လားရှိုးမြို့မဈေးထဲ ဗုံးပေါက်ကွဲ၊ ကရင်ပြည်နယ်ထဲမှာ ကေအန်ယူနဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေ
မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၁၅ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၁၆၊ ၂၀၂၃
လားရှိုးမြို့မဈေးထဲ ဗုံးပေါက်ကွဲ၊ ကရင်ပြည်နယ်ထဲမှာ ကေအန်ယူနဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေ
ဇူလိုင်လ ၁၅ ရက်နေ့နံနက်ပိုင်းက လားရှိုးမြို့ မြို့မဈေးထဲက ဇွဲထက်ရွှေဆိုင်ရှေ့မှာ ရပ်ထားတဲ့ ဆိုင်ကယ်ကနေ ဗုံးပေါက်ကွဲပြီး ရွှေဆိုင်က ဝန်ထမ်းအများအပြားဒဏ်ရာရခဲ့ကြပြီး ညပိုင်းမှာ ဒဏ်ရာရသူတွေထဲက တဦးသေဆုံးသွားခဲ့ပါတယ်။ ဒဏ်ရာရသူ စုစုပေါင်း ၁၂ ဦးရှိပြီး ၂ ဦးက ပြင်းထန်တယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြတာ တွေ့ရပါတယ်။ လားရှိုးမြို့ရဲ့ မြို့လယ်က စျေးကြီးဖြစ်ပြီး နံနက် ၇နာရီကျော် စျေးဖွင့်ပြီးမကြာခင် ရွှေဆိုင်ဝန်ထမ်းတွေ ဖယ်ရီကားနဲ့ ရောက်လာပြီး ရွှေဆိုင်ရှေ့မှာ ရပ်ထားတဲ့ ဆိုင်ကယ်ကို ရွှေ့ဖို့ လုပ်ဆောင်တဲ့အချိန် ဆိုင်ကယ်ထဲက ပေါက်ကွဲတာလို့ သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။
လားရှိုးမြို့မှာ ပြီးခဲ့တဲ့ သင်္ကြန်ကာလတုန်းကလည်း ကားရပ်နားရာ နေရာအနီးမှာ ကားဗုံးပေါက်ကွဲပြီး ၄ ဦးခန့် သေဆုံးခဲ့တာ ဖြစ်ပါတယ်။ အခုလို ပေါက်ကွဲမှုတွေဖြစ်ပွားတိုင်း ဘယ်အဖွဲ့အစည်းက လုပ်ဆောင်သလဲဆိုတာ ထုတ်ဖေါ်ပြောဆိုလေ့ မရှိကြပါဘူး။ စစ်ကောင်စီ အနေနဲ့လည်း ဒီလိုပေါက်ကွဲမှုတွေ နဲ့ပတ်သက်လို့ ဖေါ်ထုတ်နိုင်ခြင်း မရှိသလို တခါတရံ စစ်ကောင်စီနဲ့ ဆက်စပ်နေတဲ့ ပြည်သူ့စစ်လို အဖွဲ့မျိုးတွေ ပါဝင်ပတ်သက်နေသလားဆိုတာလည်း ဘယ်သူမှ မသိနိုင်တဲ့ အနေအထားလည်း ဖြစ်ပါတယ်။ လားရှိုး၊ ကျောက်မဲ၊ သီပေါတို့လို မြို့တွေနယ်တွေမှာ စစ်ကောင်စီ၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အချို့၊ စစ်ကောင်စီရဲ့ မဟာမိတ်ဖြစ်တဲ့ ပြည်သူ့စစ်အဖွဲ့တွေ လှုပ်ရှားလေ့ရှိပြီး ဘယ်အဖွဲ့က ဒီလိုဖေါက်ခွဲမှုတွေကို လုပ်ဆောင်သလဲဆိုတာ မှန်းဆပြောဆိုရခက်ခဲတဲ့ အနေအထားဖြစ်ပါတယ်။
အရပ်သားတွေ ထိခိုက်တဲ့ လုပ်ဆောင်မှုတွေကို ဘယ်လိုလက်နက်ကိုင် အဖွဲ့တွေက ဘာရည်ရွယ်ချက်နဲ့ လုပ်ဆောင်သလဲဆိုတာ တိတိပပ မသိရှိနိုင်တဲ့ အနေအထား လူထုတွေအကြား ကြောက်လန့်မှု ခြောက်ခြားမှု ဖြစ်စေလိုတဲ့ ရည်ရွယ်ချက်လား ဆိုတဲ့ သဘောမျိုးဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ပစ်မှတ်က တိတိကျကျ ဘယ်သူ့ကို ရည်ရွယ်တယ် ဘယ်အဖွဲ့အစည်းကို ရည်ရွယ်တယ်ဆိုတာ မရှိတဲ့ အကြမ်းဖက် တိုက်ခိုက်မှုမျိုးလို့ ယေဘုယျ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။
ဒီကနေ့ သတင်း အဖြစ်အပျက်တွေအနက် လက်နက်ကိုင် တိုက်ပွဲဖြစ်ပွားနေတဲ့ သတင်းတွေအနက် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက ခလယ်တံခွန်တိုင်ကျေးရွာအုပ်စု နဲ့ အဲဒီဒေသနဲ့ထိစပ်နေတဲ့ မွန်ပြည်နယ်ထဲက ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွ ကျေးရွာအုပ်စုတို့မှာ ကေအန်ယူ/ပီဒီအက်ဖ် နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။
ဒီဒေသတွေက မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် ထိစပ်နေတဲ့ နေရာဒေသတွေဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အနေနဲ့တော့ ကေအန်ယူ အဖွဲ့က ကြီးစိုးတဲ့ဒေသတွေဖြစ်ပြီး ကရင်လူမျိုးတွေ အများစုနေထိုင်တဲ့ ကျေးရွာ၊ မွန်လူမျိုးအများစု နေထိုင်တဲ့ ကျေးရွာစသဖြင့် ကျေးရွာတွေ တည်ရှိကြတာ ဖြစ်ပါတယ်။ ကေအန်ယူရဲ့ တပ်မဟာ အနေနဲ့တော့ တပ်မဟာ ၆ ရဲ့ လှုပ်ရှားမှု ဧရိယာတွေ ဖြစ်ပါတယ်။
မွန်ပြည်နယ်ထဲက ဒေသအချို့က အစဥ်အဆက်က ကေအန်ယူ အဖွဲ့က လှုပ်ရှားထိန်းချုပ်ထားရာ ဒေသတွေဖြစ်ကြပြီး အချို့သောဒေသတွေကတော့ မွန်ပြည်သစ်ပါတီက ထိန်းချုပ်ရာ ဒေသတွေဖြစ်ကြပါတယ်။ ဥပမာအားဖြင့် ရေးမြို့နယ် သံဖြူဇရပ်မြို့နယ် ၊ ဘုရားသုံးဆူ ဒေသလို နေရာတွေဖြစ်ကြပါတယ်။ မွန်လူမျိုးတွေ နေထိုင်ကြပြီး အစိုးရ အုပ်ချုပ်ရေးအရ တနင်္သာရီတိုင်းထဲက ဒေသအချို့ဟာလည်း ကေအန်ယူတွေနဲ့ မွန်ပြည်သစ် ပါတီတို့ လှုပ်ရှားမှု ထိစပ်နေကြတဲ့ ဒေသတွေရှိပါတယ်။ ရေးမြို့နယ်နဲ့ ၄င်းနဲ့ ထိစပ်နေတဲ့ တနင်္သာရီတိုင်းထဲက ဒေသတွေဖြစ်ပါတယ်။
မွန်လူမျိုးတွေ အခြေချ နေထိုင်ကြတဲ့ ဒေသအချို့ မှာ ကေအန်ယူက ပီဒီအက်ဖ် တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ပိုမိုလှုပ်ရှားလာတဲ့အခါ စစ်ကောင်စီနဲ့ လက်ရှိအချိန်ထိ တိုက်ခိုက်မှု ဖြစ်ပွားမှုမရှိဘဲ NCA ကို ဆက်လက်လက်ခံထားတဲ့ မွန်ပြည်သစ်ပါတီအနေနဲ့ စိုးရိမ်မှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ လပိုင်းအတွင်းက ကရင်ပြည်နယ်ထဲက မွန်လူမျိုးအများစုနေထိုင်ကြတဲ့ ကျုံဒိုးမြို့အနီးက ကမ်းနီကျေးရွာတို့လို နေရာတွေမှာ ကရင်လက်နက်ကိုင် စစ်ကြောင်းအချို့က စစ်ကောင်စီ အုပ်ချုပ်ရေးမှူး ရုံးတွေကို ဝင်တိုက်တာ၊ စစ်ကောင်စီ ထောက်ခံတဲ့သူတွေရဲ့ နေအိမ်တချို့ကို မီးရှို့ခံရတာတွေ ဖြစ်ပွားခဲ့ပြီး မွန်လူမှုအသိုင်းအဝိုင်းမှာ စိုးရိမ်မှုတွေ ပေါ်ထွက်ခဲ့တာ ဖြစ်ပါတယ်။
မွန်ပြည်သစ်ပါတီအနေနဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းထဲက မွန်လူမျိုးတွေ နေထိုင်ကြတဲ့ ဒေသအချို့မှာ လက်နက်ကိုင် တိုက်ပွဲတွေ အရှိန်ပြင်းထန်လာတာတွေ နဲ့ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိနေကြပြီး မွန်ပြည်သစ်ပါတီအနေနဲ့ မွန်ပြည်နယ်ကို လက်နက်ကိုင်တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားလာမယ့်အရေးက ရှောင်လွှဲချင်တဲ့ မူဝါဒရှိနေတဲ့ အနေအထားလို့ မှန်းဆရတာဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar