Breaking News

သဘာဝဘေးအန္တရာယ်နဲ့ စစ်ဘေးကြားက ဒေသတချို့၊ စစ်ကောင်စီလက်အောက်က ဘဏ် ၂ ဘဏ် ပိတ်ဆို့မှုရဲ့ ဂယက်


မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၅ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၆၊ ၂၀၂၃


သဘာဝဘေးအန္တရာယ်နဲ့ စစ်ဘေးကြားက ဒေသတချို့၊ စစ်ကောင်စီလက်အောက်က ဘဏ် ၂ ဘဏ် ပိတ်ဆို့မှုရဲ့ ဂယက်


ကမ္ဘာကြီး ပူနွေးလာခြင်းရဲ့ အကျိုးဆက်ကြောင့်လို့ ဆိုကြတဲ့ အစွန်းရောက်တဲ့ ရာသီဥတုလက္ခဏာတွေ ဖြစ်တဲ့ ပူလွန်း၊ အေးလွန်း၊ မိုးခေါင်ခြင်းနဲ့ မိုးအလွန်အကျွံရွာသွန်းခြင်းတွေ ဖြစ်ပွားလာတဲ့ ကမ္ဘာမှာ မြန်မာနိုင်ငံဟာ ထိခိုက်လွယ်တဲ့ နိုင်ငံစာရင်းထဲ ထိပ်ဆုံးနားမှာ ပါဝင်နေတဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ နှစ်စဥ် အခုလို မုတ်သုံရာသီမှာ မုန်တိုင်းဒဏ်၊ ရေကြီးတဲ့ ဒဏ်တွေကို ခံစားနေကြရတဲ့အထဲ မြန်မာနိုင်ငံ အနေနဲ့လည်း ဆိုးရွားစွာခံရတဲ့ နိုင်ငံတနိုင်ငံဖြစ်လာနေတာပါ။ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုဖောက်ပြန်ခြင်းတွေ အပြင် မြန်မာနိုင်ငံအနေနဲ့ သစ်တောပြုန်းတီးခြင်း၊ မြစ်ချောင်းများမှာ ရွှေ၊ အခြားသတ္တုရှာဖွေခြင်းတွေကြောင့် မြစ်ကြောင်းတွေ တိမ်ကောလာကာ မိုးရာသီတိုင်း ရေကြီးမှုဒဏ်ခံစားရတဲ့ ဒေသတွေလည်း အများအပြားရှိလာတာတွေ့နေရပါတယ်။ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း တို့မှာ ရွှေတူးဖော်တာ၊ ကျောက်စိမ်း တူးတာတွေကြောင့် သဘာဝ မြစ်ချောင်းတွေ ဆိုးရွားစွာ ပျက်စီးနေပြီး မိုးရာသီမှာ ရေကြီးတာနဲ့ မြေပြိုတာတွေ မကြာခဏဖြစ်ပွားလာတာ ဖြစ်ပါတယ်။


ခုနှစ် မိုးရာသီမှာတော့ ကရင်ပြည်နယ်၊ ကချင်ပြည်နယ် နဲ့ မွန်ပြည်နယ်တို့မှာ လတ်တလော မိုးရက်ဆက်ရွာသွန်းပြီး ကားလမ်းတွေ ရေကျော်နေတာ၊ မြို့ရဲ့အနိမ့်ပိုင်းရပ်ကွက်တွေ ရေကြီးနေတာတွေ နဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။


မွန်ပြည်နယ် ဘီးလင်းမြို့နယ်ထဲက ရန်ကုန် နဲ့ သထုံဆက်သွယ်ထားတဲ့ ကားလမ်းပိုင်း ရေကျော်နေသလို၊ ကရင်ပြည်နယ် မြဝတီမြို့ နဲ့ ကော့ကရိတ် ကားလမ်းပိုင်းတွေမှာ ရေကျော်နေပြီး ကုန်စည်သယ်ဆောင်မှုနဲ့ ခရီးသွားလာမှုတွေ နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ အဲဒီဒေသတွေမှာ လက်နက်ကိုင် တိုက်ပွဲတွေလည်း ဖြစ်ပွားမှုရှိနေတာ ဖြစ်ပါတယ်။ အလားတူ ကချင်ပြည်နယ် ဖားကန့်လို ဒေသတွေလည်း နှစ်စဥ်လိုလို ရေကြီးမှုနဲ့ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေလည်း ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် မှာလည်း မကြာသေးခင်က မိုခါ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခံရပြီး ကြီးမားတဲ့ ပျက်စီးဆုံးမှုတွေ ခံစားနေရဆဲ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ဟာလည်း ၂၀၁၇ ခုနှစ်နောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခ နှစ်နှစ်ခြားစီလောက် ဖြစ်ပွားနေခဲ့တာ ဖြစ်ပါတယ်။ ရခိုင်လူထု အနေနဲ့ သဘာဝဘေးအန္တရာယ်ဒဏ်ကို ခံစားနေရချိန်မှာပဲ လက်နက်ကိုင် ပဋိပက္ခရဲ့ အကျိုးသက်ရောက်မှု ဖြတ် ၄ ဖြတ်ပိတ်ဆို့မှုရဲ့ အကျိုးဆက်တွေလည်း ခံစားနေကြရတာ ဖြစ်ပါတယ်။ အခုလို အချိန်မှာ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ နေထိုင်တဲ့ လူထုအဖို့ သဘာဝဘေးအန္တရာယ် နဲ့ လက်နက်ကိုင် ပဋိပက္ခတို့ရဲ့ သက်ရောက်မှုကို တပြိုင်နက်ထည်း ခံနေရပြီး အကူအညီရရှိဖို့ ခက်ခဲနေတဲ့ အနေအထားလည်း ဖြစ်နေပါတယ်။

ဒီနေ့ အတွက် နောက်အကြောင်းအရာ တခုက အမေရိကန်ရဲ့ ငွေကြေးရေး ပိတ်ဆို့မှုအကျိုးဆက်နဲ့ စင်္ကာပူနိုင်ငံက ယူအိုဘီဘဏ်က မြန်မာနိုင်ငံက စီးပွားရေး လုပ်ငန်းတွေရဲ့ ဘဏ်အကောင့်တွေကို ဆက်လက်ဖွင့်လှစ်ထားခွင့် မပေးတော့ကြောင်း အသိပေးမှုတွေ လုပ်ဆောင်နေတယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြတာ တွေ့ရပါတယ်။ စင်္ကာပူနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ မြန်မာနိုင်ငံတကာလေကြောင်းလိုင်း MAI ရဲ့ ဘဏ်အကောင့်တွေကို ပိတ်ဖို့ အကြောင်းကြားမှုကို ယခင်လကတည်းက MAI ကုမ္ပဏီဘက်ကို အကြောင်းကြားထားခဲ့ရာက အခု ရက်ပိုင်းမှာ အခြားသော လုပ်ငန်းတွေဖြစ်တဲ့ သွင်းကုန်နဲ့ပို့ကုန်လုပ်ငန်း လုပ်ကိုင်တဲ့ ကုမ္ပဏီတွေကိုပါ အကောင့်ဖွင့်လှစ်ထားတာ တွေအပေါ် ထပ်မံတင်းကြပ်တဲ့ ကန့်သတ်မှု အကောင့်နဲ့ပတ်သက်တဲ့ ဝန်ဆောင်မှု မပေးနိုင်တဲ့အကြောင်းတွေ ထပ်မံအသိပေး အကြောင်းကြားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။


မကြာသေးခင် အမေရိကန်ပြည်ထောင်စုက ချမှတ်လိုက်တဲ့ ပိတ်ဆို့မှုမှာ မြန်မာနိုင်ငံနိုင်ငံခြား ကုန်သွယ်မှုဘဏ် MFTB နဲ့ မြန်မာနိုင်ငံ နိုင်ငံတကာ ကူးသန်းရောင်းဝယ်မှုဘဏ် MICB တို့ကို ပိတ်ဆို့မှုချမှတ်လိုက်ပြီး အဲဒီဘဏ်တွေနဲ့ ဆက်သွယ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံက ရော ပြည်ပက ဘဏ်တွေကိုပါ အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဌာနရဲ့ ပိတ်ဆို့မှု အကျိုးဆက်သက်ရောက်နိုင်တာ ဖြစ်ပါတယ်။ အဲဒီအချက်တွေကြောင့် စင်္ကာပူနိုင်ငံက ယူအိုဘီဘဏ်က မြန်မာနိုင်ငံက စီးပွားရေး လုပ်ငန်းကုမ္ပဏီ အကောင့်တွေကို ကန့်သတ်လာတာ ဖြစ်နိုင်ပါတယ်။


ဒီလို ဘဏ္ဍာရေး ပိတ်ဆို့မှုတွေ ကန့်သတ်မှုတွေက စစ်ကောင်စီရဲ့ သယံဇာတရောင်းရရာက ရရှိတဲ့ နိုင်ငံခြားငွေ၊ လေယာဥ်ဆီ တင်သွင်းမှု၊ စစ်လက်နက် ဝယ်ယူမှုတွေကို အခက်တွေ့စေမှာ ဖြစ်သလို သယံဇာတက ရတဲ့ဝင်ငွေတွေကို မြန်မြန်ဆန်ဆန် လက်ဝယ်မရောက်နိုင်တဲ့ အနေအထားမျိုးလည်း ကြုံရနိုင်ပါတယ်။ တဖက်မှာလည်း မြန်မာနိုင်ငံတွင်းမှာ သုံးစွဲနေတဲ့ ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ အခြားသော ကုန်ပစ္စည်းတွေ စင်္ကာပူနိုင်ငံကတဆင့်တင်သွင်းရာမှာ သက်ရောက်မှုတွေ၊ ထိခိုက်မှုတွေ ရှိလာမှာဖြစ်ပါတယ်။ ပြည်တွင်းမှာ စစ်ကောင်စီရဲ့ နိုင်ငံခြားငွေဆိုင်ရာ မူဝါဒတွေ အမိန့်တွေ မကြာခဏပြောင်းလဲတာ၊ စစ်ကောင်စီအနေနဲ့ နိုင်ငံခြားငွေ လိုအပ်ချက်များလာတာကြောင့် နိုင်ငံခြားငွေသုံးစွဲမှု လျော့ချဖို့ကြိုးပမ်းလာတာတွေ တွေ့နေရပြီး ပြည်တွင်းမှာ မြန်မာကျပ်ငွေ လျင်မြန်စွာ တန်ဖိုးကျခြင်းတွေ ဖြစ်ပွားနေပြီး ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ကို လူထုအနေနဲ့ ခံစားနေကြရတာ ဖြစ်ပါတယ်။


နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့မှုတွေက စစ်ကောင်စီရဲ့ နိုင်ငံခြားငွေရရှိမှုနဲ့ လိုအပ်တဲ့ စစ်လက်နက်၊ လေယာဥ်လောင်စာဆီ ဝယ်ယူရေးတွေမှာ အခက်အခဲကြုံတွေ့ စေနိုင်သလို တပြိုင်နက်ထည်းမှာ ပြည်တွင်းမှာ နိုင်ငံခြားငွေ လဲနှုန်းတွေ၊ ကုန်စျေးနှုန်းတွေ ကြီးမြင့်လာပြီး လူထုအနေနဲ့ ကုန်စျေးနှုန်းကြီးမြင့်တဲ့ဒဏ် ပိုမိုခံစားရစေနိုင်တဲ့ အခြေအနေတွေလည်း ရှိနေတာဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar