Breaking News

စစ်ကောင်စီရဲ့ ပြစ်ဒဏ်လျှော့ပေါ့ခွင့်နဲ့ လွတ်ငြိမ်းခွင့် အကျိုးအမြတ်


မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၁ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၂၊ ၂၀၂၃


စစ်ကောင်စီရဲ့ ပြစ်ဒဏ်လျှော့ပေါ့ခွင့်နဲ့ လွတ်ငြိမ်းခွင့် အကျိုးအမြတ်

စစ်ကောင်စီ ဥက္ကဌက မာရဝိဇယ ဆင်းတုတော်လို့ အမည်ပေးထားတဲ့ ဗုဒ္ဓရုပ်ပွားတော် အနေကဇာတင်ပွဲ ကို ဒုတိယ ဝါဆိုလပြည့်နေ့ ဖြစ်တဲ့ သြဂုတ်လ ၁ ရက်နေ့မှာ အနေကဇာတင်တဲ့ အခမ်းအနား ကျင်းပချိန်မှာ ဗုဒ္ဓဓမ္မစင်္ကြာနေ့ အထိမ်းအမှတ်နဲ့ အကျဥ်းသား ၇၇၀၀ ကျော်ကို လွတ်ငြိမ်းခွင့်ပေးတဲ့ အကြောင်း ထုတ်ပြန်ကြေညာပြီး တပြိုင်နက်ထဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ အပေါ် စီရင်ချက်ချမှတ်ထားတဲ့ အမှုအချို့ကို ပုဒ်မ ၄၀၁ အရ လွတ်ငြိမ်းခွင့်ပြုတဲ့အကြောင်း ကြေညာလိုက်ပါတယ်။ 

ဒါ့အပြင် သေဒဏ်ချမှတ်ခံထားရသူတွေရဲ့ ပြစ်ဒဏ်ကိုလည်း တသက်တကျွန်းပြစ်ဒဏ်အဖြစ် ပြောင်းလဲလိုက် သလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နဲ့ ဆက်သွယ်သူ၊ သို့မဟုတ် လက်နက်ကိုင် အဖွဲ့ဝင်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးပြစ်ဒဏ်ချမှတ်ခံရသူတွေအနက်က ၇၂ ဦးကိုလည်း ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ သီးခြားထုတ်ပြန်ထားတာ တွေ့ရပါတယ်။ 

အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေထဲက အနည်းငယ်မျှသော ပြစ်ဒဏ် လျှော့ပေါ့လိုက်ခြင်းက အများမျှော်လင့်နေကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်မြောက်ရေးနဲ့ အများကြီး အလှမ်းဝေးနေတာ ဖြစ်ပြီး လက်ရှိနိုင်ငံရေး ပြဿနာကို ပြေလည်စေမယ့် လက္ခဏာလည်း မဟုတ်တာတွေ့ရမှာ ဖြစ်ပါတယ်။ 

အကျဥ်းကျခံနေရသူ ၇၇၀၀ ကျော် လွတ်ငြိမ်းခွင့်ပေးလိုက်တယ်ဆိုတဲ့ ကြေညာချက်ကို ကြည့်ရင်လည်း ဒီအရေအတွက် အတိုင်း အမှန်တကယ် လွှတ်ပေးရဲ့လားဆိုတာ စိစစ်ဖို့ခက်ခဲသလို လွတ်မြောက်သူတွေရဲ့ ၉၀ ရာနှုန်းကျော်က နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးပြစ်ဒဏ်ချမှတ်ခံရသူတွေ မဟုတ်ပဲ၊ ရာဇဝတ်မှုတွေနဲ့ ပြစ်ဒဏ်ချမှတ်ခံရသူတွေ ဖြစ်တာတွေ့ရမှာပါ။ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးအရ ဆန့်ကျင်သူ၊ PDF လက်နက်ကိုင် လှုပ်ရှားမှုတွေကို ကူညီထောက်ပံ့သူတွေကို ဖမ်းဆီးတာ၊ အမှုဖွင့် တရားစွဲဆို ပြစ်ဒဏ်ချတာတွေကို အထိန်းအကွပ်မဲ့  စစ်ကောင်စီက လုပ်ဆောင်နေတာကြောင့် အကျဥ်းထောင်တွေထဲ ဖမ်းဆီးခံရသူ သောင်းဂဏန်းနဲ့ ချီရှိနေပြီး ရန်ကုန်၊ မန္တလေးလို အကျဥ်းထောင်တွေမှာ အကျဥ်းသား ဦးရေ ပြည့်လျှံနေတာ ဖြစ်ပါတယ်။ အကျဥ်းထောင်တွေမှာ လျှံနေတဲ့အနေအထားမှာ အခုလို တနှစ်မှာ ၃ ကြိမ်ဝန်းကျင် လွတ်ငြိမ်းခွင့်ကြေညာရာမှာ ရာဇဝတ်မှုနဲ့ ကျခံနေရသူ အများစုကို လွှတ်ပေးပြီး အဲဒီအရေအတွက်တွေအထဲ လူသိတဲ့ နိုင်ငံရေး လှုပ်ရှားသူ၊ သတင်းသမားနဲ့ Celebrities တချို့ကို ရောထည့်ကာ စစ်ကောင်စီအနေနဲ့ ဝါဒဖြန့်ချိရေး လုပ်နေကျ ဖြစ်ပါတယ်။ 

အခုတကြိမ်မှာတော့ အခုလို လွတ်ငြိမ်းခွင့်ထဲ ထင်ရှားလူသိများတဲ့ လွတ်လာသူ မဆိုစလောက်သာပါဝင်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ရဲ့ ပြစ်ဒဏ် နှစ်အနည်းငယ်ကိုပါဝင်အောင် ရည်ရွယ် လုပ်ဆောင်တာ ဖြစ်ပါတယ်။ 

မကြာခင်ရက်ပိုင်းတွေက ထွက်ပေါ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကျဥ်းထောင်ကနေ ပိုမိုသက်တောင့် သက်သာရှိတဲ့ ဒုဝန်ကြီး အိမ်ရာကို ရွှေ့ပြောင်းတယ်ဆိုတဲ့ သတင်းတွေကို စစ်ကောင်စီဘက်က ထပ်မံငြင်းဆိုလိုက်ပြီး၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ စကားပြောဆွေးနွေးနိုင်ခြေရှိတယ် ဆိုတဲ့ထွက်နေတဲ့ သတင်းတွေကိုပါ ချေဖျက်လိုက်တဲ့ အနေအထားလည်း ဖြစ်ပါတယ်။ စစ်ကောင်စီ အနေနဲ့ သက်တမ်း ၆ လ ထပ်တိုးလိုက်ရာမှာ မြန်မာနိုင်ငံတွင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေ နေရာအနှံ့ဖြစ်ပွားနေတာကို ရည်ညွှန်းပြီး လက်ရှိအနေအထားမျိုးအောက်မှာ ရွေးကောက်ပွဲ ကျင်းပခဲ့ရင် ဘယ်လိုထင်မြင်ချက်တွေ ဝေဖန်မှုတွေရှိနိုင်တယ်ဆိုတာမျိုး ဆင်ခြေပေးပြီး အရေးပေါ် အခြေအနေကြေညာထားချက် တနည်းအားဖြင့် စစ်တပ်က အာဏာရယူထားတာကို ထပ်မံသက်တမ်းတိုးခဲ့တာ ဖြစ်ပါတယ်။ 

၂၀၂၃ ခုနှစ် အခြေအနေဟာ ၁၉၉၀ အလွန် နဲ့ ၂၀၀၀ ခုနှစ် အစပိုင်းက နအဖ လက်ထက် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမှု မျှော်လင့်မှုတွေနဲ့ နောက်ခံခြင်း မတူတော့တဲ့ အခြေအနေဆိုတာ နှိုင်းယှဥ်ကြည့်ရင် သဘောပေါက်နိုင်ပါတယ်။ နအဖ ခေတ်က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးဟာ နိုင်ငံရေး ပါတီအဖြစ် လှုပ်ရှားတဲ့ နောက်ခံအနေအထားဖြစ်ပြီး တွေ့ဆုံဆွေးနွေးရေး ကို ဦးတည်ပြောဆိုကြတဲ့ အနေအထားဖြစ်ပါတယ်။ အခု ၂၀၂၁ ခုနှစ်နောက်ပိုင်း အနေအထားက လက်နက်ကိုင် တိုက်ခိုက်မှုတွေက ရှေ့တန်းရောက်နေပြီးတော့ တွေ့ဆုံဆွေးနွေးရေး လမ်းစဥ်က ရေပန်းမစား၊ လူကြိုက်မများတဲ့ နောက်ခံအနေအထား ဖြစ်ပါတယ်။ 

ဒီအခြေအနေမှာ စစ်ကောင်စီ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ဆိုတဲ့ ရွေးချယ်ခဲ့မယ်ဆိုရင် ၄င်းတို့အတွက် ဘာအကျိုးအမြတ်ရမလဲ ဆိုတဲ့ အချက်နဲ့ ချိန်ထိုးစဥ်းစား မယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်ခဲ့ရင် ၄င်းက လက်နက်ကိုင် ခုခံတိုက်ခိုက်ရေး လမ်းစဥ်ကို မယုံကြည်ပါဘူး၊ မထောက်ခံပါဘူး၊ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းကြရမှာဖြစ်တယ်လို့ ပြောမှာလား၊ အကယ်၍ ပြောဆိုခဲ့ရင် လက်နက်ကိုင် တိုက်ခိုက်တဲ့ အင်အားစုတွေအကြား အမြင်ကွဲပြားပြီး လက်နက်ကိုင်နည်းလမ်းနဲ့ စစ်အာဏာရှင်တွေကို အမြစ်ဖြတ်မယ်လို့ ရည်မှန်းထားတဲ့ အဖွဲ့တွေအကြား ညီညွတ်မှု ပျက်ပြားသွားမလားဆိုတဲ့ မှန်းဆ ချက်တခုရှိနိုင်ပါတယ်။ ဒီမှန်းဆချက်ကလည်း တကယ်တမ်း သေချာပေါက် ဖြစ်ချင်မှဖြစ်မှာလို့ စစ်ကောင်စီဘက်က သံသယရှိနေပါလိမ့်မယ်။ 

ဒေါ်အောင်ဆန်းစုကြည်က ဒီလိုမပြောခဲ့ပဲ လက်နက်ကိုင် လမ်းစဥ်နဲ့ ပတ်သက်လို့ မှတ်ချက်မပေးပဲ စစ်ကောင်စီအနေနဲ့  ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်နဲ့ပတ်သက်လို့ ပယ်ဖျက်ခဲ့တာကို ပြန်လည်တောင်းဆိုတဲ့ ရပ်တည်ချက်ကိုသာ ရပ်တည်ခဲ့ရင် စစ်ကောင်စီ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခြင်းကြောင့် ဘာမှ အကျိုးအမြတ်ရစရာ မရှိဘူးလို့ ရှုမြင်ပါလိမ့်မယ်။ 

နိုင်ငံတကာ သံတမန် ဖိအား၊ စီးပွားရေး ပိတ်ဆို့မှုဖိအားကို လျော့ကျအောင် ကြိုးပမ်းမှုတခု အနေနဲ့တော့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ စစ်ကောင်စီဘက်က ဆုံးဖြတ်မယ့် ပုံစံမရှိဘူးလို့ ဆိုနိုင်ပါတယ်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်ခဲ့ရင် ပြည်တွင်းမှာ တနည်းအားဖြင့် မြေပေါ်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ရည်ရွယ်ချက်ရှိတဲ့ နိုင်ငံရေး လှုပ်ရှားမှုတခုကို ပြန်လည်ပေါ်ပေါက်လာမယ့် အရေးကိုလည်း စစ်ကောင်စီဘက်က ကြိုတင်စိုးရိမ်ပြီး အခုလို ပြစ်ဒဏ်လျှော့ပေ့ါတဲ့ ကြေညာချက်မှာ စတိသဘော အမည်ပါရုံ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီဆန့်ကျင်ဘက်အင်အားစုတွေအတွင်း သွေးကွဲစရာ ရှုပ်ထွေးမှုတွေ ဖြစ်စရာ မရှိမယ့် လမ်းကြောင်းမျိုးကို စစ်ကောင်စီဘက်က အထောက်အကူ ပေးခဲ့တာလည်း ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar