Breaking News

လေခဏီ - သရဏ = ရိုင်းပင်းမှု


လေခဏီ - သရဏ = ရိုင်းပင်းမှု

(မိုးမခ) ဩဂုတ် ၉ ၊ ၂၀၂၃


သရဏ ဆိုတာ ကိုးကွယ်ရာ၊ အားထားရာ၊ မှီခိုရာ။ 

အဲဒီသရဏ ကိုးကွယ်အားထား မှီခိုစရာက ဘာလဲ။ 

ဆရာကြီးဦးရွှေအောင်ကတော့ ရိုင်းပင်းမှု ဆိုတဲ့ စကားလုံးကို သရဏလို့ သုံးတယ်။ သရဏ ဆိုတာ ရိုင်းပင်းမှု။ လောကမှာ လူတယောက်မှာ ကိုးကွယ်အားထားမှီခိုစရာက ဘာလဲဆိုရင် ရိုင်းပင်းမှုပဲ။ သရဏ ဆိုတဲ့ မူရင်းစကားရဲ့ အဓိပ္ပာယ်ကလည်းပဲ သူက ဒုက္ခတွေ၊ ဆင်းရဲတွေကို ဖျက်ဆီးတာ၊ နှိပ်ကွပ်တာ၊ ရှင်းလင်းတာ၊ ဖယ်ရှားတာ။ ဒုက္ခတွေကို နှိပ်ကွပ် ဖျက်ဆီး ရှင်းလင်းတာ သရဏဆိုတော့ လူတွေမှာ ကျရောက်နေတဲ့ ဒုက္ခတွေ မရှိဖို့ဆိုရင် လူတွေ အချင်းချင်းကူညီရမယ်၊ ရိုင်းပင်းရမယ်။ ကူညီရိုင်းပင်းမှု ရှိတယ်ဆိုရင် လူတွေမှာ ကျရောက်နေတဲ့ ဒုက္ခသုက္ခတွေ ပျောက်ကွယ်သွားမယ်။ တယောက်နဲ့ တယောက်က ကူညီရိုင်းပင်းမှု မရှိဘူး ဆိုရင်ကတော့ ဒုက္ခ သုက္ခတွေက ပျောက်ကွယ်မသွားဘူး။ အဲကြောင့်မို့လို့ လူတွေရဲ့ ကိုးကွယ်ရာက ဘာလဲဆိုရင်၊ လူတွေရဲ့ သရဏက ဘာလဲဆိုရင် ရိုင်းပင်းမှုပဲ။ 

အဲဒီတော့ ကျွန်တော်တို့က တယောက်နဲ့ တယောက်က ရိုင်းပင်းဖို့ လိုတယ်။ ကူညီဖို့ လိုတယ်။ ဒီကနေ့ ကာလမှာဆိုရင် ပြောနေတဲ့ စကားလုံးတလုံး ရှိတယ်။ ငါတို့မှာ ငါတို့ပဲ ရှိတယ်ဆိုတာ။ ဒါ သရဏပဲ။ ငါတို့အချင်းချင်း ရိုင်းပင်းမှုက ငါတို့ရဲ့ ကိုးကွယ်ရာပဲ၊ ငါတို့ရဲ့ အားထားရာပဲ။ အဲလိုပဲ လူသားတွေရဲ့ ရိုင်းပင်းမှု၊  အဲဒါ လူသားတွေအတွက် ကိုးကွယ်ရာပဲ။ ဒီကနေ့ ကာလကြီးမှာဆိုရင် ဒုက္ခတွေအများကြီး ရင်ဆိုင်နေကြရတယ်။ ကိုယ့် ရှိတာလေး၊ ကိုယ် လုပ်ပေးနိုင်တာလေး၊ ကိုယ်စွမ်းဆောင်နိုင်တာလေး တခြားသူကို မျှဝေပြီးတော့ သုံးစွဲနေကြတယ်။ တခြားသူကို ကူညီစောင့်ရှောက်နေကြတယ်။ ကိုယ့် ရှိတာလေးတွေ၊ ကိုယ် တတ်နိုင်တာလေးတွေ၊ ကိုယ်စွမ်းနိုင်တာလေးတွေ၊ ကိုယ် လုပ်နိုင်တာလေးတွေ။ အဲတော့ ရိုင်းပင်းတယ်ဆိုတာ ကူညီစောင့်ရှောက်ရုံ သက်သက်တော့ မကဘူး။ ကိုယ် လုပ်နိုင်တာတွေလည်း ဝင်လုပ်ပေးဖို့၊ ကိုယ် ပါဝင်နိုင်တာတွေ ပါဝင်ပေးတာ၊ ကိုယ် စွမ်းနိုင်တာတွေ စွမ်းဆောင်ပေးတာ၊ ဒါတွေ အကုန်လုံးပါတာပေါ့ ရိုင်းပင်းမှုက။ အဲဒီလို ရိုင်းပင်းကူညီနေမှ ကျုပ်တို့က ရှင်သန်နိုင်မှာပေါ့။ 

အမတ = ကျုပ်တို့ရဲ့ မသေခြင်း။ ကျုပ်တို့ရဲ့ ရှင်သန်ခြင်း။ အဲဒီ အမတ ဆိုတဲ့ ကျုပ်တို့ရဲ့ မသေခြင်းကို ရဖို့ အမတဆိုတဲ့ အမြိုက်သုခ၊ လောကနိဗ္ဗာန်ကြီးကို ရဖို့ဆိုရင် သရဏဆိုတဲ့ ရိုင်းပင်းမှုလိုတယ်။ ဒီရိုင်းပင်းမှု လုပ်နေရမယ်။ အဲဒါမှ ကျုပ်တို့ရဲ့ မသေရာ အမတ အမြိုက်သုခ နိဗ္ဗာန်ကြီးက ရမှာ၊ ရောက်မှာ။ အဲဒါမှ ကျုပ်တို့က လွတ်မြောက်မှာ။ ဆင်းရဲဒုက္ခတွေကနေ လွတ်မြောက်မယ်၊ ဖိနှိပ် ချုပ်ချယ်မှုတွေကနေ လွတ်မြောက်မယ်၊ ဆိုးညစ်မှုတွေကနေ လွတ်မြောက်မယ်၊ ယုတ်ကမ်းမှုတွေကနေ လွတ်မြောက်မယ်၊ ရက်စက်မှုတွေကနေ လွတ်မြောက်မယ်။ 

တနည်းအားဖြင့် ကျုပ်တို့ ရှင်သန်နေရမယ်ပေါ့။ အဲဒီလို ဖြစ်နေဖို့ဆိုလို့ရှိရင် သရဏ ဆိုတဲ့ ရိုင်းပင်းမှုက သိပ်အရေးကြီးတယ်။ ရိုင်းပင်းမှုမရှိဘူးဆိုရင်ကတော့ ကျွန်တော်တို့က မရှင်သန်နိုင်ဘူး၊ မလွတ်မြောက်နိုင်ဘူး။ 

ပြီးတော့ ဒီဟာတွေ ရှိဖို့ ရဖို့ဆိုရင် ဘာလိုလဲဆိုတော့ အဓိက မုဒိတာ။ ကျုပ်တို့အချင်းချင်း သေသေချာချာ လေးစားရမယ်။ လူမျိုးအနေနဲ့လည်း လေးစားရမယ်။ ဘာသာအနေနဲ့လည်း လေးစားရမယ်။ သူ့ဂုဏ်သိက္ခာအနေနဲ့လည်း လေးစားရမယ်။ သူ့ရဲ့ လူသားဖြစ်တည်ခြင်း ဆိုတာနဲ့ လေးစားရမယ်။ အဲဒီလေးစားမှုတွေ မရှိဘူးဆိုရင် ကျုပ်တို့အချင်းချင်း ရိုင်းပင်းမှုရှိဖို့ မလွယ်ဘူး။ ကျုပ်တို့အချင်းချင်း အပြစ်တင်ပြောဆိုတာတွေ ရပ်ရမှာပေါ့နော်၊ လျော့ရမယ်ပေါ့။ ထောက်ပြဝေဖန်တာက တမျိုး။ အပြစ်တင် ပြောဆိုတာတွေ ရပ်ရမယ်။ ထောက်ပြ ဝေဖန်တာလိုလို၊ ဆန်းစစ်ပြတာလိုလိုနဲ့ အတွေးအမြင်တွေ ဝေဝါးအောင် လုပ်နေတာတွေကိုလည်း သတိထားရမယ်။ ဒါတွေကလည်းပဲ ရှိတယ်။ ဒီကနေ့ အခြေအနေပေါ့။ 

အဓိက ကတော့ ကျွန်တော်တို့ အချင်းချင်း စောင့်ရှောက်ရမယ်။ ဒါ ဘယ်လိုမှ မေ့သွားလို့ မရဘူး။ အချင်းချင်း စောင့်ရှောက်တာကပဲ ကျုပ်တို့အားလုံးရဲ့ ကိုးကွယ်ရာဖြစ်မယ်။ ကျန်တာကတော့ ကျုပ်တို့ကို လွတ်မြောက်မှုလည်း မပေးနိုင်ဘူး။ ကျုပ်တို့ရဲ့ ရှင်သန်မှုကိုလည်း မပေးနိုင်ဘူး။ အချင်းချင်း ရိုင်းပင်းကူညီမှုကလွဲရင်၊ အဲဒီကိုးကွယ်ရာက လွဲရင် ကျုပ်တို့ရဲ့ လွတ်မြောက်မှု၊ ရှင်သန်မှုကို ပေးနိုင်တာ တခြား ဘာမှ မရှိနိုင်ဘူး။ 

အဲဒီတော့ ဒီကာလကြီးမှာ အချင်းချင်း စောင့်ရှောက်ကြမယ်။ တတ်နိုင်သမျှ အပိုသုံးစွဲတာတွေ လျှော့ချကြမယ်။ ဒီကာလမှာ မဖြစ်မနေမဟုတ်ဘူးဆိုရင် အပိုသုံးစွဲနေတာတွေ အားလုံးကို ရပ်တန့်ကြမယ်။ အပိုသုံးစွဲတယ်ဆိုတာက ငွေကြေးလည်း ပါတယ်။ ကိုယ့်ရဲ့ ကာယအား၊ ဉာဏအားတွေလည်း ပါတယ်။ တခြားနေရာ မလိုအပ်တဲ့နေရာတွေမှာ သွားသုံးမနေတာမျိုး၊ နောက်ဆုံး ကိုယ့်ရဲ့ အွန်လိုင်းသုံးချိန်မှာတောင်မှ ကလစ်ပေးမယ်ဆိုတဲ့ စိတ်မျိုး ထားနေရမှာပေါ့။ အကျိုးရှိရှိအသုံးချတာမျိုး အဲဒါမျိုးကို လုပ်နေရမယ်လို့ ထင်တယ်။ အဲလိုမဟုတ်ဘူးဆိုရင် ကျုပ်တို့ ဒီအခြေအနေကြီးကို ကျော်လွှားဖို့ မလွယ်ဖူးပေါ့နော်။ 

ဒါပေမဲ့ တကယ် ကျုပ်တို့ရဲ့ ကိုးကွယ်ရာက ရိုင်းပင်းမှုပဲ။ အဲဒီ ကျုပ်တို့ရဲ့ ကိုးကွယ်ရာဖြစ်တဲ့ ရိုင်းပင်းမှုရှိတယ် ဆိုရင်ကတော့ ကျွန်တော်တို့မှာ အမတ ဆိုတဲ့ ရှင်သန်မှု၊ မောက္ခ ဆိုတဲ့ လွတ်မြောက်မှု သေချာပေါက်ရမယ်ပေါ့။ ဒါက ဒီနေ့ ကျွန်တော်တို့ဖြစ်တည်မှု၊ ကနေ့ခေတ်ရဲ့ ကျွန်တော်တို့ ခေတ်ရဲ့ ဘုံရည်မှန်းချက်ပဲ။ အဲတော့ ဒီဘုံရည်မှန်းချက်အတွက် ကျွန်တော်တို့အားလုံး အချင်းချင်း ရိုင်းပင်းကူညီကြပါစို့။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar