မင်းတပ်မြို့က သင်းထောက်ဆရာ ၃ ဦး ဖမ်းဆီးခံရပြီးနောက် အသက်ဆုံးရှုံးခဲ့တယ်လို့ ယူဆရ
မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၂ မြင်ကွင်း
(မိုးမခ) ဩဂုတ် ၃၊ ၂၀၂၃
မင်းတပ်မြို့က သင်းထောက်ဆရာ ၃ ဦး ဖမ်းဆီးခံရပြီးနောက် အသက်ဆုံးရှုံးခဲ့တယ်လို့ ယူဆရ
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့မှာ ရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းက သင်းထောက်ဆရာ ၄ ဦး ဇူလိုင်လလယ်မှာ ဖမ်းဆီးခံခဲ့ရပြီး သီတင်း ၂ ပတ်ခန့်အကြာမှာတော့ ဖမ်းဆီးခဲ့တဲ့ စစ်ကောင်စီတပ်တွေက စစ်ဆေးမေးမြန်းရာမှာ လက်လွန်ပြီး အသက်ဆုံးရှုံးသွားပြီလို့ ယူဆရတယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။
သတင်းဖော်ပြမှုတွေအရ ခြေလျင်တပ်ရင်း ၂၇၄ ရဲ့ အနီးမှာတည်ရှိတဲ့ ခရစ်ယာန်ဘုရားကျောင်း ရှေ့မှာ ဆိုင်ကယ်တွေ ရပ်ထားတာကို အကြောင်းပြုပြီး ဘုရားကျောင်းက သင်းထောက်ဆရာတွေကို PDF တပ်ဖွဲ့တွေကို ကူညီအားပေးနေတယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခဲ့ပြီး သီတင်း ၂ ပတ်ကျော်အကြာထိ တစုံတရာ ကြားသိရခြင်း မရှိတာ၊ ၄ ဦးဖမ်းဆီးသွားတဲ့ အထဲက တဦးကို အသက်သေဆုံးပြီလို့ ယူဆကာ တနေရာမှာ စွန့်ထားခဲ့ရာက အဆိုပါ စစ်မေးခံရသူက သတိရလာပြီး ထွက်ပြေးလွတ်မြောက်လာခဲ့ရာက ကျန် ၃ ဦးရဲ့ ကံကြမ္မာကို အခုလို ကောက်ချက်ချခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လက်နက်ကိုင် အဖွဲ့ဝင်မဟုတ်တဲ့ အရပ်သားတွေ မကြာခဏ ဖမ်းဆီးသတ်ဖြတ်ခံရမှုတွေ နေရာအနှံ့အပြားဖြစ်ပွားနေတာ ဖြစ်ပါတယ်။ တိုင်းရင်းသား ဒေသတွေ၊ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်း၊ မကွေး၊ တောင်ပိုင်းက တနင်္သာရီတိုင်း၊ ပဲခူးတိုင်းတို့သာမက ရန်ကုန် မန္တလေးလို မြို့ကြီးတွေ ဖြစ်ပွားမှုတွေ မကြာခဏ ကြားသိနေရတာ ဖြစ်ပါတယ်။ အများစုသော အဖြစ်အပျက်တွေက စစ်ကောင်စီက ကျူးလွန်တာတွေ ဖြစ်ပြီး အနည်းငယ်မျှသော အဖြစ်အပျက်တွေမှာတော့ PDF လက်နက်ကိုင် အဖွဲ့တွေက သတင်းပေး၊ ပျူစောထီးအဖွဲ့ဝင် စတဲ့ သံသယ၊ စွပ်စွဲချက်နဲ့ ကျူးလွန်ကြတာမျိုး ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ဆယ်စုနှစ်ချီတဲ့ ပြည်တွင်းစစ် သမိုင်းမှာ အစိုးရတပ်တွေဘက်ကရော တိုင်းရင်းသား လက်နက်ကိုင်တွေဘက်ကပါ တိုက်ပွဲမှာ ဖမ်းဆီးရမိတဲ့အခါ သိချင်တဲ့ အချက်အလက်ကို ရိုက်နှက် စစ်မေးပြီးနောက် အဆုံးစီရင်လိုက်ကြတာဟာ ကျင့်ဝတ်တွေမှာ မပါရှိပေမယ့် စစ်မြေပြင်ရဲ့ လက်တွေ့လုပ်ထုံးလုပ်နည်း တခုလို ဖြစ်နေခဲ့ကြတာပါ။ စစ်မြေပြင်မှာ ဖမ်းမိသူတွေကို တခါတရံ ဝါဒဖြန့်ဖို့အတွက် သို့မဟုတ် သုံ့ပန်းချင်း လဲလှယ်ဖို့ ရည်ရွယ်ချက်ရှိတဲ့အခါမျိုးမှာသာ တရားရုံးတင်တဲ့အထိ ဆောင်ရွက်လေ့ရှိကြတာ ဖြစ်ပါတယ်။
မြန်မာအစိုးရရဲ့ တပ်တွေက ဗကပ နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ ဖြစ်စေ၊ တိုင်းရင်းသား လက်နက်ကိုင်နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ ဖြစ်စေ အခုလို စာထဲရေးမထားတဲ့ လက်တွေ့ ကျင့်ထုံးတွေကို ပြုကျင့်ခဲ့ကြတာ ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် အခု ၂ နှစ်တာကာလမှာတော့ လက်နက်ကိုင်အဖွဲ့တွေတင်မကပဲ ထောက်ခံသူ၊ အားပေးသူ၊ ကူညီသူလို့ ယူဆခံရသူ အရပ်သားတွေ ကျား မ မရွေး၊ အရွယ်ရောက်သူ အရွယ်မရောက်သေးသူ မရွေး ရိုက်နှက်ညှဉ်းဆဲတာ၊ အသက်သေဆုံးသည်အထိ ညှဉ်းဆဲသတ်ဖြတ်တာတွေ လုပ်ဆောင်နေကြတာ သတင်းတွေထဲ မကြာခဏ ကြားသိနေရတာ ဖြစ်ပါတယ်။
ခုလို လုပ်ရပ်မျိုးတွေက အောက်ခြေ တပ်ရင်းတွေက တပ်သားနဲ့ အရာရှိတွေ ကျူးလွန်နေတာကို စစ်ကောင်စီ တာဝန်ရှိတဲ့သူတွေ မသိရှိပဲ မရှိဘူးလို့ ကောက်ချက်ချနိုင်ပါတယ်။ ဒီလို နိုင်ငံတကာ ဥပဒေရော၊ မြန်မာနိုင်ငံက ဥပဒေတွေနဲ့ပါ မညီတဲ့ လုပ်ရပ်တွေ၊ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုလိုမျိုးတွေ ကို ဘာကြောင့် ခွင့်ပြုထားလဲလို့ အဖြေရှာကြည့်မယ်ဆိုရင် အရပ်သားတွေအနေနဲ့ လက်နက်ကိုင်အဖွဲ့တွေကို ကူညီဖို့ အဆင့်ထိမဟုတ်သည့်တိုင် ထိတွေ့မဆက်ဆံရဲအောင် စစ်ကောင်စီဘက်က အကြောက်တရား ဝင်အောင် ရည်ရွယ် လုပ်ဆောင်တာ၊ နောက်တချက်က စစ်ကောင်စီအနေနဲ့ သူ့ဘက်က တိုက်ခိုက်ပေးနေတဲ့ တပ်သားတွေနဲ့ အရာရှိတွေကို လုပ်ချင်တာ လုပ်ခွင့်ရှိအောင် ခွင့်ပြုထားတာ၊ တနည်းအားဖြင့် စစ်ဦးဘီလူး ဆိုတဲ့စိတ်မျိုး၊ ရက်စက်တာ ဥပဒေ၊ လုပ်ထုံးလုပ်နည်း စစ်မြေပြင် ကျင့်ဝတ်တွေ၊ အရပ်သားတွေအပေါ် ပြုမူရာမှာ ထားရှိရမယ့် စည်းမျဥ်းစည်းကမ်းတွေကို ဘာမှ ဂရုစိုက်စရာမလိုဘဲ ရန်သူကို အနိုင်ရဖို့သာ အလုံးစုံရည်ရွယ်ချက် ဆိုတဲ့ သဘောမျိုးလို့ ယူဆရပါတယ်။
အခု မင်းတပ်မြို့ ဘုရားကျောင်းက သင်းထောက်ဆရာ ၃ ဦး ရဲ့အဖြစ်အပျက်ကလည်း အထက်ကရည်ညွှန်းတဲ့ ဖြစ်ရပ်များစွာထဲက တခုဖြစ်ပါတယ်။ အခုလိုဖြစ်ရပ်မျိုး ရာနဲ့ချီ စစ်ကောင်စီဘက်က ကျူးလွန်နေချိန်မှာ အချို့သောဖြစ်ရပ်တွေက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့လို PDF အဖွဲ့တွေဘက်က ကျူးလွန်တာတွေလည်း ရှိနေတာ ဖြစ်ပါတယ်။
သာဓက အနေနဲ့ ပြရရင် ချောင်းဦးမြို့နယ်ထဲက ကျေးရွာတရွာမှာ ပလုံကောက်တဲ့ လူငယ် ၇ ဦးကို ကျေးရွာပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တချို့က သတင်းပေးဆိုတဲ့ သံသယနဲ့ ဖမ်းဆီးပြီး အဲဒီအထဲက မိန်းကလေးငယ်တချို့က အဓမ္မပြုကျင့်ခံရပြီးနောက် သတ်ဖြတ်ကာ အလောင်းဖျောက်ခဲ့တဲ့ အဖြစ်အပျက် ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ ကျူးလွန်သူနဲ့ တာဝန်ခံရမယ့်သူတွေကို ဘယ်လို အရေးယူ အပြစ်ပေးခဲ့လဲ သို့မဟုတ် စီရင်ဆုံးဖြတ်ဆဲလား ဆိုတာတွေလည်း ထပ်ပြီး မသိရှိရတော့ပါဘူး။ ဒါက အရေအတွက် အနည်းငယ်မျှသော ကျူးလွန်မှုတွေထဲက ယခုနှစ်ထဲဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက် ဖြစ်ပါတယ်။
စစ်ကောင်စီဘက်က ကျူးလွန်မှုတွေကတော့ သတင်းမီဒီယာတွေမှာ မကြာခဏပါရှိနေတာ ဖြစ်ပြီး ဖရူဆိုမြို့နယ်က မိုဆူးကျေးရွာ ဖြစ်ရပ်၊ ပင်လောင်းမြို့နယ်ထဲက နမ့်နိမ်းကျေးရွာ ဖြစ်ရပ်၊ မုန်တိုင်ပင်ကျေးရွာအဖြစ်အပျက်၊ စုန်းချောင်းကျေးရွာ ဖြစ်ရပ်တွေက ထင်ရှားတဲ့ ဖြစ်ရပ်တွေ ဖြစ်ပါတယ်။
အရပ်သားတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို မှတ်တမ်းတင် ကောက်ယူထားတာလည်း တနေ့တချိန်ကျရင် တာဝန်ခံမှုအတွက် အရေးပါလှပါတယ်။
သို့ပေမဲ့လည်း ဖြစ်ပျက်မှုတွေမှာ တာဝန်ရှိသူတွေက ဘယ်သူတွေလဲ၊ ဘယ်လို ဖြစ်ပျက်ခဲ့သလဲဆိုတာ မှတ်တမ်းတင်ဖို့ အရေးကြီးတာမှန်ပေမယ့် အခုလို သတ်ဖြတ်မှုတွေ ထပ်မံမဖြစ်ပွားအောင် ဘယ်လိုကာကွယ်နိုင်မလဲ လျော့ကျအောင် ဘယ်လိုလုပ်ဆောင်နိုင်မလဲဆိုတဲ့အချက်က ပိုအရေးကြီးတယ်လို့ ထင်မြင်မိပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar