Breaking News

လှကျော်ဇော - ရှစ်-လေးလုံး သို့ ... ဂါရ၀


လှကျော်ဇော - ရှစ်-လေးလုံး သို့ ... ဂါရ၀

(မိုးမခ) ဩဂုတ် ၉ ၊ ၂၀၂၃


ဒီနေ့ သတင်းမီဒီယာ တခုက ထုတ်လွှင့်သွားတဲ့ ရှစ်-လေးလုံးအထိမ်းအမှတ် တွေ့ဆုံမေးမြန်းခန်း အစီအစဉ်တရပ်မှာ ရှစ်-လေးလုံးကာလကစပြီး အခုထိ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးတိုက်ပွဲအတွင်း မိမိယုံကြည်ရာ နည်းလမ်းများနဲ့ တစိုက်မတ်မတ် ပါဝင်နေတဲ့ (၈၈မျိုးဆက်)ကျောင်းသားခေါင်းဆောင်ဟောင်းတဦးရဲ့ ပြောဆိုချက်တွေထဲက အချက် ၂ ရပ်ကို သဘောတူညီပြီး အဲဒါနဲ့ ပတ်သက်တဲ့ အကြောင်းအရာ တချို့ကိုလည်း ရေးသားချင်လာပါတယ်။

(၁)။ ရှစ်-လေးလုံး အရေးအခင်းဟာ ဓမ္မနဲ့ အဓမ္မအကြားတိုက်ပွဲ။ အဲဒီတိုက်ပွဲအတွင်းမှာ ဓမ္မဘက်က ရပ်တည်ခဲ့တာ။

(၂)။ နိုင်ငံရေးပန်းတိုင်တခုဆီကို သွားရာမှာ မာရသွန်ပြေးပွဲလို့ သဘောထားရမယ် ဆိုတဲ့အချက်တွေပါ။

၁၉၈၉ မှာ ကျွန်မတို့ ဗမာပြည်ကွန်မြူနစ်ပါတီ အလဲလဲအပြိုပြိုဖြစ်ပြီး ပါတီဗဟိုအနေနဲ့ (ယခင် ၁၀၁ စစ်ဒေသ) ပန်းဝါမှာ ပြောင်းရွှေ့အခြေစိုက်လိုက်ရပါတယ်။ အဲဒီမှာ ရှစ်-လေးလုံးအရေးတော်ပုံ အကြမ်းဖက်ဖြိုခွဲခံလိုက်ရပြီး မြို့ပေါ်တွေမှာ မနေနိုင်တော့တဲ့ ကျောင်းသားအများအပြား တောခိုလာရာမှာ အဲဒီ ပန်းဝါဒေသကိုလည်း တအုပ်ကြီး ရောက်လာပါတယ်။

ဒီတော့ ဒီလူအုပ်ကို ဗဟိုက ဒီမိုကရေစီ ပြည်ချစ်တပ်မတော်(D.P.A) အမည်ပေး ဖွဲ့စည်းထူထောင်လိုက်ပါတယ်။ ဒါကို လေ့ကျင့်တည်ဆောက်ဖို့ တာဝန်ပေးခံရတဲ့ ဖေဖေက အဲဒီကာလအတွင်း မကြာခဏ တဖျစ်တောက်တောက် ပြောတတ်တဲ့ စကားရှိပါတယ်။

"တို့တတွေ အင်္ဂလိပ်ကို စ တော်လှန်စဉ် (၁၃၀ဝပြည့် အရေးအခင်းကို ရည်ညွှန်းတာပါ။) ကအင်္ဂလိပ် ဂေါ်ရာပုလိပ်ရဲ့ နံပါတ်တုတ်ပဲ ကြောက်ခဲံ့ရတာ။ အခု ဒီကလေးတွေက မဆလရဲ့ သေနတ်ကျည်ဆန်တွေကို အန်တုလာကြတာ။ သေးတဲ့ သတ္တိမဟုတ်ဘူး" ဆိုတာပါ။

ဖေဖေက နောက်ပိုင်း တွေ့ဆုံမေးမြန်းခန်းတခုမှာ ဒီလိုလည်းပြောထားပါသေးတယ်။

"ဒီနေရာမှာ ဗိုလ်နေ၀င်းတို့က (၂၅-၃၀) နှစ်ကျော် နိုင်ငံရေးအရ ဖိနှိပ်ထားမှုကြောင့် မျိုးဆက်သစ်တွေဟာ မျိုးဆက်ဟောင်းတွေလောက် နိုင်ငံရေးအသိမရှိလှဟုထင်ပြီး တပ်တွင်း-တပ်ပြင်မျိုးဆက်သစ်လူထုအပေါ် ၎င်းတို့အားထားကြတယ်။ ၎င်းတို့သိဖို့က ၁၉၈၈ ရှစ်လေးလုံးတော်လှန်ရေးမှာ ပါဝင်လုပ်ဆောင်သူအများစုဟာ မျိုးဆက်သစ်လူထုကြီးပင် ဖြစ်သည်။ ထိုကိစ္စ ကျွန်တော့်ကိုယ်တွေ့ အတွေ့အကြုံတခု ဖော်ပြလိုသည်။ ၁၉၈၈-၈၉ တွင် မြို့ပေါ်မှ ကျောင်းသားတချို့ကို(D。P。A)လက်နက်ကိုင်တပ်အဖြစ် ကျွန်တော် လေ့ကျင့်ပေးစဉ် ညအခါ ထိုကျောင်းသားများစွာနဲ့ စကားပြောရသည်။ သူတို့အားလုံးလိုလို နိုင်ငံရေး နားလည်မှု အားနည်းသည်ဟု ထင်ရသော်လည်း တော်လှန်ရေးစိတ်ဓာတ်ဟာ ကျွန်တော်တို့ (၁၃၀၀) ပြည့် (၁၉၃၈-၃၉) အရေးတော်ပုံက ကျောင်းသားတွေထက် ပိုမြင့်မားနေသည်ဟု ခံစားရပါသည်။ နောက် ရန်သူ (မဆလ)အကြောင်းပြောတဲ့ အခါကျတော့ သူတို့ဟာ စစ်အာဏာရှင်အပေါ် အလွန်မုန်းတီးရွံရှာတာတွေဟာ ကျွန်တော်တို့ (၁၃၀၀)ပြည့် ကျောင်းသားတွေထက် အလွန်ပိုတာတွေ့ရသည်။ သူတို့ ဘာကြောင့် တော်လှန်ရေးစိတ်ဓာတ် ဒီလောက် မြင့်မားရတဲ့အကြောင်းနဲ့ ဘာကြောင့်ရန်သူကို ဒီလောက် မုန်းတီးရွံရှာရသည့်အကြောင်း ကျွန်တော် နောက်မှ လေ့လာစူးစမ်းမိသည်မှာ အဓိက အကြောင်းက လူတွေ အတော်များများမှာ နိုင်ငံရေးအသိတရား အားနည်းကြမည်ဖြစ်သော်လည်း သူတို့၏ မွေးရာပါဇာတိက ပါလာသော အမှန်တရား ချစ်မြတ်နိုးမှုနဲ့ မတရားမှုတို့ကို မုန်းတီးရွံရှာမှုဇာတိမွေးရာပါစိတ်တို့ဟာ အလွန်အရေးကြီးပေသည်။ ဗိုလ်နေ၀င်းတို့ လုပ်နေပုံတွေဟာ အလွန်မတရား၊ အလွန်ရက်စက်လွန်းသဖြင့် ထိုဇာတိစိတ်ဖြင့် အလွန်မုန်းတီးထကြွနိုးကြားလာမှု ဖြစ်သည် ဟု ကျွန်တော် နားလည်သိရှိလာပါတော့သည်။"

(နှာ - ၃၃။ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော--တရားခံအစစ် ဘယ်သူလဲ။ သတင်းဌာနနှင့် အင်တာဗျူးများ။ နေရီရီစာအုပ်တိုက်။) 

ဟုတ်ပါတယ်။ မတရားမှုကို မကြိုက်ဘဲ တရားမျှတမှုအတွက် ဓမ္မဘက်က ရပ်တည်လာတဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး စစ်သည်တော်များကို အသိတရားပြည့်ဝတဲ့ တော်လှန်ရေးသမားများအဖြစ် ပြောင်းလဲလာအောင် နောက်တနည်း  ဗမာပြည်သူတွေရဲ့ နိုင်ငံရေးပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီရရှိရေး တိုက်ပွဲဆိုတဲ့ မာရသွန်ပြေးပွဲကြီးကို ရေရှည် ဆင်နွှဲနိုင်ဖို့ ရပ်တည်ချက်စိတ်ဓာတ်ခိုင်ခိုင်မာမာရှိလာအောင် မိမိကိုယ်တိုင်လည်း တည်ဆောက်၊ အများကို ပါလာအောင်လည်း စည်းရုံးပြီး လုပ်ဆောင်ကြရမှာပါ။

၁၉၆၂-ဇူလိုင် ၇ ရက်နေ့က စခဲ့တဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲကြီးဟာ အနှစ် ၆၀ ကျော် အတက်အကျ ခရီးရှည်ကြီး ချီတက်နေရာမှာ— 

- ကျောင်းသားအရေးအခင်းအမျိုးမျိုး (၇၄-၇၅-၇၅ အရေးတော်ပုံများ။)

- တပြည်လုံး အုံကြွခဲ့ပြီး မဆလကို ဖြုတ်ချခဲ့တဲ့ (ရှစ်လေးလုံးအရေးတော်ပုံကြီး။)

- ၂၀၀၇ ရွှေဝါရောင်သံဃာအရေးအခင်းကြီး

စတာတွေကို ကျော်ဖြတ်ပြီး အခု နွေဦးတော်လှန်ရေးကာလကြီးကို ရောက်ရှိလာခဲ့ပါပြီ။

ဗမာပြည်ကြီးရဲ့ ဒုက္ခအဖုံဖုံဟာ ဒီစစ်အာဏာရှင်စနစ်မှာ မြစ်ဖျားခံတာ။ ဒီဖက်ဆစ်တပ် အမြစ်ပြတ်မှဖြစ်မှာဆိုတဲ့ တရားရင်မှာပိုက်ပြီး  ဒီတော်လှန်ရေးတွေအဆက်ဆက် အမြင့်မားဆုံး ပေးဆပ်သွားကြတဲ့ အာဇာနည်အပေါင်းကို အလေးအမြတ် အလေးပြုပြီး သူတို့လျှောက်လှမ်းခဲ့တဲ့ ခရီးလမ်းကိုအဆုံးတိုင် ဆက်လက်လျှောက်လှမ်းကြပါစို့။

အာဇာနည်အပေါင်း ငြိမ်းချမ်းစွာ အနားယူပါတော့။  


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar