သီအိုဇော် - ထိုင်းရွေးကောက်ပွဲ နောက်ဆက်တွဲဇာတ်လမ်း
သီအိုဇော် - ထိုင်းရွေးကောက်ပွဲ နောက်ဆက်တွဲဇာတ်လမ်း
(မိုးမခ) ဩဂုတ် ၃ ၊ ၂၀၂၃
နာမည်ကြီး ထိုင်းစီးပွားရေး လုပ်ငန်းရှင်တယောက်ရဲ့ ‘ဘန်ကောက်-ဟောင်ကောင်’ ခရီးစဉ်ဆိုတာက သိပ်မထူးဆန်းဘူးလို့ပဲ ဆိုရပါမယ်။ ဒါပေမဲ့ ထိုသူက ‘ဖိထာလင်မ်ဂျာရွန်ရတ်’(Pita Limjaroemrat)တို့ရဲ့ အရင်ဖျက်သိမ်း ခံခဲ့ရတဲ့ Future Forward Party (FFP) ခေါင်းဆောင် ဘီလျံနာ ‘ထန်နာထွန်’(Thanathorn Juangroongruangkit) ဖြစ်နေပြီး ဝန်ကြီးချုပ်ဟောင်း ‘သက်ဆင် ရှင်နာဝပ်’က ဟောင်ကောင်မှာ ရှိနေတဲ့အခါ စိတ်ဝင်စားစရာ သတင်းတပုဒ် ဖြစ်သွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့က ‘သက်ဆင်ရဲ့ (၇၄)နှစ်ပြည့် မွေးနေ့ဖြစ်ပြီး ဟောင်ကောင်ကနေ ထိုင်းနိုင်ငံမှာ သူ့မိသားစု စီစဉ်ပေးတဲ့ မွေးနေ့ပါတီကို ဗီဒီယိုဖုန်းခေါ်ကြားပြီး နှုတ်ဆက်ခဲ့ပါတယ်။ ‘ဘန်ကောက်ပိုစ့်’မှာ ဖော်ပြထားတဲ့ သတင်းအရဆိုရင် ‘ထန်နာထွန်’က ဟောင်ကောင်ကို ဇူလိုင် ၂၄ ရက် တနင်္လာနေ့က Cathay Pacific CX700 နဲ့ ထွက်ခွာသွားခဲ့ပြီး နောက်နေ့ညနေမှာ Hong Kong Airlines HX773နဲ့ ပြန်ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုနဲ့ ခန့် မှန်းမှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။
‘ဖိထာ’က ပါလီမန်ထဲကို ‘ထန်နာထွန်’ရဲ့ FFP ပါတီ အမတ်တယောက်အဖြစ်နဲ့ ၂၀၁၉ ရွေးကောက်ပွဲမှာ အရွေးခံခဲ့ရပြီး ရောက်ခဲ့တာပါ။ တတိယ အမတ်နေရာအများဆုံးရရှိခဲ့တဲ့ FFPဟာ ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလမှာတော့ အခြေခံ ဥပဒေခုံရုံး ဆုံးဖြတ်ချက်အရ ဖျက်သိမ်းခံခဲ့ရပါတယ်။
၂၀၂၃ ရွေးကောက်ပွဲအတွက် ‘ထန်နာထွန်’က ‘ဖိထာ’ကို အပြည့်အဝထောက်ခံပေးခဲ့သလို သူ ထပ်ဖွဲ့စည်းလိုက်တဲ့ Progressive Movement ကလည်း MFP ကို ဝန်းရံပေးခဲ့ပါတယ်။ ‘ထန်နာထွန်’ကိုယ်တိုင်က ပြုပြင်ပြောင်းလဲရေးသမားတဦး ဖြစ်ပြီး ‘ဖိထာ’အပေါ် ထိုက်သင့်သလောက် လွှမ်းမိုးမှုရှိတဲ့အတွက် ‘သက်ဆင်’က သူနဲ့ ဟောင်ကောင်မှာ တကယ်သာ တွေ့ဆုံညှိနှိုင်းခဲ့တယ်ဆိုရင် ‘ဖိထာ’နဲ့ MFPကို တဆင့်ပါးစေချင်တဲ့ စကားရှိနိုင်ပါလိမ့်မယ်။ ကာယကံရှင်များဘက်ကတော့ ဟုတ်၊ မဟုတ် အခုချိန်အထိ ထုတ်မပြောသေးပါဘူး။
ဒါပေမဲ့ Bhumjaithai ၊ Palang Pracharat(PPRP)၊United Thai Nation နဲ့ Chartthaipattana တို့လို ‘ဖိထာ’ရဲ့ MFP ပါဝင်တဲ့ ညွန့်ပေါင်းအုပ်စုထဲ ဘယ်နည်းနဲ့မှ မပါဝင်နိုင်ဘူးပြောနေတဲ့ နိုင်ငံရေးပါတီများရှိနေတော့ နောက်ကွယ်မှာ ‘သက်ဆင်’ ရှိတဲ့ ‘ဖွေ့ထိုင်း’(Pheu Thai)အနေနဲ့ တခြားဖြစ်နိုင်ခြေကိုလည်း စဉ်းစားထားနိုင်ပါတယ်။ ဒါ့ကြောင့် ‘ဖိထာ’ကို နားချပြီး MFP မပါတဲ့ ညွန့်ပေါင်းအစိုးရ တက်လာနိုင်ဖို့ ကြိုးစားမှုတွေလည်း ရှိနေနိုင်တယ်လို့ ယူဆကြပြီး ဟောင်ကောင်ဇာတ်လမ်း ဖြစ်ပေါ်လာပုံရပါတယ်။
အမတ် ၁၅၁ နေရာ အနိုင်ရရှိပြီး မဲပေးသူ ၁၄ သန်းဝန်းကျင် ရှိခဲ့တဲ့ MFP ကို လျစ်လျူရှုဖို့က ခက်ခဲပေမယ့် ဒီရွေးကောက်ပွဲမှာ ထိုင်းမဲဆန္ဒရှင် စုစုပေါင်း ၃၉ သန်းကျော် ရှိခဲ့တဲ့ဘက်ကလည်း စဉ်းစားကြည့်နိုင်ပါသေးတယ်။ MFP ကို ဒီရွေးကောက်ပွဲမှာ မဲပေးသူများရဲ့ ၃၈ ရာခိုင်နှုန်း ထောက်ခံခဲ့ကြတာပါ။ ဝန်ကြီးချုပ်နေရာအတွက် ‘ဖိထာ’ အနေနဲ့လည်း ကြိုးစားခဲ့ပြီး ဖြစ်သလို အမတ်အဖြစ်ကနေ ယာယီဆိုင်းငံ့ထားပြီဖြစ်လို့ ‘ဖွေ့ထိုင်း’ ကြိုးစားမှုကို စိတ်ဝင်တစား ကြည့်နေကြပါတယ်။တဆက်တည်းမှာပဲ ‘ဖိထာ’ကို အမည်တင်သွင်း မရတော့တာနဲ့ ပတ်သက်ပြီး ပြန်လျှောက်ထားချက်အပေါ် အခြေခံဥပဒေခုံရုံးက ဇူလိုင် ၃ ရက်နေ့မှာ လက်ခံ/မခံဆိုတာကလည်း စောင့်ကြည့်ရဦးမယ်လို့ နားလည်ထားပါတယ်။
တကယ်လို့ ‘ဖိထာ’ ကိုလည်း အမည်ဆက်တင်သွင်းမရတာက အတည်ဖြစ်သလို လက်ရှိ ၈ ပါတီ မဟာမိတ် အနေနဲ့ ဝန်ကြီးချုပ်နေရာ အရွေးခံရဖို့ မဖြစ်နိုင်တော့ဘူး ဆိုရင်တော့ ‘ဖွေ့ထိုင်း’ အနေနဲ့ ဆီးနိတ်ထောက်ခံမှုရှိတဲ့ စစ်တပ်နဲ့ နီးစပ်သူ၊ ဘုရင်စနစ် ကာကွယ်လိုသူပါတီများနဲ့ ညှိနှိုင်းဖို့ပဲ ရှိပါလိမ့်မယ်။ ဒါ့ကြောင့် လွှတ်တော်တွင်း နိုင်ငံရေး ဆိုတာ ကိန်းဂဏန်းနံပါတ်များနဲ့ ကစားနည်းတခုလို့ ပြောလေ့ရှိကြတာပါ။ လွှတ်တော်တွင်း အရေးကိစ္စများအတွက် လိုအပ်တဲ့ ထောက်ခံသူ အရေအတွက် ရရှိတဲ့တိုင်အောင် အလျှော့အတင်း အပေးအယူတွေ လုပ်ကြပါတယ်။
၈ ပါတီ ညွန့်ပေါင်းခွင့်ပြုချက်အရ အလွတ်သဘော တွေ့ဆုံခဲ့တဲ့ ပါတီ ၂ ခု ရှိတယ်လို့ ဖွေ့ထိုင်းပါတီက ပြောကြားထားပါတယ်။ ပထမပါတီက မေလရွေးကောက်ပွဲမှာ အမတ် ၇၁ နေရာ ရရှိခဲ့တဲ့ ‘ဖွန်မ်ဂျိုင်ထိုင်း’ (Bhumjaithai) ပါတီဖြစ်ပြီး ပါတီခေါင်းဆောင်က လက်ရှိဒုဝန်ကြီးချုပ်နဲ့ ကျန်းမာရေးဝန်ကြီးဖြစ်သူ ‘အန်နုတင်’ (Anutin Charnvirakul) ဖြစ်ပါတယ်။
ထိုင်းအစိုးရအဖွဲ့မှာ ဒုဝန်ကြီးချုပ် ၆ နေရာရှိလို့ ရောထွေးစရာပါ။ ’ဒွန်ကြီး’လို့ သုံးခဲ့ဖူးတဲ့ နိုင်ငံခြားရေးဝန်ကြီး ‘ဒွန်ပရာမွတ်ဝီနိုင်း’ကလည်း ဒုဝန်ကြီးချုပ်တဦးပါပဲ။ ဒါပေမဲ့ PPRP ပါတီခေါင်းဆောင် ‘ပရာဝစ်ဝေါင်ဆူဝမ်’ (Prawit Wongsuwan)ကသာ အင်္ဂါစဉ် ပိုမြင့်တဲ့ ပထမ ဒုဝန်ကြီးချုပ်အဆင့် ဖြစ်ပါတယ်။ ‘ပရာဝစ်’က ထိုင်းတော်ဝင်ကြည်းတပ်ရဲ့ စစ်ဦးစီးချုပ်လည်း ဖြစ်ခဲ့သူပါ။
‘ဖွေ့ထိုင်း’ ဒုတိယတွေ့ဆုံတဲ့ ပါတီကတော့ ပြဿနာလို့ ဆိုနိုင်ပါတယ်။ အနှေးနဲ့အမြန် ရာထူးဆင်းပေးရတော့မယ့် အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် ‘ပရာယွတ်ချန်အိုချာ’ရဲ့ ပါတီ United Thai Nation (UNT) ဖြစ်နေလို့ပါ။ ဇူလိုင် ၂၃ ရက်နေ့က တွေ့ခဲ့တာဖြစ်ပြီး ‘ဖွေ့ထိုင်း’ပါတီဘက်ကတော့ မဟာမိတ်အဖြစ် ဖိတ်ခေါ်မထားခဲ့ဘူးလို့လည်း ပြောပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ‘ဖွေ့ထိုင်း’ဘက်က သူ့ပါတီတင်တဲ့ ဝန်ကြီးချုပ်လောင်း အတည်ပြုခံရရေးအတွက် ခပ်သွက်သွက် ခြေလှမ်းပြင်နေတယ်လို့ ဆိုရပါမယ်။ ဆီးနိတ်အမတ် ၂၅၀ ထဲက ဘယ်နှယောက်လောက် ‘ဖွေ့ထိုင်း’ ညွန့်ပေါင်းကို ထောက်ခံမလဲလို့ တီးခေါက်ကြည့်နေတဲ့ပုံလို့ ပြောရပါလိမ့်မယ်။ ‘ဖွေ့ထိုင်း’နဲ့ ‘ပရာယွတ် ’ကိုယ်တိုင် ပြောခဲ့ဖူးတဲ့ သူ Chulachomklao Royal Military Academy ဆင်းခါစ သူ့ရဲ့ ပထမဦးဆုံး အထက်အရာရှိ ဖြစ်ခဲ့သူလို့ ဆိုခဲ့တဲ့ ‘ပရာဝစ်’ ခေါင်းဆောင်တဲ့ PPRP ပါတီနဲ့လည်း တွေ့ခဲ့ကြတယ် ဆိုတဲ့ သတင်းတွေ ထွက်ရှိနေပါတယ်။ PPRPနဲ့ UTN ဟာ စစ်တပ်ကျောထောက်နောက်ခံပြု ပါတီများ ဖြစ်တဲ့အတွက် ‘ဖွေ့ထိုင်း’ရဲ့ အနာဂတ် မဟာမိတ်ပါတီများ ဖြစ်လာရင်တော့ ပြုပြင်ပြောင်းလဲရေးလိုလားသူများက လက်ခံနိုင်ဖို့ အတော်ခက်ခဲမှာပါ။
အခုဆောင်းပါးရေးလက်စမှာပဲ ဘန်ကောက်ပိုစ့်က နောက်သတင်းတပုဒ် ထပ်တွေ့ရပါတယ်။ သူ့အဆိုအရ ဖွေ့ထိုင်းပါတီက မူလ ၈ ပါတီမဟာမိတ် အနေနဲ့ မဟုတ်တော့ပဲ MFP ကိုချန်ထားပြီး ၁၀ ပါတီမဟာမိတ်အနေနဲ့ ‘ဆက်ထာသာဗီဆင်’(Srettha Thavisin)ကို ဩဂုတ် ၄ ရက်နေ့မှာ ဝန်ကြီးချုပ်လောင်း အမည်စာရင်း တင်သွင်းမယ်လို့ သိရပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းရှင်’ဆက်ထာ’က ရွေးကောက်ပွဲဝင်တုန်းက ဒုတိယဦးစားပေး ဝန်ကြီးချုပ်လောင်းအဖြစ် ‘သက်ဆင်’ရဲ့သမီး ‘ပေတောင်တန်’(Paetongtarn Shinawatra)ရဲ့ နောက်မှာ ထားရှိခဲ့တာပါ။ အခုတော့ ဆီးနိတ် အမတ်တွေ ပိုထောက်ခံနိုင်တဲ့သူလို့ တွက်ဆပြီး ပြောင်းလိုက်တဲ့ပုံပါပဲ။
အခု’ဖွေ့ထိုင်း’ရဲ့ ၁၀ ပါတီမဟာမိတ်ညွန့်ပေါင်းက ဘန်ကောက်ပိုစ့် ပြုစုထားချက်အရဆိုရင် ၃၀၂ နေရာ ရှိပါ တယ်။ ဒါဟာ ’ဖိထာ’ ရရှိခဲ့တာကို မမီသေးသလို ‘ဖိထာ’ရဲ့ MFP အမတ် ၁၅၁ ကိုလည်း ထည့်တွက်မထားပါဘူး။ ဒါ့ကြောင့် ဆီးနိတ်ဘက်က ဘယ်လောက်များများ ပိုထောက်ခံလာနိုင်မလဲဆိုတာက အရေးကြီးလာပါတယ်။
‘ဖိထာ’တို့ဘက်က ‘ပရာယွတ်ချန်အိုချာ’ရဲ့ ပါတီသစ် United Thai Nation(UTN)နဲ့ရော၊ ပါတီဟောင်း Palang Pracharat(PPRP)နဲ့ပါ ပူးပေါင်းမှုကို ဆန့်ကျင်တယ်လို့ နားလည်ထားပါတယ်။ အခု(၁၀)ပါတီမှာ UTN မပါပေမဲ့ ‘ပရာဝစ်’ ခေါင်းဆောင်တဲ့ PPRPက ပါနေတာကြောင့် MFP အနေနဲ့ ပြဿနာလို့ မြင်နိုင်ပါတယ်။
အခုအနေအတိုင်းသာ ဆိုရင်တော့ အနိမ့်ဆုံးခန့်မှန်းကြည့်ရရင် ‘ဖိထာ’ရဲ့ MFP မပါတဲ့ ဖွေ့ထိုင်းညွန့်ပေါင်း အစိုးရသစ်ပဲ ဖြစ်လာလေတော့မလားလို့ တွက်ဆရမယ် ထင်ပါတယ်။ ထိုင်းနိုင်ငံရဲ့ လက်ရှိအနေအထားဟာ ရှုပ်ထွေးဆဲ ဖြစ်နေပြီး ဘယ်သူကမှ ရှေ့အလားအလာကို ကံသေကံမ ပြောဖို့ခက်နေသေးတဲ့ အချိန်ပါ။ ထွက်ပေါ်နေတဲ့ သတင်းများကလည်း အတည်ပြုချက် မပေးနိုင်တာတွေရှိပြီး အချိန်နဲ့ အမျှ ပြောင်းလဲနိုင်ပါတယ်။ ဒီဆောင်းပါး ဖတ်နေချိန်မှာပဲ ဖြစ်ပေါ်ပြောင်းလဲမှု အသစ်တွေလည်း ထွက်ရှိနေနိုင်ပါတယ်။
ဆောင်းပါးကို အဆုံးသတ်ပြီးတဲ့နောက်မှာ ထပ်ဖြည့်စွက်စရာ သတင်းတခု တွေ့ရှိရပါတယ်။ MFP ရဲ့ အထွေထွေ အတွင်းရေးမှူး Chaithawat Tulathonက MFP အနေနဲ့ အစိုးရဖွဲ့ဖို့ ကြိုးစားခဲ့တာ မအောင်မြင်ခဲ့တဲ့အတွက် မဲပေး ထောက်ခံခဲ့သူများကို တောင်းပန်လိုကြောင်း၊ အတိုက်အခံပါတီအနေနဲ့ ဆက်ရပ်တည်သွားမှာဖြစ်ကြောင်းတို့ကို ထုတ်ပြန်ခဲ့ပါတယ်။ စာနယ်ဇင်းရှင်းလင်းပွဲမှာ MFP က ၈ ပါတီညွန့်ပေါင်းကနေ ထွက်လိုက်ပြီလို့ ပြောခဲ့တယ်လည်း သိရပါတယ်။ ဘယ်သူကစပြီး လမ်းခွဲခွဲ သေချာတာတခုကတော့ ’ဖွေ့ထိုင်း’ ညွန့်ပေါင်းသစ်ကို တွေ့မြင်ရတော့မယ် ဆိုတာကိုပါ။
MFP ထောက်ခံသူများအတွက် စိတ်ပျက်စရာလို့ ပြောနိုင်ပေမယ့် အချိန်တိုအတွင်းမှာ အံ့အားသင့်ရလောက်အောင် ခရီးရောက်နိုင်ခဲ့တဲ့ သူတို့တတွေရဲ့ စွမ်းဆောင်ရည်အပေါ် ဂုဏ်ယူကြရမှာ ဖြစ်ပါတယ်။ ပါလီမန်ထဲမှာလည်း အားကောင်းတဲ့ အတိုက်အခံပါတီတခု အနေနဲ့ အစိုးရသစ်ကို ထိန်းကျောင်း ပေးနိုင်ပါလိမ့်မယ်။ ဒီအချက်ကလည်း ပါလီမန် ဒီမိုကရေစီစနစ်အတွက် တကယ့်ကို အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar