Breaking News

တည်ဘွားဦး - တယ်လီဖုန်းမိသားစု

တယ်လီဖုန်းမိသားစု
တည်ဘွားဦး
(မိုးမခ) ဩဂုတ် ၄၊ ၂၀၂၃

ဖုန်းဘယ်နှခါဆက်သလဲ
ဖုန်းဆက်တော့ရော ဘယ်လိုထင်သလဲ
ဖုန်းဆက်တော့ရော လိုလိုလားလား ရှိခဲ့လို့လား
အသံဖမ်းစက်ကိုဖွင့်ထားလိုက်
ကျနော်ကျမတို့ အဲသလိုမပြောပါဘူး
အဲဒါဆိုရင် ရပ်ကွက်ထဲ ထမင်းအလကားကျွေးမယ့်
ဂုဏ်ကြီးရှင်လိုလို အိမ်ကြီးရှင်လိုလိုမျိုး
လော်စပီကာဖွင့်ပြီး
တမြို့လုံးကြားအောင် ဖွင့်ချပြရမလား
လိမ်လို့မရဘူး အသံသွင်းထားလိုက်ပြီလေ
လိမ်နေတဲ့ကြိုးကိုဖြည်ကြည့်ပါ
ဘယ်တော့မှမဖြောင့်ဘူး
မကောင်းခဲ့ဘူးမှန်ပါတယ် မှားခဲ့တယ်
မနေ့တနေ့ကမှ ခံစားမှုကိုရခဲ့တာမဟုတ်ပါဘူး
ကောင်းတာက ဘယ်ရှိလာနိုင်ပါ့မလဲ
မနက် ၅ နာရီထိုးကတည်းက 
ကျီးကန်းအုပ်ဟာ လေဟုန်ကိုကန့်လန့်ဖြတ်စီးပြီး
အော်ဟစ်ပျံသန်းသွားကြသေးတယ်
အိမ်ထဲမှာ ကြောင်ပျောက်နေတယ်
ဒါပေမယ့် ကြောင်ချီးကတော့ အခုထိနံနေတုန်းပဲ
အစက ပြန်ပြောရရင်
ဖုန်းဘယ်နှခါဆက်သလဲ
ဖုန်းဆက်တော့ရော ဘယ်လို ထင်သလဲ
ဖုန်းပျောက်နေတာလည်း ကောင်းပါတယ်
ဖုန်းပျက်နေတာလည်း ကောင်းပါတယ်။ ။

ဇူလိုင် ၁၀၊ ၂၀၂၃
နံနက် ၁၀း ၃၇ 
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar