Breaking News

ကျော်မင်းထွန်း(NEW YORK) - ကြယ်ဆိုတာ အမှောင်ဆုံးအခါ အတောက်ပဆုံးသောအရာ


ကြယ်ဆိုတာ အမှောင်ဆုံးအခါ အတောက်ပဆုံးသောအရာ
ကျော်မင်းထွန်း(NEW YORK)
(မိုးမခ) ဩဂုတ် ၁၂၊ ၀၂၃

လ,မသာတဲ့ ညအခါ
ကြယ်တွေအကြောင်းပြောရတာ
လိပ်ပြာလုံတယ် စိတ်သန့်တယ်
ကြယ်ဆိုတာ အမှောင်ဆုံးအခါ
အတောက်ပဆုံးသောအရာ..။

စကြဝဠာဖြစ်ဖို့ ကောင်းကင်လိုသလို
ကောင်းကင်ဖြစ်ဖို့ ကြယ်တွေလိုတယ်
ကောင်းကင်ဟာပင်လယ်လို့ ဖွင့်ဆိုရရင်
ကြယ်တွေဟာ ဘဝပင်လယ်မှာ ပွင့်တဲ့ပန်းတွေ။

ကြောင်က ငါးကိုကြိုက်ပေမဲ့ ရေမကူးတတ်ဘူး
ငါးက တီကောင်ကြိုက်ပေမဲ့ ကုန်းပေါ်တက်ပြီးတူးမစားတတ်ဘူး
ကြယ်တွေကဝေဟင်မှာနေပေမဲ့ လိုအပ်ရင်လိုအပ်သလို
မြေပေါ်ကို ဒိုင်ဗင်ထိုးဆင်းတတ်တယ်။

ဆင်က ခြင်ကိုနင်းသတ်သလို
ခြင်ကလည်း ဆင်ကိုကိုက်သတ်နိုင်တာပဲ
ငါတို့ရွာတွေ ဗုံးကြဲခံရတဲ့အခါ
စစ်ခွေးမသာတွေပေါ် ကြယ်ပျံတွေကြဲချမယ်
ငါတို့ကလေးတွေရဲ့စာသင်ကျောင်းတွေ ဗုံးကြဲခံရတဲ့အခါ
စစ်ခွေးအလောင်းတွေပေါ် ကြယ်ပျံတွေခြွေချမယ်
အပြင်းစားရိုက်ချက် ဟဲဗီးအကွက်တွေဟာ
မာစတာပိစ်ကြယ်တွေပါ။

ကြယ်တံခွန်တွေ စိတ်အချဉ်ပေါက်တဲ့အခါ
ပါစင်နယ်ခံစားမှုဟာ ယူနီဗာဆယ်ခံစားမှုဖြစ်
ယူနီဗာဆယ်ခံစားမှုဟာ ပါစင်နယ်ခံစားမှုဖြစ်
မာစတာပိစ်ကြယ်တွေဟာ ဂျန်ဇီပီဒီအက်ဖ်တွေ
ဂျန်ဇီပီဒီအက်ဖ်တွေဟာ မာစတာပိစ်ကြယ်တွေ။

ရန်မစဲသမျှ အလံလှဲမချဘူး
အသံမတိတ်သမျှ အလံလိပ်မပြဘူး
လေဒီဂါးဂါးကို လူငယ်တွေသိသလို
ချေဂွေဗားရားကို ကြယ်တွေသိတယ်
ဓမ္မပဒကို လူရွယ်တွေသိသလို
အဓမ္မဝါဒကို ကြယ်တွေသိတယ်
ငုယင်ဗန်ထရွိုင်းကို လူကြီးတွေသိသလို
ယူကရိန်းစစ်ကို ကြယ်တွေသိတယ်။

ကဲ - ကြယ်တွေစုံပြီလားတဲ့
ဗန်ဂိုးရဲ့ ပန်းချီကားထဲက ကြယ်တွေလို
မြေပြင်မှာ စံပယ်တွေ မွှေးထုံမှ
ဝေဟင်မှာ ကြယ်တွေ ပြေးဆုံကြမယ်
အမှောင်ည အမှောင်ခေတ်မှာ ကြယ်ဖြစ်ရတဲ့အခါ။

ကြယ်တွေမှာ အမျိုးဘာသာခွဲခြားမှုမရှိ
အဆင့်အတန်းခွဲခြားမှုမရှိ
ကြယ်တွေဟာ နေရာကောင်းရယူလိုမှုမရှိ
နာမည်ကောင်းရယူလိုမှုမရှိ
အလိုမရှိသီချင်းမှာတင် တန့်မနေချင်တာ
ကောင်းကင်က ကြယ်တွေပါ။

ကောင်းကင်က ကြယ်တွေဟာ
ကောင်းကင်မှာဝဲနေတဲ့ အာဏာရှင်ရဲ့
လေယာဉ်ရေဒါမှာ ရှာမရနိုင်တဲ့အရာ..
အာဏာရှင်ရဲ့မသိစိတ်မှာ
အမှတ်တမဲ့ထည့်မတွက်မိတဲ့ သင်္ချာပုစ္ဆာ..
ရာရာစစ အာဏာရှင်ဂျပုက
မိုးပေါ်ကကြယ်နဲ့ အရပ်ချင်းတိုင်းလို့ရပါ့မလား။

ကြယ်ဆိုတာ အမှောင်ဆုံးအခါ
အတောက်ပဆုံးသောအရာ..။    ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar