Breaking News

နိုင်မွန်အောင်သွင် - တူမီးနဲ့စခဲ့တဲ့ အချစ်ဇာတ်ကြမ်း

Art by Than Htay Maung
တူမီးနဲ့စခဲ့တဲ့ အချစ်ဇာတ်ကြမ်း
နိုင်မွန်အောင်သွင် 
(မိုးမခ) ဩဂုတ် ၃၊ ၂၀၂၃

မဖြစ်မနေ
ဇာတိမြေကိုကိုင်လှုပ်ရတော့မယ်ဆိုတော့
နံရံပေါ်က
တူမီးသေနတ်ကို ယူလိုက်တယ်။

တောင်ပေါ်မှာ
မိုးတွေညို့နေပြီဆိုရင်
တော်ရုံအချစ်က မီးမကူးဘူး။

ဒဏ်ရာရနေတဲ့နှလုံးသားကို
ဘယ်သူတွေကျောပိုးပြီး
သွားခဲ့ဖူးပါသလဲ။

ချစ်သူတွေဆိုတာ
ခွဲခွါခြင်းကို
မမေ့မလျော့ တန်ဖိုးထားတတ်ရသလို
ပြန်လည်ဆုံစည်းခြင်းကိုလည်း
နဖူးပေါ်လက်တင်ပြီး
အလေးအမြတ်ပြုတတ်ကြရမယ်။

ဇာတ်လမ်းအစမှာ
နံရံပေါ်ကတူမီးသေနတ်ကို
မဖြစ်မနေယူခဲ့တယ်။

ဇာတ်လမ်းအဆုံးကျ
နံရံပေါ်မှာ
AK47 မောင်းပြန်သေနတ်ကို
အလေးအနက် ချိတ်ပေးထားလိုက်တယ်။

ငရဲပြောင်းဝထဲမှာ
ငါတို့သက်ပြင်းတွေ ပူနေဆဲပေါ့
အငွေ့တလူလူ။

မမေ့မလျော့ခြင်းများနှင့်
အိုအောင်မင်းအောင် ပေါင်းကြရပါစေ။

၂.၈.၂၀၂၃
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar