ပုသိမ်မြို့မှာ စစ်တပ်က ရိုက်နှက်လို့ နာရီပိုင်းအတွင်း သေဆုံး၊ မိုးဗြဲမြို့နယ်မှာ ၁ လဝန်းကျင်အတွင်းမှာ အရပ်သား ၃၀ ကျော်သေဆုံး
မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၄ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၅၊ ၂၀၂၃
ပုသိမ်မြို့မှာ စစ်တပ်က ရိုက်နှက်လို့ နာရီပိုင်းအတွင်း သေဆုံး၊ မိုးဗြဲမြို့နယ်မှာ ၁ လဝန်းကျင်အတွင်းမှာ အရပ်သား ၃၀ ကျော်သေဆုံး
စစ်အာဏာသိမ်းပြီးနောက်ပိုင်း သေဆုံး၊ သတ်ဖြတ်၊ လုပ်ကြံသတ်ဖြတ်တယ်ဆိုတဲ့ စကားလုံးတွေက နေ့စဥ် သတင်းတွေထဲ ထမင်းစား ရေသောက်သဖွယ် အသုံးပြုနေကြရတာမျိုး ဖြစ်ပါတယ်။ လက်နက်ကိုင် တပ်ဖွဲ့တွေအကြား တိုက်ခိုက်မှုကြောင့် သေဆုံးမှုတွေတင် မကပဲ၊ လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးမှုတွေ၊ အရပ်သားတွေကို ဖမ်းဆီးမေးမြန်းစဥ် အသက်ဆုံးရှုံးရတဲ့ ဖြစ်ရပ်တွေ၊ တဖက်နဲ့ တဖက် လက်စားချေ ဖမ်းဆီးသတ်ဖြတ်တာ၊ ပစ်ခတ်သတ်ဖြတ်တာတွေက နေ့စဥ်လိုလို အပတ်စဥ်လိုလို မြန်မာနိုင်ငံရဲ့ ဒေသအများစုမှာ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။
ဒီနေ့ RFA သတင်းထဲမှာ ပါရှိတဲ့ သတင်းတပုဒ်မှာတော့ ပုသိမ်မြို့မှာ ဆိုင်ကယ်နဲ့ စက်ဘီးတိုက်မိရာမှာ စက်ဘီးသမားက မကျေနပ်တာကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးကို သွားတိုင်ကြားခဲ့ပြီး အုပ်ချုပ်ရေးမှူးရုံးက အနီးမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေဆီ လွှဲအပ်လိုက်ရာက နာရီပိုင်းအကြာမှာ တိုင်ကြားခံရတဲ့ ဆိုင်ကယ်စီးသူ စစ်ကောင်စီတပ်တွေရဲ့ ရိုက်နှက်မှုကြောင့် သေဆုံးသွားတဲ့ သတင်းဖြစ်ပါတယ်။
ဒီလို အဖြစ်အပျက်မျိုးတွေက ဒါပထမဆုံးတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံအနှံ့အပြားမှာ တက်ကြွလှုပ်ရှားသူတွေ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြသူတွေ၊ စစ်ကောင်စီဆန့်ကျင်ရေး လက်နက်ကိုင်တွေကို ထောက်ခံအားပေးတယ်လို့ သံသယနဲ့ ဖမ်းဆီး နှိပ်စက်တာတွေကြောင့် အသက်ဆုံးရှုံးရတာတွေ အများအပြား ရှိခဲ့ပြီး အဖွဲ့အစည်းအချို့က မှတ်တမ်းတင် ရေတွက်ထားတဲ့ ကိန်းဂဏန်းအရဆို ၁၂၀၀ ကျော်ရှိနေပြီလို့ ဆိုပါတယ်။
အခု ပုသိမ်မြို့မှာ ဖြစ်ပျက်တဲ့ အဖြစ်အပျက်ကတော့ နိုင်ငံရေးနဲ့ လုံးဝမသက်ဆိုင်တဲ့ ဆိုင်ကယ်နဲ့ စက်ဘီး မတော်တဆဖြစ်မှုကို ရပ်ကွက်အုပ်ချုပ်ရေးက စစ်တပ်လက်ထဲ အပ်ပြီး ဆုံးဖြတ်စီရင်စေရာမှာ စစ်တပ်က အသက်သေဆုံးတဲ့အထိ ရိုက်နှက်ခဲ့ခြင်းသာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကို ကြည့်ရင်နိင်ငံရေးနဲ့ လုံးဝပတ်သက်ခြင်း မရှိတဲ့ စက်ဘီးနဲ့ ဆိုင်ကယ် သာမန်အငြင်းပွားမှုလိုကိစ္စမျိုးကို ဘယ်သူက လွန်ပြီး ဘယ်သူက မှန်တယ်ဆိုတာမျိုး မဟုတ်တော့ပဲ စွပ်စွဲခံရသူကို အသက်ဆုံးရှုံးတဲ့အထိ ရိုက်နှက်တဲ့ အဖြစ်အပျက်၊ စစ်တပ်ဟာ တရားတာဖြစ်ဖြစ် မတရားတာဖြစ်ဖြစ် ဘာဥပဒေစည်းမျဥ်းကိုမှ လိုက်နာစရာမလိုပဲ လူတိုင်းရဲ့ အသက်တွေကိုပါ စီရင်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ သတင်းစကားမျိုး လူတွေကို ပေးလိုက်တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်ကျော်အတွင်း ရာထောင်ချီတဲ့ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေကို တရားဥပဒေနဲ့ လုံးဝမကိုက်ညီတဲ့ အသက်ဆုံးရှုံးအောင် နှိပ်စက်ပြီး အဲဒီလိုလုပ်ရပ်အတွက် ဘာအပြစ်ပေး အရေးယူမှုမှ မခံရတဲ့ ဖြစ်စဥ်တွေမြန်မာနိုင်ငံမှာ ထောင်ဂဏန်း သောင်းဂဏန်းနဲ့ချီရှိနေပြီ ဖြစ်ပါတယ်။ ဒီမိုကရေစီ ကျင့်သုံးတဲ့ ထွန်းကားတဲ့ နိုင်ငံမျိုးမှာ အပြစ်မဲ့တဲ့ သူတယောက်ကို သံသယနဲ့ သတ်ဖြတ်မှု ကျူးလွန်ရုံနဲ့တင် တနိုင်ငံလုံး အုတ်အော်သောင်းနင်း ဖြစ်တဲ့ ဆန္ဒပြမှုတွေ၊ ကန့်ကွက်မှုတွေနဲ့ လူတယောက်ရဲ့ အသက်ဆုံးရှုံးမှုတွက် တရားမျှတမှုကို တောင်းဆိုတာတွေ ရှိနေပေမယ့် မြန်မာနိုင်ငံလို စစ်အာဏာရှင်လက်အောက်က နိုင်ငံမှာတော့ ဒီဖြစ်ရပ်အတွက် တရားမျှတမှု လက်ရှိအချိန်မှာ ဘယ်သူမှ တောင်းဆိုနိုင်မှာမဟုတ်ပါဘူး။ အသက်ဆုံးရှုံးသွားသူရဲ့ မိသားစုဝင် သည်ပင်လျင် မတရားလုပ်ခံရတယ်လို့ လူသိရှင်ကြား ထုတ်ဖေါ်မပြောဆိုရဲတဲ့ အခြေအနေမျိုးလည်း ရောက်ရှိနေတာ ဖြစ်ပါတယ်။ အခုလို အဆိုးရွားဆုံး လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတာကို စစ်ကောင်စီ ခေါင်းဆောင်တွေ မသိရှိတာမဟုတ်ဘဲ သိရှိပြီးဖြစ်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ ဆန့်ကျင်ဘက် အင်အားစုတွေကို နှိမ်နှင်းဖို့ လက်မရွံ့တပ်ဖွဲ့လို ဖြစ်နေတဲ့ စစ်တပ်ကို ဥပဒေနဲ့အညီ ထိန်းကျောင်းဖို့ထက် ဆန့်ကျင်ဘက်အင်အားစုတွေ၊ ပြည်သူလူထုတွေအပေါ် နှိမ်နှင်းမှုတွေ အပြစ်ပေးမှုတွေ လုပ်ခိုင်းတဲ့အခါ မတွန့်မဆုတ် လုပ်ဆောင်ဖို့ကိုသာ ဦးစားပေးတဲ့ အနေအထားကြောင့်လို့ ထိန်းကွပ်ခြင်း မလုပ်တာလို့ ယူဆရပါတယ်။
ဒီနေ့အဖို့ နောက်ထပ် သတင်းအကြောင်းအရာ တခုက ကရင်နီဒေသ မိုးဗြဲမြို့နယ်မှာ အရပ်သားသေဆုံးမှု ကိန်းဂဏန်းက မြန်မာနိုင်ငံရဲ့ အခြားသော ဘယ်ဒေသထက်မဆို မြင့်မားနေတဲ့ အကြောင်းဖြစ်ပါတယ်။ ကရင်နီဒေသရဲ့ ကရင်နီပြည်သူ့ကာကွယ်ရေး လက်နက်ကိုင် အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ မကြာခဏ ထိတွေ့ တိုက်ပွဲဖြစ်တဲ့ ဒေသတခုဖြစ်တဲ့ မိုးဗြဲမြို့နယ်ထဲမှာ ၁ လကျော်စွန်းစွန်းအတွင်း အရပ်သား ၃၀ ကျော် သေဆုံးခဲ့ရတယ်ဆိုတဲ့ သတင်းက ဒီဒေသက သူတွေအဖို့ ဘယ်လောက်ထိ အန္တရာယ်များတဲ့ နေရာမှာ နေထိုင်နေကြရတယ်ဆိုတာကို ပေါ်လွင်ထင်ရှားစေပါတယ်။
၁ လကျော်တွင်းမှာ အရပ်သား ၃၀ ကျော် သေဆုံးရတဲ့အကြောင်းရင်းက လက်နက်ကြီးကျည်ကျတာကြောင့် အများဆုံး အသက်ဆုံးရှုံးကြရတာလို့ ဆိုပါတယ်။ မိုးဗြဲမြို့ဟာ လက်နက်ကိုင် တော်လှန်ရေး စတင်တဲ့ ၂၀၂၁ ခုနှစ် ဧပြီ၊ မေလ ဝန်းကျင်ကတည်းက ပွဲဦးထွက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ မြို့ဖြစ်ပြီး နှစ်နှစ်တာကာလအတွင်း တိုက်ပွဲပေါင်းများစွာ ဖြစ်ပွားခဲ့တဲ့ ဒေသလည်း ဖြစ်ပါတယ်။ မြို့ပေါ်မှာ နေအိမ်တွေ ရှိနေကြတာကြောင့် နေအိမ်နဲ့ နေအိမ်က မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေ ဆုံးရှုံး ပျက်စီးသွားမှာစိုးလို့ နေအိမ်တွေမှာ နေထိုင်နေကြတာ၊ အစောင့်အဖြစ် နေထိုင်ကြတာတွေ ရှိနေကြတယ်လို့လည်း သတင်းတွေထဲ ရေးသားထားတာ ဖြစ်ပါတယ်။ အစိုးရအဆက်ဆက် ကယားပြည်နယ်လို့ တရားဝင် အမည်ပေးထားပြီး ဒေသခံတွေက ကရင်နီပြည်နယ်လို့ ခေါ်ဆိုတဲ့ ဒေသဟာ မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် စစ်ဘေးရှောင်ရသူ အရေအတွက်အများဆုံး ဒေသတခုလည်း ဖြစ်နေပါတယ်။ လူဦးရေ ၃ သိန်းကျော်သာရှိတဲ့ ပြည်နယ် တခုလုံးမှာ ၂ သိန်း ခွဲဝန်းကျင်က နေအိမ်ကနေ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ပြည်နယ်တခုလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar