နိုင်ငံရေးပြဿနာရဲ့ အကျိုးဆက် ငွေကြေးဖောင်းပွမှုဒဏ် ခံရဆုံးသူတွေက ဘယ်သူတွေ ဖြစ်မလဲ
မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၂၃ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၂၃
နိုင်ငံရေးပြဿနာရဲ့ အကျိုးဆက် ငွေကြေးဖောင်းပွမှုဒဏ် ခံရဆုံးသူတွေက ဘယ်သူတွေ ဖြစ်မလဲ
စစ်ကောင်စီက ကျပ် ၂ သောင်းတန်ထုတ်ဝေမယ်လို့ ထုတ်ပြန်ကြေညာလိုက်ပြီး နောက်တရက်မှာ ရွှေစျေး၊ ကျပ်ငွေနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေ သိသိသာသာ ပြောင်းလဲသွားပြီး ရွှေဆိုင်အချို့ကတော့ တရက်တာ အရောင်းပိတ်ထားပြီး အဝယ်ပဲ ရှိတဲ့အနေအထားမျိုး ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အခုလို ငွေကြေးတန်ဖိုးကို ဂယက်ရိုက်ခတ်စေနိုင်တဲ့ သတင်း၊ အရေးယူမှု၊ ကန့်သတ်ပိတ်ပင်မှုတွေ ထွက်ပေါ်လာတိုင်း ရွှေ၊ ကား၊ အိမ်နဲ့ မြေ ကို မူတည်ပြီး အခြားသောကုန်ပစ္စည်းတွေဖြစ်တဲ့ လောင်စာဆီစျေး၊ ဆန်စျေး၊ စားသုံးဆီ၊ အိမ်ဆောက်ပစ္စည်း အစရှိတဲ့ ကုန်ပစ္စည်းတွေ ရုတ်တရက် စျေးနှုန်းမြင့်တက်သွားတာ၊ အရောင်းပိတ်တာတွေက ဖြစ်နေကျ ဖြစ်လေ့ဖြစ်ထရှိတဲ့ အဖြစ်အပျက်လို ဖြစ်နေတာပါ။
သို့ပေမယ့် အခုလို နိုင်ငံက စစ်အာဏာသိမ်းခံထားရပြီး လက်နက်ကိုင် တိုက်ပွဲတွေ နေရာအနှံ့အပြား ဖြစ်ပွားနေချိန်၊ ပြည်တွင်းက ကျေးရွာတွေ မြို့တွေက ဒေသခံ သိန်းနဲ့ချီ ရွှေ့ပြောင်း တိမ်းရှောင်နေကြရချိန်၊ နိုင်ငံတကာက ပေးအပ်တဲ့ ဖွံ့ဖြိုးရေး အကူအညီတွေ ရပ်ဆိုင်းထားချိန်၊ နိုင်ငံတကာ ကုမ္ပဏီအများအပြား မြန်မာနိုင်ငံက ထွက်ခွာသွားချိန်မျာ အခုလို ရုတ်ချည်း မြင့်တက်လာတဲ့ ငွေကြေးဖောင်းပွမှု အကျိုးဆက်က ဘယ်သူတွေ အများဆုံး အဆိုးဆုံး ခံစားကြရမှာလဲ ဆိုတဲ့ မေးခွန်းထွက်ပေါ်လာပါတယ်။
လက်ရှိ ရွှေအလုအယက် ဝယ်ယူဖို့ လုပ်ဆောင်ကြသူတွေ၊ မြေနဲ့ အိမ်၊ ဒေါ်လာဝယ်ဖို့ ကြိုးစားကြသူတွေ ၊ အဲဒီလူလတ်တန်းစားအလွှာ အနေနဲ့ ပိုင်ဆိုင်မှု တန်ဖိုးယုတ်လျော့သွားတဲ့ သဘောမျိုးသာတွေ့ရမှာဖြစ်ပြီး ၄င်းတို့အနေနဲ့ နေ့ချင်းညချင်း စားဝတ်နေရေး အခက်အခဲကြုံရနိုင်တဲ့ အနေအထား မဟုတ်ပါဘူး။
မိမိရဲ့ ပိုင်ဆိုင်မှုကို တန်ဖိုးမလျော့ပါးသွားအောင် ကြိုးစားတာ နည်းလမ်းရှာ လုပ်ဆောင်တာသာဖြစ်ပြီး အခုလို ငွေတန်ဖိုး ဆိုးရွားစွာကျဆင်းမှုရဲ့ သက်ရောက်မှုဒဏ်ကို တကယ်ခံစားရမှာက စစ်ဘေးရှောင်တွေ၊ မြို့ပေါ်က လက်လုပ်လက်စားတွေ၊ စက်ရုံအလုပ်ရုံတွေမှာ နေ့စား သို့မဟုတ် လခစားအနေနဲ့ အလုပ်လုပ်ကိုင်နေသူတွေ နဲ့ အသက်အရွယ်ကြီးရင့်ပြီး ပုံမှန် အလုပ်က ဝင်ငွေမရှိပဲ ပင်စင်လိုမျိုး၊ မိသားစုဝင်တွေရဲ့ ထောက်ပံ့မှုကို မှီခိုအားထားနေရတဲ့ သက်ကြီးရွယ်အိုတွေ၊ သာမန်ဝန်ထမ်းဘဝနဲ့ ပင်စင်ယူပြီး ပင်စင်လစာကို မှီခိုနေကြရသူတွေက ထိပ်ဆုံးက ခံစားကြရမှာ ဖြစ်ပါတယ်။
စစ်ကောင်စီအနေနဲ့ အာဏာသိမ်းပြီး တနှစ်အကြာအထိ ရှိရင်းစွဲ တန်ဖိုးနဲ့ ငွေစက္ကူတွေကို ရိုက်နှိပ်ကောင်း ရိုက်နှိပ်မှာဖြစ်ပေမယ့် တန်ဖိုးပမာဏကြီးတဲ့ ငွေစက္ကူအသစ် ရိုက်ထုတ်တဲ့ နည်းလမ်းကို ရှောင်လွှဲနိုင်သေးတဲ့ အနေအထားဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်တုန်းက ၁ သောင်းတန်ထက် တန်ဖိုးကြီးတဲ့ ငွေစက္ကူ ရိုက်ပြီး ထုတ်ဝေမယ်ဆိုတဲ့ ကောလာဟလ သတင်းတွေကို စာထုတ်ပြီး ငြင်းဆိုခဲ့ပေမယ့် အခု ၂ နှစ်နီးပါးအကြာမှာတော့ တန်ဖိုးကြီးငွေစက္ကူ ထုတ်ဝေတဲ့နည်းလမ်းကို မရှောင်လွှဲနိုင်ဘဲ ရွေးချယ်လိုက်ရတာ လို့ခန့်မှန်းရပါတယ်။
စစ်အသုံးစရိတ်က တိုင်းပြည်ရဲ့ ပမာဏအများဆုံး အသုံးစရိတ်ဖြစ်နေသလို၊ နိုင်ငံရဲ့ ဒေသအများအပြား မတည်မငြိမ်ဖြစ်နေပြီး စိတ်ချလက်ချ စိုက်ပျိုးနိုင်တဲ့ အနေအထားမရှိတာ၊ လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပွားရာက အလုပ်လုပ်နိုင်တဲ့ လူငယ်၊ လူလတ်ပိုင်းတွေ အများအပြား အိမ်နီးချင်းနိုင်ငံ၊ ပြည်ပနိုင်ငံတွေကို ဦးတည်သွားရောက်ကြပြီး စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်တဲ့ ဒေသအများအပြားမှာ အလုပ်သမားငှားလို့ မလွယ်ကူတဲ့ ပြဿနာတွေကြုံနေကြရပြီး ခုချိန်မှာ စီးပွားရေး ပြဿနာတွေထက် လက်နက်ကိုင် တိုက်ပွဲတွေကြောင့် အသက်ဘေးအန္တရာယ်လွတ်အောင် ထွက်ပြေး၊ တိမ်းရှောင်နေကြရလို့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ ကြီးကြီးမားမား ထိခိုက်နေရတဲ့ အခြေအနေဖြစ်ပါတယ်။
ဧပြီလနှောင်းပိုင်းကစတဲ့ ရှမ်းပြည်မြောက်ပိုင်းရဲ့ ရွှေဖီ လက်ဖက်ခူးရာသီမှာ မြန်မာနိုင်ငံ အလယ်ပိုင်းက အလုပ်သမားတွေ လာရောက်နိုင်ခြင်း မရှိကြတော့သလို၊ ဆန်ချော စိုက်ပျိုးထွက်ရှိရာမှာ နာမည်ကြီးတဲ့ စစ်ကိုင်းတိုင်း ရွှေဘိုနဲ့ အခြားမြို့နယ်တွေမှာလည်း လုံခြုံရေး အခြေအနေမကောင်းတာကြောင့် အလုပ်သမား ငှားရမ်းလုပ်ကိုင်နိုင်တဲ့ အနေအထားမျိုး မဟုတ်တော့ဘူးလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ ဒီလို ဒေသတွေမှာနေထိုင်ကြတဲ့ လုပ်ခစား လက်ခစား နဲ့ လက်လုပ်လက်စား မိသားစုတွေအဖို့ ငွေစက္ကူအသစ်ထုတ်လို့ ငွေဖောင်းပွမှုဒဏ်ကို ခံစားကြရတဲ့အခါ အထိနာမယ့်သူတွေအထဲ ထိပ်ဆုံးမှာ ပါဝင်နေမှာဖြစ်ပါတယ်။
နောက်ထပ် ဆိုးရွားစွာ ထိခိုက်ခံစားကြရမယ့်သူတွေက ရန်ကုန်နဲ့ ပဲခူး၊ ပုသိမ်တို့လိုမှာ အခြေစိုက်တဲ့ လုပ်ခစား လက်ခစား အထည်ချုပ်စက်ရုံအလုပ်သမားတွေ ဖြစ်ပါတယ်။ ဒီလက်ခစား လုပ်ခစား အထည်ချုပ်၊ ဖိနပ်ချုပ် စက်ရုံတွေအနေနဲ့ နိုင်ငံရေး အကျပ်အတည်းရဲ့ အကျိုးဆက်ကြောင့် မြန်မာနိုင်ငံကို အမှာစာ မပို့တော့တဲ့ နိုင်ငံတကာကုမ္ပဏီကြီးတွေ ပိုမိုများပြားလာပြီး အလုပ်အကိုင် အခွင့်အလမ်းလျော့ကျ လာချိန်မှာ အလုပ်သမားတွေရဲ့ လုပ်ခလစာတိုးမြှင့်ပေးဖို့ တောင်းဆိုချက်တွေကို စက်ရုံပိုင်ရှင်တွေက လျစ်လျူရှုနေကြပြီး မကြာသေးခင်က လုပ်ခလစာအရေးနဲ့ပတ်သက်လို့ ဆန္ဒပြဖို့ ဦးဆောင်သူတွေကို စစ်ကောင်စီက ဖမ်းဆီးကာ နိုင်ငံရေးပုဒ်မတပ် ဖမ်းဆီးအရေးယူခဲ့တဲ့ အဖြစ်အပျက် ဖြစ်ပွားခဲ့ပါတယ်။
ဒါကြောင့် အခုလို နိုင်ငံရေးအရ ဖိနှိပ်ထားတဲ့အောက်မှာ အလုပ်သမားအခွင့်အရေး ရသင့်တဲ့ လုပ်ခလစာ တောင်းဆိုဖို့ မလုပ်နိုင်ကြတော့ပဲ စက်ရုံပိုင်ရှင်တွေ သတ်မှတ်တဲ့ ယခင်နှစ်တွေတုန်းက နှုန်းထားအတိုင်း ဆက်လက်လုပ်ကိုင်နေကြရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီသိန်းနဲ့ချီတဲ့ စက်ရုံအလုပ်ရုံ အလုပ်သမားတွေကလည်း ငွေဖောင်းပွမှုဒဏ်ကို ထိပ်ဆုံးက ခံစားကြရမယ့် သူတွေအထဲ ပါဝင်နေတာဖြစ်ပါတယ်။
နောက် လူတန်းစားအလွှာတမျိုးကတော့ မြို့တွေမှာ နေထိုင်လုပ်ကိုင် စားသောက်ကြတဲ့ နေ့လုပ်နေ့စားတွေ ဖြစ်ပါတယ်။ ဆောက်လုပ်ရေး၊ သန့်ရှင်းရေး၊ လုံခြုံရေးနဲ့ သယ်ယူပို့ဆောင်ရေးလို နယ်ပယ်တွေမှာ လုပ်ကိုင်နေကြတဲ့ နေ့လုပ်နေ့စားတွေအဖို့ ရုတ်တရက် မြင့်တက်လာတဲ့ လူနေမှုစရိတ်၊ ရတဲ့ နေ့စားလုပ်အားခတွေက ငွေဖောင်းပွမှု မဖြစ်ခင်ကထက် သိသိသာသာ လျော့နည်းသွားပြီး နဂိုကတည်းက ကျပ်တည်းနေတဲ့ စားသောက်ရေးကို ပိုပြီးခြိုးခြံချွေတာရမယ့် အနေအထားရောက်လာနေပြီ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar