေတွေက ရွှဲရွှဲစိုစေပါတော့တယ်။
မိုးနဲ့အပြိုင် ခံယူချက်တွေက တိုင်းရင်းသားပြည်သူအားလုံးအတွက် အမှန်တကယ် တရားမျှတလွတ်လပ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်လာဖို့အတွက် နိုင်ရာတာဝန်ထမ်းရင်း ခွင့်တူညီမျှဝါဒဖြူစင်တဲ့ နယ်မြေပေါ်မှာ မားမားမတ်မတ်ရပ်လို့...။။
                                    
နေချိုသွေး
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar