နိုင်ငံတကာသာဂိ - Climate Change နဲ့ စကားလုံးအသုံးများ
နိုင်ငံတကာသာဂိ - Climate Change နဲ့ စကားလုံးအသုံးများ
(မိုးမခ) ဩဂုတ် ၂၊ ၂၀၂၃
Global Warming ကမ္ဘာကြီး ပူနွေးလာတယ်လို့ ပြောကြပါတယ်။ Environmentalist ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေက Climate Change ဥတုရာသီ ပြောင်းလဲနေပြီလို့ ဆိုကြပါတယ်။
ပူတဲ့နေရာတွေက အေးလာပြီ၊ အေးနေတဲ့ဆီမှာ ပူလာတယ်။ ပိုပူလာတယ်။ ပိုအေးလာတယ်လို့ လူတွေက ပြောကြတယ်။ အရင်တုန်းကလို မဟုတ်တော့ပါဘူး။ ၂၀၂၃ မှာ ပူခဲ့တယ်ဆိုတာ ၂၀၂၄ မှာ သည်ထက် ပိုပူတော့မှာမို့၊ နောင်ဆို ၂၀၂၃ က အပူဆိုတာ ဒါလေးများလို့ ပြန်ပြောရလိမ့်မယ် တဲ့။ New Normal လို့ ပြောကြတယ်ပေါ့။
အခု Climate Change ကြောင့် ထွက်ပေါ်လာတဲ့ စကားလုံး အသုံးအသစ်တွေ ချရေးလိုက်ပါတယ်။
Heat Stroke - အပူကြောင့် သတိလစ်တယ်။ မြန်မာတွေက stroke ရတယ်ဆိုတာ လေဖြတ်တယ်၊ ဦးနှောက်သွေးကြောပြတ်တယ်ဆိုတာမျိုးကို ပြောချင်ကြတယ်။ heat stroke ကတော့ ပူလွန်းလို့ သတိလစ်တယ်၊ မူးမေ့ကုန်တယ်ပေါ့။
Heat Poisoning - အပူဆိပ် တက်တယ်၊ အပူဆိပ်သင့်တယ် ပေါ့။ Food Poisoning လို အစာအဆိပ်သင့်ပြီး အော့အန် မူးဝေ ဖျားနာ ဗိုက်နာ ဝမ်းပျက် ဖြစ်တာမျိုး အပူရှိန်ကြီးလွန်းလို့ လူတွေလဲ အပူဆိပ်သင့်ပြီး အော့အန် မူးဝေ ဝမ်းပျက် ဝမ်းနာ သွေးတက် သွေးကျ ဖြစ်ကုန်ကြတယ်လို့ ပြောကြပါတယ်။
အခု အမေရိကား၊ အာရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့မှာ အပူချိန်က ၁၁၀ ဖာရင်ဟိုက် ဖြစ်နေတာ အခုဆို ၁ လ တောင် ရှိသွားပြီ။ အပူကြောင့် လူတွေ ဖျားနာတာအပြင် အသက်တောင် ဆုံးကြရပါတယ်။
မိုးတွေ အလွန်အကျွံ ရွာပြီး မိုးကြီး ရေလျှံတွေလည်း ဖြစ်ခဲ့ဖူးပါတယ်။ အအေးတွေ ပိုလွန်းလို့ ရေခဲပြင်တွေ ဆီးနှင်းတွေလည်း ပိတ်ဆို့ကြတာ ခံစားကြရပါတယ်။
မိုးတွေ ကြီးလွန်းတော့ ကောင်းကင်မှာ ရေတွေဟာ မြစ်ကြီးလို စီးဆင်းနေပြီး တရဟော ရေတွေ မိုးတွေ သွန်လောင်း ရွာချနေတယ်လို့ မိုးလေဝသသမားတွေက ပြောကြပါတယ်။ အဲသည်လို မိုးတွေ ရွာချနေတာ မိုးပေါ်က မြစ်တွေကြောင့်လို့ Atmospheric River လို့ သူတို့က အမည်ပေးပါတယ်။
နောက် အသုံးတခုက မုန်တိုင်းတွေ၊ ဆိုင်ကလုံးတွေက ပြင်းထန်လွန်းလှတော့ အဲသည် မုန်တိုင်းက ဗုံးသီးမုန်တိုင်းလို့ ခေါ်ကြပါတယ်။ Bomb Cyclone လို့ သူတို့က သုံးကြပါတယ်။
ဟာရီကိန်းတို့ ဆိုင်ကလုံးတို့ဆိုတာက လေဖိအားနည်းရပ်ဝန်းဖြစ်လာပြီးနောက် မိုးတွေ လေတွေ တိမ်တွေ ဖွဲ့စည်းပြီး ပြင်းထန်သော လေမုန်တိုင်း ဖြစ်လာတာကို ဆိုပါတယ်။ ပင်လယ်ထဲက အပူနဲ့အအေးလေလှိုင်းတွေ တိမ်တွေ တိုက်ခိုက်ရင်း မုန်တိုင်းက ဖွဲ့စည်းပြီး ကုန်းတွင်းကို ချီတက်ပါတယ်။ အခု ဗုံးမုန်တိုင်းကတော့ ကုန်းတွင်းပိုင်းမှာတင် မြေပြင်မှာ လေဖိအား ရုတ်ချည်း ကျဆင်းပြီး အပေါ်က မိုးတိမ်တောင် ချက်ခြင်း ဖြစ်လာပြီး မုန်တိုင်းပြင်း တိုက်ခတ်မှု ခံစားရတာ ဖြစ်ပါတယ်။ Bomb Cyclone တဲ့။
နောက်အသုံးတမျိုးက အပူချိန်တွေက ပြင်းထန်ပြီး ချက်ခြင်း ပြန်ကျမသွားတဲ့ ဒေသတွေမှာ Heat Dome - အပူပေါင်းအိုး၊ အပူခေါင်မိုးကြီး အောက်မှာ ရောက်နေတယ်လို့ ပြောကြပါတယ်။ ကဲ- ဒါဆို ရာသီဥတု ပြောင်းလဲမှုကြောင့် အသုံးအသစ်တွေ သိရပြီ ထင်ပါတယ်။
- Global Warming
- Climate Change
- New Normal
- Heat Stroke
- Heat Poisoning
- Atmospheric River
- Bomb Cyclone
- Heat Dome
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar