ရွှေဘိုမြို့ ဈေးကြီးထဲ ဗုံးသီးကျရောက်၊ မြဝတီမြို့အနီးက နယ်ခြားစောင့်တပ်တွေရဲ့ စစ်စခန်းတွေကို တိုက်ခိုက်
မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၁၆ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၁၇၊ ၂၀၂၃
ရွှေဘိုမြို့ ဈေးကြီးထဲ ဗုံးသီးကျရောက်၊ မြဝတီမြို့အနီးက နယ်ခြားစောင့်တပ်တွေရဲ့ စစ်စခန်းတွေကို တိုက်ခိုက်
ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့စျေးကြီးအတွင်းမှာ ထောင်ထားတဲ့ ဗုံးပေါက်ကွဲပြီး ရွှေဆိုင်ဝန်ထမ်း ၁ဒါဇင်ကျော် ဒဏ်ရာရတဲ့ အဖြစ်အပျက် ဖြစ်ပွားပြီး နောက်တရက်မှာပဲ စစ်ကိုင်းတိုင်း ရွှေဘိုမြို့ မြို့မစျေးထဲ ဗုံးသီး ၂ လုံးကျရောက်ပေါက်ကွဲခဲ့ရာမှာ စျေးထဲမှာရှိတဲ့ စျေးဝယ်သူ နဲ့ စျေးရောင်းသူတွေထဲက ၈ ဦး ဝန်းကျင် ဒဏ်ရာရသွားတယ်လို့ သတင်းတွေအရ သိရှိရပါတယ်။ သတင်းတပုဒ်ထဲမှာတော့ အခုလို စျေးထဲကျရောက်တဲ့ ဗုံးသီးရဲ့ လက်သည်က မြို့မှာရှိတဲ့ ဦးအောင်ဇေယျ နန်းတော်က စစ်တပ်ဖြစ်တယ်လို့ ဒေသခံအချို့က ယူဆကြကြောင်းလည်း ပြောပါတယ်။ တိတိကျကျ သက်သေပြဖို့ သို့မဟုတ် စစ်ကောင်စီဘက်က တစုံတရာတုံ့ပြန်ပြောဆိုမှုမျိုး မတွေ့ခဲ့ရတာကြောင့် စစ်ကောင်စီဘက်က ငြင်းဆိုခြင်းလည်း မရှိသလို ဝန်ခံခြင်းလည်း မရှိတာတွေ့ရမှာဖြစ်ပါတယ်။
ရွှေဘိုမြို့ဟာ လက်နက်ကိုင် တိုက်ခိုက်မှုတွေ အနှံ့အပြားဖြစ်ပွားနေတဲ့ ဒေသထဲက စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့ မြို့တမြို့ဖြစ်ပါတယ်။ ရွှေဘိုမြို့ဟာ စစ်ကိုင်းတိုင်းထဲက မုံရွာ၊ ခင်ဦး၊ ရေဦး၊ ယင်းမာပင် အစရှိတဲ့ မြို့နယ် အဆင့် တိုင်းမြို့တော်အဆင့် မြို့တွေက စစ်ကောင်စီတပ်ရင်းတွေ အခြေစိုက်ထားတဲ့ မြို့တွေဖြစ်လို့ စစ်ကောင်စီဘက်က ထိန်းချုပ်ထားတဲ့ မြို့တွေထဲက မြို့တမြို့ဖြစ်ပါတယ်။
မြို့နယ်ထဲမှာရှိတဲ့ ကျေးရွာတွေ မှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ၊ ကျေးရွာကာကွယ်ရေး တပ်ဖွဲ့တွေ ဖွဲ့ထားကြပြီး အချို့ကျေးရွာတွေမှာ အန်ယူဂျီ လက်အောက်က “ပကဖ” လို့ခေါ်ဆိုတဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့ တွေက အခြေစိုက်ထားကြပြီး အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ ပညာရေးနဲ့ အခွန်အကောက် ကိစ္စတွေကို စီမံလုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဟာ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်တဲ့ အရာမှာ နေရာအကျယ်အပြန့်ဆုံးနဲ့ ခုခံမှု တိုက်ခိုက်မှု အများဆုံး ဖြစ်ပွားတဲ့ ဒေသဖြစ်သလို စစ်ကောင်စီတပ်တွေရဲ့ ဖျက်ဆီးမှုကို အခံရဆုံး တိုင်းဒေသ တခုလည်း ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှု မဖြစ်ပွားခင် ကိုဗစ်ကပ်ဘေး မဖြစ်ပွားခင်က စစ်ကိုင်းတိုင်းမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ကုန်ထုတ်လုပ်မှု အားကောင်းတဲ့ ဒေသကြီးတခုဖြစ်ပြီး ဒေသတွင်းက တနိုင်တပိုင် လုပ်ကိုင်သူနဲ့ အလယ်အလတ် အဆင့် စိုက်ပျိုးသူတွေ အဖို့ တရုတ်နိုင်ငံနဲ့ အိန္ဒိယ အခြားနိုင်ငံတွေကို ဆန်၊ ပဲအမျိုးမျိုး နဲ့ အသီးအနှံတင်ပို့မှုတွေကနေ ဝင်ငွေရရှိကြပြီး နယ်စပ်ဒေသတွေ အိမ်နီးချင်း နိုင်ငံတွေမှာလည်း အလုပ်သွားရောက်လုပ်ကိုင်ကြသူတွေနဲ့ စည်ကားခဲ့တဲ့ တိုင်းတတိုင်း ဖြစ်ခဲ့ပါတယ်။
အခုအခါမှာတော့ စိုက်ပျိုးရေး လုပ်ဖို့ ဒေသမငြိမ်သက်မှု၊ လူလုပ်အားအရင်းအမြစ်တွေ ဖြစ်တဲ့ လူငယ်နဲ့ လူလတ်ပိုင်းတွေ လက်နက်ကိုင် တိုက်ပွဲတွေထဲ ပါဝင်သွားသူတွေနဲ့ မပါဝင်ဘဲ အခြားဒေသတွေ အခြားနိုင်ငံတွေမှာ အလုပ်လုပ်ကိုင်ဖို့ ထွက်ခွာသွားကြသူတွေ နဲ့ စစ်ကိုင်းတိုင်းရဲ့ လူမှု အနေအထား၊ တည်ငြိမ်မှု အနေအထား ကြီးကြီးမားမား ပျက်ယွင်းနေတဲ့ သဘောလည်း ဖြစ်ပါတယ်။ အဲဒီလို အခြေအနေတွေ ကြောင့် ကျေးရွာတွေက ငွေကြေး အနည်းငယ်ချောင်လည်သူတွေက ရွှေဘိုလို မန္တလေး မုံရွာလိုမြို့တွေမှာ ပြောင်းရွှေ့ နေထိုင်လာကြတာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဟာ စစ်ကောင်စီ တပ်တွေရဲ့ သတ်ဖြတ်မှုနဲ့ ဖျက်ဆီးမှုဒဏ်ကို အခံရဆုံး တိုင်းဒေသကြီး တခုဖြစ်သလို NUG သြဇာခံမဟုတ်တဲ့ PDF တပ်ဖွဲ့တွေနဲ့ NUG သြဇာခံ ပကဖ အဖွဲ့တွေပေါင်းလိုက်ရင် အရေအတွက်အားဖြင့် စစ်ကောင်စီ တပ်တွေထက် သာလွန်မှာ အသေအချာဖြစ်ပါတယ်။ သို့သော် စစ်ကောင်စီ ဆန့်ကျင်ရေး အင်အားစုတွေဖက်မှာ တခုထည်းသော အမိန့်ပေးစနစ်နဲ့ လှုပ်ရှားနေတဲ့ အနေအထားမဟုတ်ခြင်း၊ သေနတ်နဲ့ လက်လုပ်စိန်ပြောင်း စတဲ့ ပျောက်ကျားစစ်လက်နက် တွေအဆင့်ကနေ နေရာယူစစ်၊ ဆင်နွှဲနိုင်လောက်တဲ့ ယန္တရား၊ လက်နက်၊ နည်းစနစ် မရှိသေးတာလည်း တွေ့ရမှာပါ။
ခုလို ခုခံတိုက်ခိုက်၊ အလစ် အငိုက်တိုက်ခိုက်တဲ့ အဆင့်ကနေ နောက်တဆင့်တက်နိုင်ဖို့အတွက် လက်နက်၊ နိုင်ငံရေး စည်းရုံးမှု၊ အမိန့်ပေးစနစ်တွေ ရယူတည်ဆောက်နိုင်မှ ဖြစ်မယ်လို့လည်း ယူဆကြတာ ဖြစ်ပါတယ်။ ဒီလို လိုအပ်ချက်တွေ ရှိတာ ဒီအချက်တွေ ဖြည့်ဆည်းနိုင်မှသာ စစ်ကောင်စီနဲ့ ခုခံတိုက်ခိုက်နေကြတဲ့ တိုက်ပွဲရဲ့ ရလဒ်ကို သိသာတဲ့ အပြောင်းအလဲဖြစ်စေလိမ့်မှာကို တွေးဆမိပြီးသား လည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ သို့ပေမယ့် အထက်က ဖြည့်ဆည်းရမယ့်အရာတွေ နိုင်ငံရေးအရ တည်ဆောက်ရမယ့် အရာတွေကို ရယူဖို့ မှာ စိန်ခေါ်မှုတွေ အခက်အခဲတွေ ရှိနေလိမ့်မယ်ဆိုတာ ခန့်မှန်းနိုင်ပေမယ့် အခုလို ကျေးရွာတွေ ပြေးရင်း တိမ်းရှောင်ရင်း၊ နေအိမ်ဖျက်ဆီးခံရရင်းနဲ့ စားဝတ်နေရေး အသက်ရှင်ရေးအတွက် စိုက်ပျိုး ထုတ်လုပ်နိုင်ခြင်းမရှိတော့တဲ့ အနေအထားနဲ့ နှစ်ကြာရှည် တောင့်ခံနိုင်ကြဖို့ မလွယ်ကူတာလည်း သတိပြုကြရမယ့် အချက်ဖြစ်ပါတယ်။ နှစ်ဘက် ရေကုန်ရေခန်း တိုက်ခိုက်ကြမယ့် စစ်ပွဲလိုမျိုး ပေါ်ထွက်လာတာထက် လက်ရှိ အနေအထားမှာ တောင့်ခံထားပြီး စစ်ကောင်စီဘက်က လူအင်အားနဲ့ လက်နက်အင်အား အစရှိတဲ့ အရင်းအမြစ်တွေ ထပ်မဖြည့်ဆည်းနိုင်တဲ့ အချိန်ကာလမှာ မိမိတို့ဘက်က အနိုင်ယူဖို့ မျှော်လင့်ထားကြတာမျိုးလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
ဒီနေ့ အဖို့ နောက်သတင်းအကြောင်း အရာ တခုကတော့ မြဝတီမြို့အနီးက နယ်ခြားစောင့်တပ်တွေ နေရာယူထားတဲ့ နယ်မြေစိုးမိုးရေးမှာ အရေးကြီးတဲ့ ခြေကုပ်စခန်းတခုကို ကေအန်ယူ၊ ပီဒီအက်ဖ် ပူးပေါင်းတပ်တွေက အပြင်းအထန် တိုက်ခိုက်နေတဲ့ သတင်းဖြစ်ပါတယ်။ မြဝတီနဲ့ သိပ်မဝေးလှတဲ့ လက်ခတ်ကုန်း လို့ခေါ်တဲ့ BGF တွေ တပ်စွဲထားတဲ့ စခန်းကုန်းကို ရရှိဖို့ အပြင်းအထန်တိုက်နေပြီး စစ်ကောင်စီဘက်ကလည်း အနီးအနားမှာရှိတဲ့ စခန်းကုန်းတွေကနေ လက်နက်ကြီးနဲ့ ပစ်ကူနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။
အခုလို မြဝတီမြို့နယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာပဲ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် အစပ် ကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေသလို ပဲခူးတိုင်း ညောင်လေးပင် ခရိုင်ထဲမှာလည်း တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar