Breaking News

ကိုသန်းလွင် - အိန္ဒိယ၏ အာကာသလေ့လာရေး ခရီး


ကိုသန်းလွင် - အိန္ဒိယ၏ အာကာသလေ့လာရေး ခရီး

(မိုးမခ) ဇူလိုင် ၂၄ ၊ ၂၀၂၃


( ၁ )

အိန္ဒိယပြည်၏ လမျက်နှာပြင်ပေါ်သို့ ဆင်းသက်ရန် ကြိုးစားခြင်းအနေဖြင့် ချန်ဒရန်း အမှတ် (၃) (Chandrayaan-3) ယာဉ်ကို အိန္ဒိယပြည်တောင်ပိုင်း အန်ထရာ ပရာဒက်ရှနယ်မှ အာကာသသို့ လွှတ်တင်လိုက်ပါသည်။ ယခု လွှတ်တင်ခြင်းမှာ အခက်အခဲဟူ၍မရှိဘဲ သေသပ်ချောမွေ့စွာ အာကာသသို့ တက်သွားခဲ့ပါသည်။ လွှတ်တင်ရာတွင် Mark lll (LVM 3) ဒုံးကျည်ကို သုံးပြီး သောကြာနေ့ (ဇူလိုင်  ၁၄) ဒေသစံတော်ချိန် ၂ နာရီ ၃၅ မိနစ် အချိန်တွင် ရှရီသာကိုတာ (Sritharkota) အာကာသယာဉ် ပစ်လွှတ်ရေးစခန်းမှ လွှတ်တင်ခဲ့ခြင်း ဖြစ်ပါသည်။

( ၂ )

တိမ်အနည်းငယ် ထူထပ်သောရာသီဥတုရှိပြီး အရာရှိများက စိုးရိမ်တကြီး စောင့်ကြည့်ကာ ကလေးများ ပါဝင်သော ထောင်ပေါင်း များစွာသော လူထုပရိသတ်ကြီးက အာကာသယာဉ် တက်သွားသောအခါ ဝမ်းသာအားရ သြဘာပေးခဲ့ကြပါသည်။

လဆင်းယာဉ်နှင့်အတူ လမျက်နှာပြင်ပေါ်တွင် မောင်းနှင်နိုင်သည့် ယာဉ် (Rover) အပါအဝင် ပစ္စည်းကိရိယာများမှာ လကမ္ဘာပေါ်သို့ သက်ဆင်းရန် ဒုတိယအကြိမ် ကြိုးစားခဲ့ခြင်း ဖြစ်ပါသည်။ လဆင်းယာဉ် လကမ္ဘာသို့ ဆိုက်ရောက်မည့်နေ့ရက်မှာ သြဂုတ်လ ၂၃ ရက် ပတ်ဝန်းကျင်ဖြစ်ပြီး လ၏ တောင်ဝင်ရိုးစွန်းနှင့် နီးကပ်နေသော နေရာ၌ ဆင်းသက်မည် ဖြစ်ပါသည်။

စီစဉ်ထားသည့်အတိုင်း ဖြစ်လာပါက အိန္ဒိယသည် လကမ္ဘာသို့အရောက် လဆင်းယာဉ်ကို ပို့နိုင်သည့် စတုတ္ထမြောက်နိုင်ငံ ဖြစ်လာပါလိမ့်မည်။ အမေရိကန်၊ ရုရှားနှင့် တရုတ်နိုင်ငံတို့က အသီးသီး လဆင်းယာဉ်များကို စေလွှတ်၍ လကမ္ဘာပေါ်သို့ သက်ဆင်းခဲ့ကြပြီး ဖြစ်ပါသည်။

အိုင်အက်အာအို (ISRO Indian Space Reserch Organization) အိန္ဒိယ အာကာသလေ့လာရေးအဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ ဆိုမာနတ် (Mr. S.Somanath) က အိန္ဒိယ အာကာသယာဉ် ကမ္ဘာပတ်လမ်းကြောင်း အတွင်းသို့ လွှတ်တင်နိုင်ခြင်းကို ဂုဏ်ပြုကြိုဆိုလိုက်ပြီး LVM 3 ကို တိကျသော ကမ္ဘာပတ်လမ်းကြောင်းအတွင်းသို့ လွှတ်တင်ပြီးပါပြီဟု ပြောဆိုသည်။

အိန္ဒိယသည် ဘတ်ဂျက် ဒေါ်လာ ၉၉ သန်းဖြင့် ဤမစ်ရှင်ကို အစပြုခဲ့ခြင်းဖြစ်ပြီး ချန်ဒရမ်း-၃ သည် သက္ကတ္တ ဘာသအားဖြင့် (လသွားယာဉ်) ဟု အဓိပ္ပာယ်ရပါသည်။ အိန္ဒိယ၏ အာကာသသို့ သွားရန် တတိယအကြိမ် ကြိုးစားရခြင်းဖြစ်ပြီး အိန္ဒိယကို အာကာသသို့ သွားသည့် နိုင်ငံတခုအနေဖြင့် အများက အသိအမှတ်ပြုခြင်းကို ခံခဲ့ရပြီး ဖြစ်ပါသည်။

အာကာသသို့သွားရန် နောက်ဆုံး ကြိုးပမ်းချက်မှာ လဆင်းယာဉ်သည် လ ပေါ်အရောက် အရှိန်ပြင်းစွာဖြင့် ဆင်းသက်ခြင်းကို မဟန့်တားနိုင်ဘဲ ပျက်စီးခဲ့ရပါသည်။ လဆင်းယာဉ်ကို အရှိန်လျော့နည်းသွားအောင် ပြုလုပ်ပေးမည့် အင်ဂျင်မှာ အရှိန်ကို မထိန်းနိုင် ဖြစ်ခဲ့ရပါသည်။ မစ္စတာဆိုမာနတ်က ပြီးခဲ့သော လဆင်းယာဉ်၏ ဒီဇိုင်းမှာ ပျက်စီးခြင်းကို အခြေခံသောဒီဇိုင်း ဖြစ်ခဲ့ပြီး ထိုအမှားနှင့်တကွ အခြား သင်ခန်းစာများစွာ ရရှိခဲ့ပြီးလည်း ဖြစ်ပါသည်။ နောင်လာမည့် ရက်ပေါင်း ၄၀ သည် မစ်ရှင်အတွက် အရေးကြီးသောနေ့ရက်များ ဖြစ်ပြီး လ ဆင်းယာဉ်ကို လပတ်လမ်းကြောင်းအတွင်း ရောက်အောင် သွတ်သွင်းခြင်းလည်း ပါဝင်ပါသည်။ ၎င်းသည် လ မှ ၁၀၀ ကီလိုမီတာ အကွာအဝေးတွင် ရှိပြီး မောင်းနှင်သည့် အင်ဂျင်ကို လဆင်းယာဉ်နှင့် ရိုဗာ တို့မှ ခွဲခွာပေးရန် လိုပါသည်။ ထို့နောက်မှ လဆင်းယာဉ်သည် လမျက်နှာပြင်ပေါ်သို့ ထိန်းသိမ်းထားသောနှုန်းနှင့် တဖြည်း ဖြည်း ဆင်းသက်ရန် ဖြစ်ပါသည်။

လဆင်းယာဉ်နှင့် ရိုဗာပေါ်တွင် သိပ္ပံနည်းပညာဆိုင်ရာ တိုင်းတာသည့် ကိရိယာများ ပါဝင်ပြီး လ၏ မျက်နှာပြင်ကို လေ့လာခြင်းများ အပါအဝင် လပေါ်တွင် တွေ့ရသော အရာဝတ္ထုများ၏ ဓာတုဗေဒနှင့် ဘူမိဗေဒ အရည်အချင်းများကို လေ့လာကြမည် ဖြစ်ပါသည်။ ၎င်းပစ္စည်းများ၏ အပူဆိုင်ရာ အရည်အချင်းများ၊ ပလပ်စမာ ပတ်ဝန်းကျင်နှင့် ဆိုက်စမစ်ဆိုင်ရာ အရည်အချင်းများကိုပါ လေ့လာရန် ဖြစ်ပါသည်။ 

လဆင်းယာဉ် ဆင်းသက်မည့် နေရာသည် လ၏ အီကွေတာမှ ၇ဝº ဝေးသော အရပ်၌ရှိပြီး အခြားအာကာသယာဉ်များ ဆင်းခဲ့သောနေရာ မဟုတ်သော နေရာအသစ် ဖြစ်သည်။ ဝင်ရိုးစွန်း နေရာမှာ ယခင်က လူများ မစူးစမ်းရသေးပါ။ ယခင် လဆင်းယာဉ်များမှာ အီကွေတာ ပတ်ဝန်းကျင်၌ ဆင်းခဲ့ကြပြီး ထိုနေရာများမှာ မျက်နှာပြင် ချောမွေ့ပြီး နေရောင်ခြည်ရရှိသော နေရာများ ဖြစ်သည်။ ဝင်ရိုးစွန်း နေရာများမှာ နက်ရှိုင်း၍ ကြီးမားသော လျှိုများ၊ ချောက်များ (Crater) ဖြင့် ပြည့်နေပြီး ၎င်းတို့မှာ ကီလိုမီတာ မြောက်မြားစွာ ကျယ်ဝန်းသည်။ နေရောင်ခြည် တစ်ခါမှ မရဖူးသောနေရာများ ပါဝင်ပြီး အမြဲတမ်း မည်းမှောင်နေပါသည်။ အပူချိန်မှာ -၁၄၆ ºC ရှိသည်။ 

ဤကဲ့သို့သော အခက်အခဲများကြောင့် ထိုနေရာများသည် ဆင်းသက်ရန် ခက်ခဲသော်လည်း နေစကြဝဠာကြီး ဖြစ်ထွန်းမှုအတွက် လျှို့ဝှက်ချက်များ တည်ရှိသောနေရာ ဖြစ်ပါသည်။ များစွာသော ရေခဲများ တည်ရှိသည်ဟု ယုံကြည်ရသော နေရာများမှာလည်း ဝင်ရိုးစွန်းဒေသမှ အရိပ်ရှိသော နေရာများ ဖြစ်သည်။

လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း လူများ၏ အာရုံစိုက်ခြင်းကို ခံခဲ့ရသော နေရာများလည်း ဖြစ်ပါသည်။ အစိုးရ အာကာသလေ့လာရေး အေဂျင်စီများ၊ ကမ္ဘာတလွှားမှ ပရိုက်ဗိတ်ကုမ္ပဏီများမာှလည်း ထို ဝင်ရိုးစွန်းဒေသကို အာရုံစိုက်ခဲ့ကြပါသည်။

၂၀၀၉ ခုနှစ်က အိန္ဒိယ၏ ချန်ဒရန်း- ၁ မစ်ရှင်က လ၏ ဝင်ရိုးစွန်းဒေသရှိ လျှိုမြောင်များတွင် ရေခဲများ ရေနိုင်သည်ဟု လူတို့ သိလာခဲ့ကြပါသည်။ လီးလီး (Dr Ajey Lele) ခေါ် ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိ က “လပေါ်ကို အောင်အောင်မြင်မြင် ဆင်းသက်ပြီး ရိုဗာနဲ့ လှည့်လည်လေ့လာလိုက်မည် ဆိုရင် လူသားတွေ အတွက် အနာဂတ်မှာ စခန်းချရမယ့် နေရာတွေကို တွေ့လာနိုင်မှာပဲ” ဟု ပြောသည်။ ရေမော်လီကျူးများကို လက်ရှိတွေ့ကြုံခဲ့ရသည်တော့မှန်ပါသည်။ သို့သော် ထိုနေရာများတွင် လူ အသုံးပြုနိုင်သော ရေ ရှိ၊ မရှိ ဆိုသည်ကို လက်တွေ့ သိသာရန် လိုအပ်သည်။ ဤမေးခွန်းသည် အိန္ဒိယနိုင်ငံအတွက်သာမက လကို သွားရောက်ကြမည့် လူသား၊ မျိုးနွယ်တစ်ခုလုံးအတွက် အရေးကြီးသောမေးခွန်း ဖြစ်သည်။ “အိန္ဒိယဟာ ဒီမေးခွန်းအတွက် အဖြေရှာဖို့ ကြိုးစားနေပါတယ်၊ ဒီမစ်ရှင်ကနေပြီး နောင်မှာ လုပ်စရာ အလုပ်တွေကို လုပ်လာနိုင်ပါတယ်” ဟု ပြောသည်။ ယခု လကမ္ဘာပေါ်သို့ ဆင်းသက်ရေးမစ်ရှင် အောင်မြင်သွားလျှင် အိုင်အက်အာအိုအတွက် အရေးကြီးသော အောင်မြင်မှုပင် ဖြစ်ပြီး အိန္ဒိယ၏ လက်ရှိလုပ်ကိုင်နေသော အခြားမစ်ရှင်များအအတွက် အားဆေး တလက်ပင် ဖြစ်ပါသည်။ ၁၊ Adjya Li မစ်ရှင်သည် နေနှင့်ပတ်သက်သည့် ခရီးစဉ် ဖြစ်သည်။ ၂၊ Shankrayaan-3 မှာ အင်္ဂါဂြိုဟ်သို့ သွားသောခရီးစဉ် ဖြစ်သည်။ ၃၊ Gaganyaan မှာ အိန္ဒိယ၏ ပထမဆုံး လူပါသော အာကာသခရီးစဉ် ဖြစ်ပါသည်။

အိန္ဒိယနိုင်ငံမှ ပရိုက်ဗိတ်ကုမ္ပဏီများကလည်း အာကာသ လေ့လာရေးတွင် စိုင်းပြင်းနေကြပြီ ဖြစ်၏။ အစိုးရက ပရိုက်ဗိတ်ကုမ္ပဏီများ ပါဝင်လာရေးကို အားပေးလျက်ရှိသည်။ အိန္ဒိယသည် တကမ္ဘာလုံး၏ အာကာသ လေ့လာရေးတွင် ယနေ့ ဒေါ်လာ သန်း ၄၆၀ မျှ ပါဝင်ပြီး ၎င်းသည် တကမ္ဘာလုံး အသုံးစရိတ်၏ ၂ ရာခိုင်နှုန်းမျှ ရှိသည်။ ၂၀၃၀ တွင် ၉ ရာခိုင်နှုန်းမျှ ပါဝင်မည်ဟု ခန့်မှန်းသည်။  

၂၀၂၂ ခုနှစ်တွင် စကိုင်းရု (Skyroot Acrospace) ကုမ္ပဏီသည် စင်္ကာပူမှ ထောက်ပံ့ပေးမှုဖြင့် အိန္ဒိယမှ ပရိုက်ဗိတ် ဆောက်လုပ်သော ရော့ကက်ဖြင့် ဂြိုဟ်တုကို လွှတ်တင်နိုင်ခဲ့သည်။

( ၃ )

အိန္ဒိယသည် MOM Mars Orbiter Mission ကို ၂၀၁၃ ခုနှစ်နိုဝင်ဘာ ၅ ရက်တွင် အိုင်အက်အာအိုမှ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါသည်။ မာဂျယ်လန် (Mangalyaan) မစ်ရှင်မှာ စက်တင်ဘာ ၂၄ တွင် အင်္ဂါ ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ဝင်ရောက်နိုင်ခဲ့သည်။ ကမ္ဘာနိုင်ငံများတွင် အင်္ဂါဂြိုဟ်ပတ်လမ်းကြောင်း အတွင်းသို့ ပထမဆုံး တင်လွှတ်နိုင်သောနိုင်ငံ ဖြစ်လာသည်။ ၎င်းမစ်ရှင်က အင်္ဂါဂြိုဟ်၏ လေထုနှင့် မျက်နှာပြင်ကို လေ့လာမှုများ ပြုလုပ်ခဲ့သည်။ ၎င်း၏လေထုတွင် မီသိန်း ပါဝင်ကြောင်းကို တွေ့ရှိခဲ့သည်။ ဤ အောင်မြင်မှုမှ အိန္ဒိယသည် ကမ္ဘာအဆင့်မီ  အာကာသလေ့လာရေးကို လုပ်ဆောင်နိုင်ကြောင်း ပြသခဲ့ပါသည်။ 

Ref: India’s historic moon mission brgins smoothly By Debarshi Dasgupta The ST Times July 15 2023.



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar