မောင်လင်းရိပ် - အငွေ့မပျံခင် မင်တစ်စက်
အငွေ့မပျံခင် မင်တစ်စက်
မောင်လင်းရိပ်
(မိုးမခ) ဇူလိုင် ၅၊ ၂၀၂၃
သေစာရင်းအထိတော့ သင့်ကို မသွင်းလိုက်ပါဘူး။ ဒေသန္တရ ကျန်းမာရေးကို ပြေးသွားပြီး
စာရွက်စာတမ်းတွေကိုလည်း ဖြည့်စွက်မနေပါဘူးကွဲ့
နေစာရင်းထဲမှာ ကိုယ့်ဘဝကိုယ့်ကမ္ဘာ သာသာယာယာ ဂေါ်ဂေါ်ဂီဂီ တီးမှုတ်လို့ နေပါ
ရှင်စာရင်းနဲ့ ယှဉ်စာရင်းမှာတော့ မြင်လိုခြင်းမရှိရင် မင်နီနဲ့ ပိတ်သားတန် ပိတ်သားလိမ့်မည်
မဟုတ်ပါ မဟုတ်ပါ ငါ့အတ္တနောမတိအရ နွေယဉ်စွန်းချိန် အဆို မဟုတ်ပါ
ခေတ်စာရင်းထဲ ကိုယ့်ဘာသာ ပစ်သွင်းလို့ ရနိုင်တာ မဟုတ်။ ကိုယ့်ကိုသာ ခေတ်စာရင်းက နုတ်ပယ်လိမ့်မည်
ဘယ်လို ခေတ်စားနေတဲ့ တိမ်းညွတ်ခြင်းတွေလည်းကွာလို့ ငါက သံသယနဲ့ လွမ်းလေသူ မဟုတ်ပါ
ဒီရေထဲမိုးထဲမှာ လူထုရဲ့ စစ်ပြေးတိမ်းညွတ်မှုကသာ ငါ့အတွက် အခရာဖြစ်နေတော့မှာ
ကာယိက စေတသိက ဒုက္ခ အလွှာ နှစ်ထောင်အောက်က လူတွေကိုသာ မျက်ကွယ်ပြုမိရင်
ငါ့မှာ လူသားဝါဒလည်းမရှိ လူတန်းစားဝါဒလည်း မသိ နတ္ထိကြားခိုလေးထဲ ကိုယ့်အရသာ ကိုယ်ချိုသူသာ ဖြစ်ချိမ့်မည်
မိစ္ဆာအသားက ချိုလိမ့်မည် ကလေးအသားကို ဘယ်နားမှာ ငါတို့ သွားဝှက်ထားကြရမှာလဲ
မိုးရေကာဖျင် တဖက်ရပ်ဟာ လေပြင်းထဲမှာ တဖျတ်ဖျတ်။ ရွာတွေမှာ ပြာကျွေတဲ့
စီးကရက်တိုပဲ၊ မီးကျွမ်းတိုင်နဲ့ မီးသင့် သစ်ပင်တွေသာ ကွက်လပ်ထဲ ထိုးထိုးထောင်ထောင်
ဟောင်တတ်တဲ့ ခွေးတွေဟာလည်း ရွာလမ်းမပေါ် ဝမ်းပိုက်ဖောင်း ခြေကားယား မိုးကိုထိုးလျက် ပုပ်အဲ့အဲ့အနံတွေပဲ ဟောင်
ဒီလို လောင်နေတဲ့ မီးပုံကြီးဟာ သင်နဲ့ အဝေးကြီးပါ အဝေးကြီးပါ အဝေးကြီးပါ
တောမီးဟာ သင့်ဥယျာဉ်သာ အစပ်ကို လာဟပ်ဖို့ ပြေးလာနေတုန်းမှာ ပေါ့
ဗုဒ္ဓါဘိသေကသဘင်အတွက် ရတုနဲ့ တေးထပ် ရေးစပ်ဖို့ လာအပ်ရင် မင်တစ်စက် ကျန်သေးရဲ့လား။
၂၀၂၃၊ ဇူလိုင် ၃
မှတ်စု။ ခေတ်ကို ကျွန်တော် လုပ်နိုင်သည် မဟုတ်။ ခေတ်ကသာ ကျွန်တော့်ကို လုပ်နိုင်သည်။
— ဒဂုန်တာရာရဲ့ ဂန္ထဝင်မမ (…ယ နှိပ်ခြင်း) အမှာမှ
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar