Breaking News

၃၅ နှစ်ပြည့် ၈၈ အရေးတော်ပုံ အထိမ်းအမှတ် ဆန္ဒပြလှုပ်ရှားမှုကို နှိပ်ကွပ်တဲ့ စစ်ကောင်စီ၊ ဘုတလင်မြို့နယ်က မီးသတ်ဝန်ထမ်းတွေနဲ့ မိသားစုတွေ PDF ကဖမ်းဆီး


မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၈ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၉၊ ၂၀၂၃


၃၅ နှစ်ပြည့် ၈၈ အရေးတော်ပုံ အထိမ်းအမှတ် ဆန္ဒပြလှုပ်ရှားမှုကို နှိပ်ကွပ်တဲ့ စစ်ကောင်စီ၊ ဘုတလင်မြို့နယ်က မီးသတ်ဝန်ထမ်းတွေနဲ့ မိသားစုတွေ PDF ကဖမ်းဆီး

၈၈ အရေးတော်ပုံ ၃၅ နှစ်ပြည့်အထိမ်းအမှတ် အနေနဲ့ ဆန္ဒထုတ်ဖော်မှုတွေကို ရန်ကုန်၊ မန္တလေးမြို့နဲ့ အခြားသော လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသအချို့တို့မှာ ကျင်းပခဲ့ကြတယ်လို့ သတင်းဖော်ပြမှုတွေမှာ တွေ့ကြရတာ ဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းတဲ့ စစ်ကောင်စီအနေနဲ့ ၈၈ အရေးတော်ပုံ ကာလက စစ်တပ်ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ အမှတ်တရ အထိမ်းအမှတ်လုပ်ဆောင်မှုတွေကို ခွင့်မပြုခြင်း၊ အခုလိုအထိမ်းအမှတ် လုပ်ဆောင်ခြင်းဟာ စစ်တပ်ကို ဆန့်ကျင်ခြင်းလို့ အဓိပ္ပာယ်ကောက်ယူပြီး နှိပ်ကွပ်မှုတွေ လုပ်ဆောင်နေတာလည်း တွေ့ရမှာပါ။ 

၈၈ အရေးတော်ပုံရဲ့ သမိုင်းဟာ ထိုစဥ်ကာလက တပါတီအာဏာရှင်စနစ် အသွင်ယူထားတဲ့ စစ်တပ်က ဗိုလ်ချုပ်တွေ ဦးဆောင်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီကို ဖြုတ်ချခဲ့ပြီး ၁ လကျော်အကြာမှာ စစ်တပ်က ပါတီမျက်နှာဖုံးချွတ်ပြီး စစ်ဝတ်စုံနဲ့ နိုင်ငံရေးအာဏာကို ရယူလာခဲ့တဲ့ သမိုင်းပဲ ဖြစ်ပါတယ်။ ဆန္ဒပြမှုတွေရဲ့ အစနဲ့ စစ်အာဏာသိမ်းမှုရဲ့ အဆုံးကာလတွေမှာ စစ်တပ်က ဆန္ဒပြသူတွေကို စစ်မြေပြင်မှာသုံးတဲ့ မောင်းပြန်ရိုင်ဖယ်တွေနဲ့ ပစ်ခတ်ခဲ့ပြီး အသက်ဆုံးရှုံးသူပေါင်း ၃ ထောင်ခန့်ရှိခဲ့တယ်လို့ မှတ်တမ်းတင်ကြရတဲ့ အရေးတော်ပုံဖြစ်ပါတယ်။ အဲဒီကာလက စစ်တပ်ကို အမိန့်ပေးခဲ့သူတွေ တာဝန်ရှိသူတွေက ခုအချိန်မှာ သက်ရှိထင်ရှား မရှိတဲ့သူက အများစုဖြစ်ပေမယ့် ဒီလိုလုပ်ဆောင်မှုတွေကို စစ်တပ်က လုပ်ဆောင်ခဲ့တာဖြစ်လို့ ခုလက်ရှိ စစ်ကောင်စီက အဲဒီကာလက စစ်တပ်ရဲ့ ရက်စက်တဲ့ ဖြိုခွဲမှု၊ သတ်ဖြတ်မှုတွေဘက်က ရပ်တည်ပြီး အခုလို သမိုင်းအစဥ်အလာအရ ၈၈ အရေးတော်ပုံရဲ့ အထိမ်းအမှတ်လုပ်ဆောင်သူတွေကို ၄င်းတို့ကို ဆန့်ကျင်တဲ့သူတွေသဖွယ် အရေးယူဖမ်းဆီးနေတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

၈၈ အရေးတော်ပုံ ၃၅ နှစ်ပြည့်မြောက်တဲ့အချိန်မှာ မြန်မာနိုင်ငံဟာ ထိုစဥ်ကာလက မပြီးဆုံးခဲ့တဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး၊ စစ်အာဏာရှင်စနစ်ဖယ်ရှားရေး နောက်ထပ်လှုပ်ရှားမှုတခုထဲကို ဖြတ်သန်းနေရချိန် လို့ဆိုရမှာဖြစ်ပါတယ်။ ၈၈ အရေးတော်ပုံပြီးခါစ အခြေအနေတွေထက်ကို ပိုမိုပြင်းထန်တဲ့ လက်နက်ကိုင်နည်းလမ်းနဲ့ စစ်အာဏာရှင်တပ်တွေကို တိုက်ခိုက်နေကြချိန်၊ မြန်မာနိုင်ငံရဲ့ နေရာအနှံ့အပြား ပြည်တွင်းစစ် ဖြစ်ပွားနေချိန်၊ စစ်ဘေးဒုက္ခသည် သန်းဂဏန်းကျော်လွန်ပြီး လက်နက်ကိုင် အဖွဲ့တွေသာမက အရပ်သား အသက်ဆုံးရှုံးမှုတွေ နေ့စဥ်နဲ့အမျှ ဖြစ်ပွားနေချိန်၊ စီးပွားရေးဘက်မှာ ငွေကြေးဖောင်းပွမှုတွေ ကျယ်ပြန့်စွာ နက်ရှိုင်းစွာဖြစ်ပေါ်နေပြီး ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုကြောင့် ရွှေ့ပြောင်းအလုပ်သမားလို့ ခေါ်တဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ အလုပ်လုပ်ဖို့ လူဦးရေသန်း နဲ့ချီ ထွက်ခွာကာ အလုပ်လုပ်ကိုင်ပြီး ပြည်တွင်းက မိသားစုဝင်တွေကို ပြန်လည်ထောက်ပံ့နေကြတဲ့ အခြေအနေမျိုး ကျရောက်နေချိန်လည်း ဖြစ်ပါတယ်။ 

တိုင်းပြည်ရဲ့ ပညာရေး၊ ကျန်းမာရေး၊ အနိမ့်ဆုံးအခြေအနေထို ကျဆင်းနေပြီး အများပြည်သူအတွက် ကျန်းမာရေးစောင့်ရှောက်မှု စနစ်တွေ ပျက်စီးပြိုကျနေတဲ့ အနေအထား၊ လူများစုအတွက် အခကြေးငွေသက်သာတဲ့ ပညာရေး ဝန်ဆောင်မှုတွေမှာ လုံလောက်တဲ့ ဝန်ထမ်းမရှိတဲ့ အနေအထား၊ ယုံကြည်မှုပျက်ပြားနေတဲ့ အနေအထားနဲ့ နိုင်ငံရေးအရ သဘောထားကွဲလွဲမှုတွေကြောင့် လူမှုအသိုင်းအဝိုင်းမှာ တယောက်နဲ့ တယောက် သံသယတွေနဲ့ သတိထားဆက်ဆံနေထိုင်နေကြရတဲ့ ကာလလည်း ဖြစ်ပါတယ်။ ၈၈ အရေးတော်ပုံကို ရှုမြင်ကြရာမှာ ဒီမိုကရေစီလိုလားသူတွေဘက်က ငါတို့ရဲ့ ရှေ့ကဖြစ်ပေါ်ခဲ့တဲ့ ဒီမိုကရေစီအရေးတော်ပုံလို့ ရှုမြင်ကြသလို ၊ စစ်တပ်ဘက်ကလည်း ၄င်းတို့ရဲ့ နိုင်ငံရေးအာဏာမှာ နေရာဝင်ယူတဲ့ ရပ်တည်ချက်အတွက်ကာကွယ်ခြင်းနဲ့ အတူ ၈၈ အရေးတော်ပုံကို ဖြိုခွဲခဲ့တဲ့ စစ်ခေါင်းဆောင်တွေနဲ့ သဘောထား ရပ်တည်ချက် အတူတူဖြစ်ကြောင်း ပြသကာ ၈၈ အရေးတော်ပုံကို လက်မခံတဲ့ ဘက်က ခိုင်မာစွာရပ်တည်ပြီး ဒီမိုကရေစီအရေး လှုပ်ရှားသူမှန်သမျှကို ဖမ်းဆီး နှိပ်ကွပ်ဖို့ ဆုံးဖြတ်ထားတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

ဒီနေ့အတွက် သတင်းတွေထဲ အထူးသတိပြု အာရုံစိုက်မိတဲ့ သတင်းအကြောင်းအရာ တခုကတော့ ဘုတလင်မြို့နယ် မီးသတ်ဦးစီးမှူးနဲ့ မီးသတ်ဌာနက ဝန်ထမ်းနဲ့ မိသားစုဝင် စုစုပေါင်း ၂၁ ဦးကို ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေက ဖမ်းဆီးသွားတဲ့ သတင်းဖြစ်ပါတယ်။ 

ဘုတလင်မြို့နယ်ထဲ စစ်ကောင်စီတပ်က စစ်ကြောင်းတွေထိုးနေစဥ်မှာပဲ ဘုတလင်မြို့ထဲက မီးသတ်ဦးစီးဌာနကို PDF တပ်ဖွဲ့တွေက ဝင်စီးပြီး ဝန်ထမ်းနဲ့ ဝန်ထမ်းမိသားစု အချို့ကို ဖမ်းဆီးပြီး မီးသတ်ကား ၂ စီးကို ယူဆောင်သွားတယ်လို့ သတင်းဖေါ်ပြချက်တွေမှာ ဖတ်ရှုရပါတယ်။ 

အခုလို ဖမ်းဆီးမှုကို ဘုတလင် မြို့နယ် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်က လုပ်ဆောင်ခဲ့တာလို့ RFA သတင်းထဲမှာ ဖော်ပြထားပြီး မီးသတ်ဦးစီးဌာန အနေနဲ့ ကျေးရွာတွေကိုစစ်ကောင်စီက မီးရှို့ဖျက်ဆီးတဲ့အခါမှာ မီးလောင်တဲ့ နေအိမ်တွေကို မီးသတ်ခြင်းမရှိလို့ ဖမ်းဆီးရတာလို့ အကြောင်းပြချက် အဖြစ်နဲ့ သတင်းမီဒီယာကို ပြောဆိုထားပါတယ်။ ဖမ်းဆီးခံရတဲ့သူတွေဟာ စစ်ကောင်စီရဲ့ လက်နက်ကိုင် တိုက်ခိုက်မှုတွေမှာ ပါဝင်သူနဲ့ ကူညီသူတွေ မဟုတ်တာကြောင့် အခုလိုအရပ်ဖက် ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ၄င်းတို့ရဲ့ မိသားစုဝင်တွေကိုပါ ဖမ်းဆီးခြင်း ခြိမ်းခြောက်ခြင်းတွေက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ ဂုဏ်သတင်းနဲ့ ထောက်ခံမှုကို ထိပါးစေနိုင်သလို နိုင်ငံတကာ ရဲ့အမြင်မှာလည်း အရပ်ဖက် ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ အရပ်သားတွေကို ဖမ်းဆီးမှုအဖြစ် ယူဆပြီး နိုင်ငံတကာ စည်းမျဥ်းစည်းကမ်းတွေ၊ လူ့အခွင့်အရေးဆိုင်ရာ စံချိန်စံညွှန်းတွေကို ချိုးဖောက်တယ်လို့ သတ်မှတ်ခံရနိုင်တာ ဖြစ်ပါတယ်။ 

အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ အခုလို ကိစ္စရပ်မျိုးတွေအတွက် မူဝါဒအားဖြင့် တာဝန်ခံရမယ့် အနေအထားမှာ ရှိနေပြီး အခုလို အောက်ခြေမှာ ဖြစ်ပွားနေတာတွေကို ထိန်းသိမ်းဖို့ အရေးယူဖို့ ဝတ္တရားလည်း ရှိနေတာဖြစ်ပါတယ်။ အကယ်၍ အောက်ခြေက အဖြစ်အပျက်တွေကို အရေးယူဖို့ ထိန်းသိမ်းဖို့ မစွမ်းနိုင်ဘူးလို့ ဆင်ခြေပေးခဲ့ရင်လည်း တဖက်မှာ တရွာတဗိုလ် အုပ်ချုပ်ကျင့်သုံးနေကြတဲ့ အခြေအနေမျိုးကို ဝန်ခံသလို ဖြစ်စေနိုင်တာလည်း ဖြစ်ပါတယ်။ စီဒီအမ် မလုပ်သူတွေကို သစ္စာဖောက်လို့ သတ်မှတ်ကာ အရေးယူအပြစ်ပေးမယ်လို့ ထုတ်ပြန်ကြေညာတာ လက်တွေ့လုပ်ဆောင်တာတွေလိုပဲ အခုလို အရပ်ဖက် ဌာနဆိုင်ရာ ဝန်ထမ်းနဲ့ မိသားစုဝင်တွေကို ဖမ်းဆီးအရေးယူခြင်းကလည်း မူဝါဒဆိုင်ရာ မှားယွင်းမှုတခုအဖြစ် သတ်မှတ်ခံရနိုင်ခြေ ရှိနေတာလည်း ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar