Breaking News

မောင်ရစ် - နွေဦးတော်လှန်ရေး နဲ့ ၈၈ လည်ပြန်အတွေးများ (၂)

မောင်ရစ် - နွေဦးတော်လှန်ရေး နဲ့ ၈၈ လည်ပြန်အတွေးများ (၂)

(မိုးမခ) ဩဂုတ် ၇၊  ၂၀၂၃


၈၈ - ၃၅ နှစ်

အခန်းဆက်ရေးမယ်ဆိုပြီး စဉ်းစားထားပေမယ့် မရေးဖြစ်တာ ၆ လ ရှိပြီ။ နွေဦးတော်လှန်ရေးမှာလည်း ထမင်းအိုးထမ်း၊ ဟင်းအိုးထမ်း ဘယ်နေရာကပဲ ဖြစ်ဖြစ် ကြိုးစားလိုက်ပါ ဆောင်ရွက်နတော့ စာမရေးဖြစ်။ ၈၈ အရေးတော်ပုံကြီးက နောက်ကြည့်မှန်ထဲ ၃၅ နှစ်။ အဲသည်တုန်းက ၈၈ အရေးတော်ပုံထဲ ကျောင်းသားသမဂ္ဂဘ၀ က ၅ နှစ်။ နောက် ၁၀ နှစ်ကတော့ သာမန်လူတဦးလိုပဲ နေထိုင် ရုန်းကန် (ကျောင်းဆရာ၊ စာရေးဆရာ၊ ကာတွန်းဆရာ၊ ကွန်ပြူတာဆရာ (ဆရာချည်းလုပ်လာတာ၊ တပည့်တော့မဟုတ် ဟိဟိ))။ နောက် အခုအချိန်ထိ ဆက်လက်ထူထောင် လုပ်ကိုင်ဆဲ မိုးမခမီဒီယာ အနှစ် ၂၀ ရှိလာပြီ။ နွေဦးတော်လှန်ရေးထဲမှာတော့ Radio NUG  ၂ နှစ်ကျော် ဝိုင်းဝန်း(၂၀၂၁ ဩဂုတ်လမှာ စ စမ်းလွှင့်ကြတာကိုး)။ နောက် စုံစီနဖာလုပ်ပါတယ်။ နွေဦးအတွက် - ငွေ ရှာ၊ ငွေ လှူ၊ အလှူခံ၊ စျေးရောင်း၊ စာရင်းကိုင်၊ ငွေကိုင် ဒါတွေလဲ အတော်လုပ်တတ်လာတယ် ဆိုရမယ်။ NUG အစိုးရ ဘဏ္ဍာရေးနဲ့ သွားစပ်မိတော့ သူတို့ပေးတဲ့ ဒီဂျစ်တယ်ဖြတ်ပိုင်းစာအုပ် တအုပ်နဲ့  အွန်လိုင်းအရပ်ထဲ လှည့်ရတာပေါ့။

၈၈ တုန်းကတော့ ဒီမိုကရေစီ ချက်ချင်းပေး၊ ကြားဖြတ်အစိုးရဖွဲ့စည်းရေး၊ တပါတီအာဏာရှင်စနစ် အလိုမရှိလို့ ကြွေးကြော်တောင်းဆိုခဲ့ကြတယ်။ 

ရခဲ့ကြတာတွေက စစ်အာဏာရှင်အောက်က ပါတီစုံရွေးကောက်ပွဲ၊ အမျိူးသားညီလာခံ၊ ၂၀၀၈ အခြေခံဥပဒေ၊ စစ်အုပ်စု ကြိုးကိုင်တဲ့ တမတ်သားလွှတ်တော် နဲ့ စစ်ခရိုနီလူမှုစနစ်တွေ။

အခု ၂၀၂၁ နွေဦးတော်လှန်ရေးက စစ်အာဏာရှင်စနစ် အလုံးစုံပျက်သုဉ်းရေး၊ ဖယ်ဒရယ်ဒီမိုကရေစီ၊ ပြီးတော့ အသွင်ကူးပြောင်းရေးတရားစီရင်မှုကို ဦးတည်မည် ဖြစ်ကြောင်း အားလုံးက ဘုံသဘောတူညီချက် ချမှတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

၈၈ - ၃၅နှစ်ကြာခဲ့ပြီဆိုတော့ ယူစရာ ဘာရှိသလဲဆိုရင် သင်ခန်းစာပဲ ရှိမယ် ထင်ပါတယ်။ အခု အသက်တွေကလည်း ၅၀ကျော် ၆၀ကျော်တွေ ဖြစ်နေကြတဲ့ ၈၈ မျိုးဆက်တွေ ဘာတွေ သင်ခန်းစာတွေ ပြန်ပြောင်းစဉ်းစားစရာတွေ ရသလဲဆိုတာပဲ ပြန်တွေးမိတယ်။ ၈၈မျိုးဆက်အများစုမှာ ရှေ့မျိုးဆက်တွေဆီက နိုင်ငံရေးလက်ဆင့်ကမ်းမှု ခါးဆက်ပြတ်ခဲ့တယ်။ ကျနော့်ဖြတ်သန်းမှုအရ ပြောရရင် - အဖိုးအဖွား မျိုးဆက်တွေက သူတို့ခေတ်ပြိုင် ဗိုလ်နေဝင်းကို မလွန်ဆန်နိုင်ခဲ့ကြဘူး။ အဖေတွေ အမေတွေ မျိုးဆက်တွေက မဆလကို မထောက်ခံကြပေမယ့် နိုင်ငံရေးနဲ့ ကင်းကင်းနေခဲ့ကြတယ်။ ကျနော်တို့လက်ထက်မှာ လူထုအုံကြွမှုနဲ့ တိုက်ပွဲဝင်ကြတဲ့အခါ နိုင်ငံရေးလက်ဆင့်ကမ်းမှု ခါးဆက်ပြတ်တော့ အသင်းအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှု ချိတ်ဆက်မှုတွေ အားနည်းတာရယ်၊ အုပ်စုဖွဲ့ကြတာတွေနဲ့ အချိန်ကုန်ကြတယ်၊ အင်အားတွေ နစ်နာခဲ့ကြတယ်။ စစ်အုပ်စု၏ သွေးခွဲမှု ဖြိုခွဲမှု သပ်လျှိုမှုတွေ အကြီးအကျယ် ခံစား ထိခိုက်နစ်နာခဲ့ကြတယ်လို့ ပြောချင်ပါတယ်။

ဂျင်းတွေနဲ့ ကြီးခဲ့ကြတော့ နွေဦးတော်လှန်ရေးမှာ ဂျန်ဇီတွေ ဂျန်ဝိုင်တွေလက်ထက်မှပဲ ဂျင်းဘေးကနေ ရုန်းထွက်နိုင်ခဲ့တယ် ဆိုရပါမယ်။ ဘာသာရေးဂျင်း၊ လူမျိုးရေးဂျင်းတွေက အတော်ကြီး ပြင်းထန်သလို၊ လက်ဝဲဂျင်း၊ လက်ယာဂျင်းတွေကလဲ အတော်ကြီးပါတယ်။ စစ်အုပ်စုကို ဆန့်ကျင်တဲ့ သဘောထားတင်းမာသူတွေကို ကွန်မြူနစ်တွေ လက်ဝဲသမားတွေလို့ အမည်တပ်ကြသလို၊ တိုးတက်တဲ့အမြင် အယူအဆတွေ အနောက်တိုင်းလေသံပါတဲ့ လှုပ်ရှားသူများကို ပုဆိန်ရိုးတွေ လက်ယာယိမ်း လက်ပါးစေတွေ ဆိုပြီး ပုတ်ခတ်မှုအောက်တွေမှာ လူတွေဟာ အကွဲကွဲ အပြားပြား ဖြစ်ခဲ့ရတာကိုလည်း ခုချိန်မှာ ပြန်မြင်ယောင်မိပါတယ်။

အသင်းအဖွဲ့နဲ့ မလုပ်တတ်ခဲ့ကြဘူး။ စစ်ဗိုလ်တွေက မဆလပါတီနဲ့ စစ်တပ်ကလွဲရင် ဘယ်အသင်းအဖွဲ့ကိုမှ မရှိစေခဲ့တော့ - သမဂ္ဂတွေ တပ်ဦးတွေဖွဲ့ပြီး စလုပ်တဲ့ဆီမှာ အတော်ရုန်းကန်ကြရတယ်။ နိုင်ငံရေးပါတီတို့ တော်လှန်တဲ့လက်နက်ကိုင်တပ်တို့ဆိုတာ အိပ်မက်တောင် မမက်ခဲ့ဖူးဘူးလေ။ အဲသည်ကြားထဲက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လူ့ဘောင်သစ်၊ ကျောင်းသားတပ်မတော်၊ ညွန့်ပေါင်းအစိုးရ ဆိုတာတွေ ဖြစ်ထွန်းခဲ့ကြတာကလည်း အတော်ရုန်းကန်ပြီး ဖြတ်သန်းခဲ့ရတာပါ။ စစ်အုပ်စုက ပြည်သူတွေထဲမှာ Institution တွေ မရှိအောင် သင်းသတ်ခဲ့ကြတော့ ၈၈ မျိုးဆက်လူငယ်တွေဟာ တကိုယ်တော်တွေ၊ ဗိုလ်မထားတွေ၊ ဗိုလ်တထောင်တွေဖြစ်ပြီး ကြီးပြင်းလာကြတယ်လို့ ဆိုချင်တယ်။ ပါတီတွေ သမဂ္ဂတွေမှာ ဝင်လုပ်ကြတော့လည်း ခေါင်းဆောင်နဲ့ နောက်လိုက်တွေကြား အပေးအယူ နားလည်မှု စည်းရုံးမှု တည်ဆောက်မှုတွေ အားနည်းခဲ့ကြတယ် ထင်ပါတယ်။ 

ပရိသတ်တွေ ပြည်သူတွေ မိဘတွေ ဆရာတွေက ၈၈ အရေးတော်ပုံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အိမ်ပြန်သွားကြတယ်၊ အလုပ်ခွင်ပြန်ဝင်သွားကြတယ်။ လမ်းပေါ်က လူငယ်တွေ ကျောင်းသားတွေ သားသမီးတွေကို သည်အတိုင်းထားရစ်ခဲ့ကြတယ်လို့ ဆိုလိုက်ချင်တယ်။ စစ်တပ်နဲ့ ထောက်လှမ်းရေးက ရေးတဲ့ဇာတ်လမ်း ဇာတ်ညွှန်းတွေလိုပဲ နိုင်ငံတော်နဲ့ မိဘ၏ စေတနာမှန်ကို သိမြင်ပြီး မိဘရပ်ထံ စာသင်ခန်းပြန် အလင်းဝင် လက်နက်ချတာကိုပဲ ကြိုဆိုခဲ့ကြတယ်။ 

သည်တခါ နွေဦးတော်လှန်ရေးမှာတော့ အချို့သော မိဘ၊ ဝန်ထမ်း၊ ဆရာ၊ စာနယ်ဇင်း၊ အနုပညာသည် စီးပွားရေးသမား နိုင်ငံရေးသမား အချို့ကလွဲပြီး ပြည်သူတရပ်လုံး တောင်သူလယ်သမား တိုင်းရင်းသားတွေ လမ်းပေါ်ကနေ အိမ်မပြန် ကျောင်းမပြန်ကြတော့ဘဲ အတူတကွ ရပ်တည် တသားတည်း ဖြစ်သွားကြတာ အဓိက အကြီးကျယ်ဆုံး အချက်ဖြစ်တယ် ထင်ပါတယ်။ မိဘတွေက သူတို့သားသမီးတွေအတွက် အတူတူ ခံစားရပ်တည်ကြတယ်။ ငါတို့တုန်းက ငါတို့ချည်း ခြေမဲ့ လက်မဲ့ရုန်းကန် ခဲ့ကြရသလိုမျိုး ငါတို့သားသမီး မြေးတွေလက်မှာ မဖြစ်စေရဆိုတဲ့ သံန္နိဌာန်နဲ့ ပြည်သူလူထု၏ ထောက်ပို့လှုပ်ရှားမှုကြီးက နွေဦးတော်လှန်ရေးကို အတောင်ပံတပ်ပေး ဦးချိုတွေ ဆင်ပေး ချပ်ဝတ်တန်ဆာတွေတွေ ဝတ်ပေးနိုင်ခဲ့တာကို ဝန်ခံကြရပါမယ်။

သည်တော့ ၈၈ - ၃၅ နှစ်မှာ အဲသည် ၈၈ မျိုးဆက်တွေ ဘယ်ရောက်နေလဲ လိုက်ကြည့်မယ့်အစား ငါ အခု ဘယ်ရောက်နေလဲဆိုတာကို ကြည့်လိုက်မိတော့ သည်တခါလည်း ငါဆရာကြီးပဲဆိုတဲ့ အထာမျိုးတွေ အပြောမျိုးတွေ အလုပ်တွေ မလုပ်တော့ပါဘူးလို့ အရင်ဆုံး ခံယူခဲ့ပါတယ်။ နွေဦးတော်လှန်ရေးမှာ ဦးဆောင်မှုအခန်းကဏ္ဍကနေ ချီတက်နေသူတွေ နောက်ကနေ ထမင်းအိုးထမ်း ဟင်းအိုးထမ်း ကြုံရ ကျရ လုပ်နိုင်တဲ့ဝန်ကို စောဒကတွေ ကွန်ပလိန်းတွေ မတက်ဘဲ ထမ်းဖို့သာ ဦးတည်ပါတယ်။ အသင်းအဖွဲ့တွေ ၊ ဖွဲ့စည်းပုံတွေ ၊ မူဘောင်တွေ ချတဲ့ Institution တွေ constitution တွေ Road Map တွေဆိုတာကို ဦးစားပေးရမယ်လို့လည်း သဘောပေါက်ထားလိုက်ပါတယ်။ သည်လိုမျိုးနဲ့ သည်တခါ နွေဦးတော်လှန်ရေးကို ကျနော် လိုက်ပါချီတက်နေတယ်လို့ မြင်မိပါတော့တယ်။ အတွေ့အကြုံအရ ဖြတ်သန်းမှုအရ မြင်တာ ထင်တာ ပြောတာ ဝေဖန်တာတွေ ရှိမှာပေါ့လေ။ သို့သော် ၈၈ - ၃၅ နှစ် သင်ခန်းစာမှာ နောင်သမိုင်းတပတ်လည်ပြီး စစ်နွန်ထဲ ပြန်မနစ်သွားဖို့ စစ်ဝဲဩဃထဲ တဝဲလည်လည်မဖြစ်စေဖို့တော့ သတိကြီးကြီး ဆက်ထားရဦးမှာ ဖြစ်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် သည်စာရေးနေတုန်း - ကိုအောင်သူငြိမ်း၏ ၈၈ -၃၅ နှစ် ဖေ့စ်ဘုတ်စာ တိုနံ့နံ့လေး တွေ့လိုက်တယ်။ သူ တွေးတာနဲ့ ကိုယ် ရေးနေတာ တိုက်ဆိုင်နေတယ်။ သူ ရေးထားတာ ကူးထည့်ပေးလိုက်ပါတယ်။

“ … မြန်မာ့နိုင်ငံရေးမှာ ရှေ့မျိုးဆက်တွေက နောက်မျိုးဆက်တွေကို လက်ဆင့်ကမ်းချင်တဲ့ အာဃာတ၊ အမုန်းတရား၊ ပြဿနာ တွေကို သတိထားမိတယ်။ ငယ်ငယ်က လက်ဝဲစာတွေဖတ်ရင်း ကြီးလာတော့ ဖဆပလကို အမုန်းတွေ တွေ့ရတယ်။ အချို့သော နိုင်ငံရေးခေါင်းဆောင်တွေဖြစ်တဲ့ ဦးနု၊ ဦးကျော်ငြိမ်း၊ ဦးဘဆွေဆိုရင် အမြင်မကြည်ကြ ဘူး။ ၁၉၈၈ နောက်ပိုင်း နိုင်ငံရေးပါတီတွေ ပြန်ရှင်သန်လာတဲ့ကာလမှာတောင် ဒီလိုအစွဲ၊ တိုက်ခိုက်မှု အမြင် မကြည်တာတွေ တွေ့ရတယ်။ 

အဲသလိုပါပဲ။ ၁၉၈၈ နောက်ပိုင်း ဖြစ်လာတဲ့ ကျောင်းသားလှုပ်ရှားမှု၊ ဒီမိုကရေစီရေး လှုပ်ရှားမှုမှာလည်း ဗကသ/ မကသ၊ မင်းကိုနိုင်- မင်းဇေယျ အကွဲအပြဲ ပြဿနာတွေကို နောက်မျိုးဆက်တိုင် ချန်ထားချင်တဲ့ ပြဿနာတွေကို တွေ့ရတယ်။ နယ်စပ်ဒေသ လက်နက်ကိုင် လှုပ်ရှားမှုမှာလည်း မိုးသီးဇွန်- ဒေါက်တာနိုင်အောင် အစွဲ- အကွဲအပြဲတွေနဲ့ ရှင်သန်ခဲ့ကြတာ ရှိတယ်။ အခု ၈၈၈၈ (၃၅) နှစ်ပြည့်လာတဲ့ ကာလမှာတော့ ကိုယ့်ကိုယ်ကိုလည်း ရင့်ကျက်လာပြီ ယူဆမိတယ်။ ကျနော်တို့ ခေတ်က အာဃာတ၊ အမုန်းတရား၊ ပြဿနာတွေကို နောက်မျိုးဆက်ကို လက်ဆင့်မကမ်းချင်တော့ဘူး။ လူငယ်မျိုးဆက်တွေ ဟာ သူတို့ဘာသာ လွတ်လပ်စွာ တွေးခေါ်နိုင်ကြပါစေ။ …” (အောင်သူငြိမ်း)

ခုခေတ်လူငယ်မျိိုးဆက်သစ်တွေ လူရွယ်ခေါင်းဆောင်တွေ တက်ကြွလှုပ်ရှားသူတွေ၏ အညွန့်တလူလူဖြစ်နေတာ၊ လန်းဆန်းနေတာ၊ အမောက်ထောင်နေတာတွေကို ဘာမှ မပြောတော့ဘူးလား။ ဒါကတော့ သစ်လွင်ဆန်းသစ် ငယ်ရွယ် နုပျို အားကောင်း သန်မာခြင်း၏ သဘာ၀လက္ခဏာတွေပါပဲ။ မျက်မှောင် အတင်းကြီး ကျုံ့ကြည့်စရာ မလိုပါ။ မဆလခေတ်ဦးနဲ့ ခေတ်နှောင်းမှာ ဝင်းဦး၊ ညွန့်ဝင်း၊ ကျော်ဟိန်းတို့ကိုပဲ ရုပ်ရှင်ထဲ အကောင်းလုပ်ကြည့်ခဲ့ရတာ၊ နောက်ပိုင်း နုပျိုတဲ့ ကျော်သူ စိုးသူ ပြေငြိမ်းတို့နောက်ပိုင်း ငယ်ရွယ် နုပျိုသော သန်မာတက်ကြွသော မင်းသားချော မင်းသမီးချောတွေ အများအပြား အပြိုင်းအရိုင်း ပေါကြွယ်၀တဲ့ ခေတ်ရောက်နေပါပြီ။ ငါတို့ခေတ်တုန်းကတည်းက မင်းသားကြီးတွေပါဆိုပြီး မိတ်ကပ်တွေ အတင်းလူးပြီး စင်ပေါ်က မဆင်းတဲ့ သူတွေကို အပြီးတိုင် မောင်းချပစ်ဖို့က အရေးကြီးတယ် မဟုတ်ပါလား။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar