Breaking News

စစ်အာဏာသိမ်းပြီးနောက် အန်အယ်လ်ဒီပါတီဝင် အဖြစ်က ပဉ္စမမြောက်အဖြစ် ထုတ်ပယ်ခံရတဲ့သူ၊ ကရင်ပြည်နယ်ထဲက ရေကြီးတဲ့သဘာဝဘေးနဲ့ လက်နက်ကိုင် တိုက်ပွဲတွေ


မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၉ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၁၀၊ ၂၀၂၃


စစ်အာဏာသိမ်းပြီးနောက် အန်အယ်လ်ဒီပါတီဝင် အဖြစ်က ပဉ္စမမြောက်အဖြစ် ထုတ်ပယ်ခံရတဲ့သူ၊ ကရင်ပြည်နယ်ထဲက ရေကြီးတဲ့သဘာဝဘေးနဲ့ လက်နက်ကိုင် တိုက်ပွဲတွေ

သြဂုတ်လ ၁ ရက်နေ့မတိုင်ခင် တရက်အလို ကာလုံလို့ အတိုကောက်အားဖြင့် ခေါ်ဆိုတဲ့ ကာကွယ်ရေး နဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကို အန်အယ်လ်ဒီအစိုးရ အာဏာရစဥ်က အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တွေ အဆိုပြုခန့်အပ်ခဲ့တဲ့ နိုင်ငံရဲ့ ဒုသမ္မတတဦးဖြစ်တဲ့ ဟင်နရီဗန်ထီးယူက ပထမဆုံးအကြိမ် တက်ရောက်ခဲ့တာတွေ့ရပါတယ်။ စစ်အာဏာသိမ်းပြီးနောက် အန်အယ်ဒီပါတီဘက်က ဒုသမ္မတလည်း ဖြစ်သော်လည်း ဖမ်းဆီးခြင်းမခံရတဲ့သူလည်း ဖြစ်ပါတယ်။ 

အဲဒီအချိန်ကာလက အာဏာသိမ်းစစ်တပ်ရဲ့ ပြောဆိုမှု စည်းရုံးမှုကို ဘယ်လိုတုံ့ပြန်ပြောဆိုခဲ့သလဲဆိုတာတော့ ဘယ်သူမှ တိတိပပ မသိရှိခဲ့ကြပါဘူး။ စစ်အာဏာသိမ်းပြီးနောက် ကျင်းပတဲ့ကာ/လုံ အစည်းအဝေးနဲ့ အဲဒီနောက် ၁ နှစ်အပြီးကျင်းပတဲ့ အစည်းအဝေး၊ ၆ လ ၂ ကြိမ်မှာ ကျင်းပတဲ့ ကာ/လုံ အစည်းအဝေးတွေကို တက်ရောက်ခြင်း မရှိခဲ့ပေမယ့် ၂ နှစ်ခွဲအကြာမှာတော့ ပထမဆုံးအကြိမ် အဖြစ်လူမြင်ကွင်းမှာ ပေါ်ထွက်လာပြီး အရေးပေါ် ကာလနောက်ထပ် ၆ လ သက်တမ်းတိုးဖို့ ဆုံးဖြတ်ပေးတဲ့ အစည်းအဝေးလည်း ဖြစ်ပါတယ်။ အခုလို အစည်းအဝေးတက်ရောက်ခြင်းဟာ ဒုသမ္မတ ရာထူးမှာ ဦးဗန်ထီးယူ ဆက်ရှိနေတယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ၂၀၀၈ အခြေခံဥပဒေ ဇတ်ကြောင်းကို လက်ခံပေးတဲ့ အဓိပ္ပါယ်လည်း သက်ရောက်တဲ့ သဘောဖြစ်ပါတယ်။ 

တဖက်မှာတော့ NLD ပါတီရဲ့ ဗဟိုကော်မတီဝင် ဖြစ်သူကို အရေးပေါ်ကာလမှာ ဖွဲ့စည်းထားတဲ့ ပါတီရဲ့ အလုပ်ကော်မတီဝင်က ထုတ်ပယ်ခွင့်ရှိ/ မရှိ လုပ်ထုံးလုပ်နည်း ပြဿနာတော့ ရှိကောင်းရှိနိုင်ပါတယ်။ အခုအချိန်မှာ အခုလို ပါတီဗဟိုကော်မတီဝင်တဦး ပါတီက ထုတ်ပယ်ခြင်းက သက်ရောက်မှုအားဖြင့်တော့ ကြီးကြီးမားမား မရှိနိုင်ပါဘူး။ နိုင်ငံရေးအရ ရပ်တည်ချက်ကို ပြသချင်တာ၊ စစ်ကောင်စီဘက်က လုပ်ရပ်ကို တုံ့ပြန်ချင်တဲ့ ရည်ရွယ်ချက်မျိုးနဲ့ လုပ်ဆောင်တာလို့ ယေဘုယျအားဖြင့် ဆိုရမှာ ဖြစ်ပါတယ်။ 

ဒီနေ့အဖို့ နောက်ထပ် အကြောင်းအရာ တခုကတော့ ရက်ဆက်ရွာသွန်းနေတဲ့ မိုးကြောင့် ကရင်ပြည်နယ် နေရာအတော်များများမှာ ရေကြီးနေပြီး ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ရဲ့ အဓိကလမ်းကြောင်း ဖြစ်တဲ့ မြဝတီ ဖားအံလမ်းပိုင်းမှာ မြေပြိုပြီး လမ်းပိုင်းပြတ်တောက်သွားတာ၊ ရေတိုက်စားမှုကြောင့် လမ်းတွေ ကားသွားလာရခက်ခဲတာတွေ ဖြစ်ပွားနေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက အာရှလမ်းမလို့ ခေါ်ကြတဲ့ ကော့ကရိတ်-မြဝတီ လမ်းသစ်ရဲ့ လမ်းပိုင်းတခု တောင်ပြိုမှုကြောင့် မြေသားတွေနဲ့အတူ လမ်းပိုင်းတခုလုံး ပြိုကျသွားပြီး လုံးဝသွားလာလို့ မရတော့တော့တဲ့ အခြေအနေ ဖြစ်ပါတယ်။ မြဝတီနဲ့ ကော့ကရိတ် ဖားအံ ကိုဆက်သွယ်ထားတဲ့ ဒေါနတောင်ကျော် လမ်းဟောင်း၊ ထို့ကော်ကိုးကျေးရွာကိုဖြတ်သန်းတဲ့ နဘူးလမ်း စတဲ့ လမ်းပိုင်းတွေလည်း သုံးစွဲခြင်း မရှိတာကြာလို့ ပြုပြင်ထိန်းသိမ်းမှု မလုပ်ပဲထားတဲ့လမ်း ဖြစ်လို့ သုံးစွဲဖို့ မလွယ်ကူတာ၊ မိုးသည်းထန်စွာရွာသွန်းတဲ့ ဒဏ်ကြောင့် လမ်းတွေရေတိုက်စား နေတာတွေကြောင့် ထိုင်းကတင်သွင်းလာတဲ့ ကုန်စည်တွေ ထိုင်းကိုတင်ပို့မယ့် ကုန်စည်တွေ သယ်ဆောင်ဖို့ ခက်ခဲနေတဲ့ အခြေအနေဖြစ်ပါတယ်။ 

အဆိုပါ မြဝတီ၊ ကော့ကရိတ် ဒေသတဝိုက်မှာ မိုးရက်ဆက်ရွာသွန်းတာ မုတ်သုန်ရာသီရဲ့ မိုးများဆုံး ကာလတွေ ဖြစ်ပေမယ့် လက်နက်ကိုင် တိုက်ပွဲတွေ၊ ကေအန်အယ်အေ ဘက်က သိမ်းယူထားတဲ့ စခန်းတွေကို စစ်ကောင်စီဘက်က ပြန်လည်ရရှိဖို့ အပြင်းအထန် တိုက်ခိုက်နေတဲ့ တိုက်ပွဲတွေက ရပ်နားခြင်းမရှိတာတွေ့ရပါလိမ့်မယ်။ အရင့်အရင် မဆလနဲ့ စစ်အစိုးရလက်ထက်တွေ တုန်းက အခုလို မုတ်သုန်မိုးရာသီတွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားတာ နည်းပါးပြီး ခြောက်သွေ့ရာသီရောက်မှ တိုက်ခိုက်လေ့ရှိကြတာ ဖြစ်ပါတယ်။ အဲဒီကာလတွေတုန်းက ဒီဧရိယာတွေကို သွားလာဖို့ လမ်းဖောက်လုပ်ထားတာ နည်းပါးပြီး တောတွေတောင်တွေထဲက ရိက္ခာ၊ လက်နက်ခဲယမ်းတွေကို လူအားနဲ့ သယ်ယူကြရတာဖြစ်ပါတယ်။ ဒါကြောင့် မိုးရာသီအလယ်မှာ လမ်းတွေ ချောနေတာ သွားရေးလာရေး ခက်ခဲတာကြောင့် စစ်ဆင်ရေးတွေ တိုက်ပွဲတွေနည်းပါးတဲ့ သဘောဖြစ်ပါတယ်။ အခုကာလမှာတော့ တရွာနဲ့ တရွာ ဆက်သွယ်ထားတဲ့ ကားလမ်းတွေ၊ တမြို့နဲ့တမြို့ ဆက်သွယ်ထားတဲ့ ကားလမ်းတွေ အများအပြားရှိလာခြင်းကြောင့်လည်း ရာသီမရွေး တိုက်ပွဲတွေ အရှိန်ပြင်းပြင်းနဲ့ ဆက်လက်ဖြစ်ပွားနေတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

ကျေးရွာတွေက ဒေသခံတွေ အနေနဲ့တော့ အခုလို မုတ်သုန်ရာသီ မိုးများတဲ့ ရာသီတွေမှာ တိုက်ပွဲဖြစ်ပွားတဲ့အခါ မိမိတို့ နေထိုင်ရာ ကျေးရွာတွေ မြို့တွေကနေ တိမ်းရှောင်ဖို့ အခက်အခဲအများအပြား ရင်ဆိုင်ကြရတာ ဖြစ်ပါတယ်။ မုတ်သုန်မိုး နေ့စဥ်ရက်ဆက် ရွာသွန်းနေတဲ့ အခုလိုကာလမှာ အမိုးအကာ မရှိတဲ့နေရာမှာ နေထိုင်ဖို့ မဖြစ်နိုင်တာ၊ စစ်ပွဲကြောင့် အသက်အန္တရာယ်ကျရောက်နိုင်တဲ့ ဘေးကနေ ထွက်ပြေးတိမ်းရှောင်ပေမယ့် တဖက်မှာ ရာသီဥတုဆိုးရွားမှုကြောင့် ကျန်းမာရေးထိခိုက်နိုင်ပြီး မိသားစုတွေ အနေနဲ့ မိုးမိပြီး ဖျားနာတာတွေ ချောင်းရေ၊ မြစ်ရေမြင့်တက်နေချိန်ဖြစ်လို့ ဖြတ်သန်းရမလွယ်ကူတာတွေ ရင်ဆိုင်ကြရမယ့် အနေအထားလည်း ဖြစ်ပါတယ်။ 

ကရင်ပြည်နယ် မြဝတီ၊ ကော့ကရိတ်မြို့နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကရင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ သထုံ-ဘီးလင်း လမ်းပိုင်းက ဒေသတွေ၊ ကြာအင်းဆိပ်ကြီးမြို့နယ် စတဲ့နေရာတွေက ဒေသခံတွေအနေနဲ့ ရေကြီးတဲ့ သဘာဝဘေးဒဏ်ကို လက်ရှိခံစားနေကြရပြီး လက်နက်ကိုင် တိုက်ပွဲတွေရဲ့ အနေအထားကိုလည်း မျက်ခြေမပြတ်စောင့်ကြည့်ကာ တိမ်းရှောင်ဖို့လည်း အသင့်ပြင်ထားကြရတဲ့ အခြေအနေမျိုးလည်း ဖြစ်ပါတော့တယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar