Breaking News

ဇင်လင်း -နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းသည်သာ သိက္ခာရှိသော နည်းလမ်းဖြစ်သည်


ဇင်လင်း -နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းသည်သာ သိက္ခာရှိသော နည်းလမ်းဖြစ်သည်

(မိုးမခ) နိုုုုုဝင်ဘာ ၁၇၊ ၂၀၁၉

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း ည ၆ နာရီမှ မနက် ၆ နာရီအတွင်း အမိန့်တစ်စုံတရာမရရှိဘဲ လုံခြုံရေး တာဝန်ရှိ သူမှအပ သွားလာလှုပ်ရှားမှုမပြုရန် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ပထမဆုံးအကြိမ် ညမထွက်ရအမိန့် ထုတ် ပြန် လိုက်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက် က RFA သတင်းသို့ ပြောသည်ဟု သိရသည်။ တိုက်ပွဲများ ဖြစ်ပွားနေသည့်အပြင် အရပ်သားဖမ်းဆီးခံရမှုများ ရှိနေပြီး၊ ပြည်သူလူထု က လည်း စစ်ဘေးရှောင် ထွက်ပြေးနေရသောကြောင့် အောက်ခြေကတင်ပြလာသည့်အပေါ် ပြည်ထောင်စုက ခွင့်ပြုလိုက်၍ ယခုကဲ့ သို့ ညမထွက် ရအမိန့်ထုတ်ပြန်ရခြင်းဖြစ်သည်ဟု ဝန်ကြီး ဦးစိုးထက် က ဆိုသည်။

ပလက်ဝမြို့နယ်တွင် ထုတ်ပြန်သည့် ညမထွက်ရ အမိန့်သည် နိုဝင်ဘာ ၉ ရက်နေ့မှ စတင်ပြီး လာမည့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၉ ရက်နေ့အထိ အကျုံးဝင်မည်ဟု ဆိုသည်။ အလားတူ တပ်မတော်နှင့် AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး နှင့် မင်းပြားမြို့နယ်များတွင်လည်း ပြီးခဲ့သည့် ဧပြီလက ညမထွက်ရအမိန့်များ အသီးသီး ထုတ်ပြန်ထားသည်။

ညမထွက်ရ အမိန့်၌ ပလက်ဝမြို့နယ်အတွင်း လမ်းမကြီး၊ အများပြည်သူသွားလမ်း၊ လမ်းသွယ်၊ လမ်းကြားများတွင် ပြစ်မှု တစ်စုံတရာ ကျူးလွန်လိုသော ရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ ဆူပူလိုသော ရည်ရွယ်ချက်ဖြင့်ဖြစ်စေ လူငါးဦးနှင့် အထက် စုဝေး ခြင်း၊ စီတန်းလှည့်လည်ခြင်း၊ မလုပ်ရဟုလည်း ဖေါ်ပြထားသည်။ ထုတ်ပြန်ချက် မလိုက်နာသူ ကို တည်ဆဲ ဥပဒေ အရ ဖမ်းဆီးသွားမည် ဖြစ်ကြောင်းလည်း ဝန်ကြီး ဦးစိုးထက်က ပြောကြားသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်အား ဖြတ်သန်းသွားသည့် ကုလားတန်မြစ်အတွင်း ရက္ခိုင့်တပ်တော် AA အဖွဲ့က နိုဝင်ဘာ ၂ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းနှင့် အိန္ဒိယနိုင်ငံသားများ အပါဝင် ရှစ်ဦးကို နိုဝင်ဘာ ၄ ရက်နေ့ နံနက်တွင် ပြန်လွှတ်ပေးလိုက်သည်ဟု ဆို သည်။ သို့သော် အိန္ဒိယနိုင်ငံသား တစ်ဦးမှာ ခေါ်ဆောင်သွားချိန်အတွင်း သေဆုံးခဲ့သည်။ သူတို့နှင့် အတူ ဖမ်းဆီးခံထား ရသူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း ကိုမူ ပြန်လွှတ်ပေးခြင်း မရှိဟု သိရသည်။

ပလက်ဝ နှင့် အိန္ဒိယနိုင်ငံ ဇိုရမ်ပူ သို့ လမ်းဖောက်နေသော EPI ကုမ္ပဏီမှ အိန္ဒိယနိုင်ငံသား ၂ ဦး၊ RPP ကုမ္ပဏီမှ အိန္ဒိယ နိုင်ငံသား ၃ ဦး၊ စကားပြန် ၂ ဦး၊ မော်တော်ဘုတ်မောင်းသူ ၂ ဦးနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းတို့ သည် ပလက်ဝမြို့နယ်မှ ရခိုင်ပြည်နယ် ကျောက်တော်မြို့သို့ ပြန်လာစဉ် ပြည်နယ်နှစ်ခု အစပ် ရခိုင်ပြည်နယ်ဘက်ခြမ်းရှိ ကုလားတန်မြစ် အရှေ့ဘက်ကမ်း ကျောက်တန်းရွာအနီး၌ AA အဖြဲ႕က ဖမ်းဆီးခဲ့သည်။ AA အဖွဲ့၏ ဖမ်းဆီးခြင်းခံနေရ သော ဦးဝှေ့တင်းနှင့် ပတ်သက်၍ ချင်းပြည်နယ် အစိုးရအဖွဲ့က ပြည်ထောင်စုအစိုးရအဖွဲ့ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ငြိမ်းချမ်းရေးကော်မရှင်တို့ထံသို့ သတင်းပို့ထားကြောင်း ချင်းပြည်နယ် အစိုးရ ပြောခွင့်ရသူ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်လက်မှုဝန်ကြီး ဦးစိုးထက်က RFA သတင်းသို့ပြောသည်။ အိန္ဒိယနိုင်ငံသား မစ္စတာ ဗင်နာဂိုပေါ(Mr . Vinoogopal) ဆိုသူသည် ပြန်လွတ်မလာမီ သေဆုံးသွားရသည်ဟု ဆိုသည်။ တောင်ပေါ် လမ်းခရီးတွင် အမောဖောက်ခြင်းကြောင့်ဖြစ်ကြောင်း ဝန်ကြီး ဦးစိုးထက်က ပြောသည်။

ရခိုင် AA အဖွဲ့က ဖမ်းဆီးထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ချင်းပြည်နယ် ပလက်ဝမြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း ကို ပြန်လွှတ်ပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုဝင်ဘာ ၉ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ကြောင်းသိရသည်။ ဦးဝှေ့တင်းကို ဖမ်းဆီးထိန်းသိမ်းထားခြင်းသည် ငြိမ်းချမ်းရေး ကြိုးပမ်းနေမှု ကို အနှောင့်အယှက်ဖြစ်စေသည့် လုပ်ရပ်ဖြစ်သည်ဟု ကြေညာချက်၌ ဖော်ပြထားသည်။ မတရားဖမ်းဆီးထားသည့် အတွက်လည်း ပြင်းထန်စွာ ရှုတ်ချသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

ဦးဝှေ့တင်းသည် AA အား တိုက်နေသည့် စစ်တပ်နှင့် ပူးပေါင်ပြီး AA အဖွဲ့၏ သတင်းများကို စုံစမ်းရန် ခူမီးလူငယ်အဖွဲ့ကို လျှို့ဝှက် ဖွဲ့စည်းသည့်အပြင် နိုင်ငံရေးအရ AA ကို တိုက်ခိုက်နေသူဖြစ်သောကြောင့် ဆက်လက်ထိန်းသိမ်းထားခြင်း ဖြစ် သည်ဟု AA အဖွဲ့ ပြောခွင့်ရသူ ခိုင်သုခက ဗွီအိုအေသတင်းဌာနအား ပြောကြားခဲ့သည်ဟု သိရသည်။

NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့် အား ဗွီအိုအေသတင်းဌာနက ဆက်သွယ်မေးမြန်းရာ၌ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းတစ်ခုက ထိန်းသိမ်းထားခြင်းဖြစ်သဖြင့် NLD အနေဖြင့် ချက်ချင်း ကြေညာချက် မထုတ်ဘဲ စောင့်ဆိုင်း ခဲ့ သည်ဟုဆိုသည်။ ရက်သတ္တတစ်ပတ်ခန့် ကြာလာချိန်၌ ထိန်းသိမ်းခံရသည့် လွှတ်တော်ကိုယ်စားလှယ်၏ ကျန်းမာရေး နှင့် အသက်အန္တရာယ် စိုးရိမ်ရသဖြင့် ပြန်လွှတ်ပေးစေလိုကြောင်း ထုတ်ပြန်ကြေညာခဲ့သည်ဟု ဆိုသည်။ ထို့ပြင် အချိန် ကြာလာသည်နှင့်အမျှ ထိန်းသိမ်းထားသည့် လက်နက်ကိုင်အဖွဲ့အစည်းအတွက်လည်း ပို၍ တာဝနှ်ကြီးလာမည်။ ၎၏ နိုင်ငံရေး မူဝါဒအပေါ် ဝေဖန်စရာ ဖြစ်လာမည်။ ထို့ကြောင့် လက်နက်အားကိုးဖြင့် ယခုကဲ့သို့ ဖမ်းဆီးထိန်းသိမ်းထားခြင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကန့်ကွက်ရှုတ်ချကြောင်း၊ ဦးဝှေ့တင်းကို အမြန်ဆုံး ပြန်လွှတ်ပေးစေလိုကြောင်း၊ ဦးဝှေ့တင်းသည် သာမန်ပြည်သူတယောက် မဟုတ်ဘဲ ပြည်သူအများက မဲပေးရွေးချယ်ထားသော ကိုယ်စားလှယ်တဦး ဖြစ်၍ သူ့ကို အမြန်ဆုံး ပြန်လွှတ်ပေးစေလိုကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်၍ ပြစ်တင်ဝေဖန်မှုကို NLD အနေဖြင့် အလွန် သတိထားကြောင်း၊ တိုင်းရင်းသား အချင်းချင်းကြား၌ တစ်ဦးနှင့် တစ်ဦး ယုံကြည်မှု ရှိမှသာ ထာဝရ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ ဖြစ်ကြောင်း၊ သို့ဖြစ်၍ NLD က ချင့်ချင့်ချိန်ချိန်လုပ်သည့် သဘောဖြစ် ကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့် က ဗွီအိုအေသတင်းဌာနအား ပြောကြားခဲ့သည်ဟု သိရသည်။

AA သည် ပလက်ဝ ဖွံ့ဖြိုးရေးစီမံကိန်းနှင့်ပတ်သက် ၍ နှောင့်ယှက်ခဲ့သည်မှာ ၃ ကြိမ်ရှိ ပြီဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုသည်။ ပထမဖြစ်စဉ်မှာ လမ်းလုပ်ငန်းစီမံကိန်းတွင် လုပ်ကိုင်နေသည့် မြန်မာကုမ္ပဏီတစ်ခုမှ အလုပ်သမားများကို လနှင့်ချီဖမ်းဆီးခဲ့သည်။ ဒုတိယဖြစ်စဉ်မှာ ကုလားတန် စီမံကိန်း တံတားပေါင်များ တင်လာသည့် သင်္ဘောကို တိုက်ခိုက် မီးရှို့ဖျက်ဆီးခဲ့သည်ဟု ၎င်းကဆိုသည်။ AA သည် ပလက်ဝ ဒေသတွင် အာဏာလွှမ်းမိုးနိုင်ရန် လုပ်ဆောင်နေသည်ဟု တပ်မတော်ပြောခွင့်ရသူက ဆိုသည်။

AA သည် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ ဒေသ ခံ ၈၂ ဦးကို ဖမ်းဆီးထားသည်ဟု ချင်းပြည်နယ်အစိုးရက အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)သို့ တင်ပြထားသည်ဟု 7Day Daily သတင်းက ဖေါ်ပြသည်။ အလားတူ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ကလည်း AA က စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များကို ဖမ်းဆီးသတ်ဖြတ်ခြင်း များရှိသည်ဟု ထုတ်ပြန်ကြေညာထားကြောင်း 7Day Daily သတင်းက ဆိုသည်။ ယင်းသတင်းဖေါ်ပြချက်များသာ အမှန် ဖြစ်ပါက AA သည် နိုင်ငံရေးရည်ရွယ်ချက်လမ်းကြောင်းပေါ်မှ သွေဖည်နေပြီဟု သုံးသပ်စရာ ဖြစ်လာသည်။ နိုင်ငံရေး ရည်မှန်းချက်နှင့် ယုံကြည်ချက်တို့ကို ဗဟိုပြုသော အဖွဲ့အစည်းတစ်ခုအနေဖြင့် လူထုဆန့်ကျင်ရေးသဘောဆောင်သည့် လုပ်ရပ်များကို မုချရှောင်ကြဉ်ရပေမည်။ လူထုက မိမိတို့အဖွဲအစည်းအား ချစ်ခင်ယုံကြည်လာစေရန် လူထုအား တတ်နိုင် သမျှ အကူအညီပေးရေးသာ စဉ်းစားဆောင်ရွက်ရသည်။ လူထုနှင့်ဆက်ဆံရာတွင် စကားမာမာထန်ထန် ရိုင်းရိုင်းပျပျပင် မသုံးနှုန်းရပေ။ လူထုကို မသင်္ကာရုံမျှဖြင့် ဆဲဆိုကြိမ်းမောင်းလုပ်ခြင်း၊ ရိုက်နှက်ခြင်း၊ လူထုကမပေးဘဲ ပစ္စည်းများကို အဓမ္မ ယူခြင်း စသည်တို့မှာ နိုင်ငံရေးအခြေပြု အဖွဲ့အစည်းများ မလုပ်အပ်သော ကိစ္စများဖြစ်သည်။ သာမန်အရပ်သားများဖြစ် စေ၊ အစိုးရ အရာထမ်းအမှုထမ်းဖြစ်စေ၊ လက်နက်ကိုင်ဆောင်ထားခြင်း မရှိပါက ရန်သူသဖွယ် ဖမ်းဆီးရိုက်နှက်စစ်ဆေး ခြင်း မပြုသင့်ပေ။ AA အဖွဲ့က ဖမ်းဆီးထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ချင်းပြည်နယ် ပလက်ဝမြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း ကို ပြန်လွှတ်ပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုဝင်ဘာ ၉ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်တောင်းဆိုထားသည်ကိုလည်း လေးနက်စွာ စဉ်းစားသင့်သည်။ နိုင်ငံရေးရှုထောင့်မှကြည့်လျှင် ကြွက်မနိုင်၍ ကျီမီးနှင့်ရှို့သကဲ့သို့ဖြစ်ေနသည်။ တပ်မတော်ကို ကူညီသတင်းပေးနေသည်ဟူသော ထင်ကြေးမျှနှင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ပြန်ပေးဆွဲသကဲ့သို့ ဖမ်းဆီးချုပ်နှောင်ခြင်း မပြုသင့်ပေ။ ယင်းလုပ်ရပ်ကြောင့် AA အဖွဲ့ အနေဖြင့် နိုင်ငံရေးသိက္ခာကျနိုင်သည့်အြပင် စည်းရုံးရေးအရလည်း လူထုထောက်ခံမှု ကျဆင်းရန်သာ ရှိသည်။ စိတ်ခံစားမှု ဖြင့် သာမန်အရပ်သားများအပေါ် လက်နက်ပြ အနိုင်ကျင့်သည့်သဘော သက်ရောက်ပါက လူ့အခွင့် အရေးချိုးဖေါက်သူ အဖြစ် အရပ်ဖက်အဖွဲ့အစည်းများ၏ ဝေဖန်ပြစ်တင်ရှုံ့ချခံရမည်ကို သတိပြုသင့်သည်။

ဤအတောအတွင်း မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နှင့် အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးနိုင်ရန် တရုတ် အစိုးရက အစဉ်တစိုက် တွန်းအားပေးလျှက်ရှိကြောင်း၊ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ စွန်းကော်ရှန်း က နိုဝင်ဘာ ၈ ရက်နေ့ ပြောဆိုခဲ့သည်။ နိုင်ငံတော်တိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်၌ တွေ့ဆုံဆွေးနွေး ခဲ့စဉ် မြောက်ပိုင်းမဟာ မိတ် ၄ ဖွဲ့ကိစ္စ ဆွေးနွေးဖြစ်သည်ဟု ဆိုသည်။ မြောက်ပိုင်း ၄ ဖွဲ့နှင့် တပ်မတော်၊ အစိုးရ ငြိမ်းချမ်း ရေး ကိုယ်စားလှယ်တို့ မကြာခဏ တွေ့ဆုံဆွေးနိုင်ရေးအတွက် တရုတ်နိုင်ငံက အစဉ်တစိုက် တွန်းအားပေး ဆောင်ရွက် နေကြောင်း တရုတ်နိုင်ငံခြားဝန်ကြီးဌာန အထူးကိုယ်စားလှယ် မစ္စတာ စွန်းကော်ရှန်းက RFA သတင်းသို့ ပြောကြားသည်။

မြန်မာ့ငြိမ်းချမ်းရေးအား အထောက်အကူဖြစ်စေရန် တရုတ်အထူးကိုယ်စားလှယ် စွန်းကော်ရှန်းက အမေရိကန်ဒေါ်လာ ၁ သန်း မြန်မာအစိုးရအား လှူဒါန်းခဲ့သည်ဟုလည်း RFA သတင်းအရ သိရသည်။ တရုတ်နိုင်ငံသည် မြန်မာ့ အိမ်နီးနားချင်း နိုင်ငံဖြစ်၍ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ငွေလှူဒါန်းခြင်းသည် လုပ်သင့်လုပ်ထိုက်သည့် ကိစ္စဖြစ်ကြောင်း၊ အနာဂတ် ငြိမ်းချမ်းရေးဖြစ်စဉ်တွင်လည်း တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စွန်းကော်ရှန်းက ဆိုသည်။ ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးဗဟိုဌာန NRPC ၌ ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်အား တွေ့ဆုံ၍ JMC အတွက် ဒေါ်လာ ၃ သိန်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်ခရီးစဉ်မတိုင်မီ စွန်းကော်ရှန်းသည် နေပြည်တော်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် NRPC တာဝန်ရှိသူများအား တွေ့ဆုံ၍ NRPC အတွက် ဒေါ်လာ လေးသိန်း၊ ငြိမ်းချမ်းရေး ကော်မရှင်အတွက် ဒေါ်လာ သုံးသိန်း ပေးအပ်ခဲ့ကြောင်း သိရသည်။ တပ်မတော် ကာကွယ်ရေးစစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်လည်း နေပြည်တော်၌ ဆွေးနွေးခဲ့ သည်ဟု ဆိုသည်။ စွန်းကော်ရှန်းသည် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့- KIA ကချင်းလွတ်မြောက်ရေးတပ်ဖွဲ့၊ TNLA တအာင်း လွတ်မြောက်ရေး တပ်မတော်၊ AA ရက္ခိုင့်တပ်တော်၊ MNDAA ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ - တို့ကို တရုတ် ပြည်ထဲသို့ ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့သည်ဟု ဆိုသည်။ ထို ဆွေးနွေးပွဲအပြီးတွင် နေပြည်တော်သို့သွားရောက်ခဲ့ ခြင်းဖြစ်သည်ဟု သတင်းကဆိုသည်။

KIA နှင့် MNDAA ကလွဲ၍ TNLA နှင့် AA တပ်ဖွဲ့ နှစ်ခုသည် တပ်မတော်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်းတို့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်။ တပ်မတော်ကလည်း ရခိုင်ဒေသတွင် ကြည်း၊ ရေ၊ လေ ပူးပေါင်း စစ်ဆင်ရေးပြုလုပ်နေသည်မှာ ၁၀ လကျော် ကြာခဲ့ပြီဖြစ်သည်။ စစ်ဘေးရှောင် ဦးရေ ခြောက်သောင်းကျော် အထိရှိလာသည်။ ဖမ်းဆီးစစ်မေးမြန်းစဉ် သို့မဟုတ် ရခိုင်ဒေသ၌ သေနတ်၊ လက်နက်ကြီးထိသဖြင့် သေဆုံးသည့် အရပ် သား ဦးရေ ၁၀ဝ ကျော်ထိ မြင့်တက်လာသည်။ ယင်း အခြေအနေများကို လျော့ချနိုင်ရန် တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့ နှစ်ဖက်အပစ်အခတ် ရပ်စဲရေး Bilateral Agreement ရေးထိုးနိုင်ရေး ဆွေးနွေးလျှက်ရှိသည်။ ၂၀၁၉ စက်တင်ဘာ၊ အောက်တိုဘာလများအတွင်း ရှမ်းပြည်နယ် ကျိုင်းတုံ၌ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် မြောက်ပိုင်းမဟာမိတ် တို့ တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ဘောတူညီချက် မရရှိခဲ့ပေ။ KIA နှင့် AA လက်နက်ကိုင် တပ်ဖွဲ့များ၏ ပြောခွင့်ရ ပုဂ္ဂိုလ် တို့က အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်များနှင့် နောက်တစ်ကြိမ် ဆွေးနွေးပွဲဖြစ် မြောက်ရေး တရုတ် အကူအညီဖြင့် မိုင်းလားတွင် တွေ့ဆုံဆွေးနွေးရေး အဆိုပြုတင်ပြခဲ့ကြောင်း RFA သတင်းသို့ အတည်ပြု ပြောကြားခဲ့သည်ဟု သိရသည်။

ပေါင်းရုံးသုံးသပ်ရလျှင် လက်ရှိအခြေအနေများအရ ရခိုင်ဒေသတွင် တိုက်ပွဲများပြင်းထန်လျှက်ရှိသည်။ ရခိုင်ဒေသတိုက်ပွဲ များသည် ချင်းပြည်နယ် ပလက်ဝအထိ ကူးစက်လာခဲ့ပြီဖြစ်၍ ညမထွက်ရအမိန့် ပင် ထုတ်ပြန်ထားရသည်။ တိုက်ပွဲကာလ အတွင်း အစိုးရက ကောက်ယူထားသည့် စာရင်းများ အရ ပလက်ဝမြို့နယ် အတွင်း AA က ဖမ်းဆီးသွားသူ ၁၅၀ ခန့်ရှိပြီး၊ ပြန်လွတ်လာသူ ၆၅ ဦး၊ သေဆုံးသူ တစ်ဦး၊ ပြန် မလွတ်သေးသူ ၈၄ ဦး ရှိနေသည်ဟု သတင်းများကဆိုသည်။ ပြန်လွတ် မလာသေးသူများမှာ ဇန္နဝါရီလက ခမောင်းဝကျေးရွာတွင် ဖမ်းဆီးခံရသော ရခိုင်တိုင်းရင်းသား ၆၉ ဦး၊ သံတောင်ကျေးရွာ တဝိုက်မှ ချင်းတိုင်းရင်းသား ၁၃ ဦး၊ အောက်တိုဘာ ၂၉ ရက်က ဖမ်းဆီးခံရ သည့် ကျောင်းအထွေထွေဝန်ထမ်း တစ်ဦး၊ ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း တို့ဖြစ် သည်ဟု သိရသည်။

လတ်တလော မြေပြင်အနေအထားများကို လေ့လာကြည့်လျှင် AA အဖွဲ့သည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းရေးဗျူဟာကို လျှော့တွက်နေပုံရသည်။ လက်နက်ကိုင် အကြမ်းနည်းဖြင့် အထက်စည်းရရှိရေး လုပ်နေသည်ဟု မြင်သည်။ ယနေ့ကမ္ဘာ့အခြေအနေ မြန်မာ့အခြေအနေများအရ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာရေးသည်သာ သိက္ခာရှိသော နည်းလမ်းဖြစ်သည်။ AA အဖွဲ့က ဖမ်းဆီးထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ချင်းပြည်နယ် ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအား ပြန်လွှတ်ပေးရန် နိုဝင်ဘာ ၉ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်တောင်းဆိုထားသည့်ကိစ္စကို လျစ်လျူရှုပါက တရုတ်နိုင်ငံက ကြားဝင် စေ့စပ်နေသည့်တိုင် တွေ့ဆုံဆွေးနွေးရေးကို ထိခိုက်ဖွယ်ရှိနေသည်။ မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် Bilateral Agreement ရေးထိုးနိုင်ရေး လည်း ဆုတ်ဆိုင်းသွားဖွယ်ရှိသည်။ အထူးသဖြင့် AA အဖွဲ့၏ နိုင်ငံရေးမဆန်သော လက်နက်မဲ့ အရပ်သားများကို ဖမ်းဆီး ရိုက်နှက်စစ်ဆေးခြင်းများကြောင့်စတုတ္ထအကြိမ် ၂၁ ရာစု ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် မျက်နှာစုံညီ ပါဝင်ဖွယ် မရှိဟု ယေဘုယျ သုံးသပ်မိသည်။။။
၂၀၁၉ နိုဝင်ဘာ ၁၆ ရက်၊ စ နေ နေ့ထုတ် သူရိယ နေဝန်း ဂျာနယ် ၌ ဖေါ်ပြသည့် ဆောင်းပါး။