Breaking News

သီအိုဇော် - တန်ဖိုး


သီအိုဇော် - တန်ဖိုး

(မိုးမခ) ဩဂုတ် ၁၂ ၊ ၂၀၂၃


၂၀၂၃ ခုနှစ် ဩဂုတ် ၁၂ ရက်ဟာ ၇၃ နှစ်မြောက် ‘ကရင့်အာဇာနည်နေ့’ ဖြစ်ပါတယ်။ ကရင့်တော်လှန်ရေးအတွက် တိုက်ပွဲဝင်ရင်း ကရင်အမျိုးသားခေါင်းဆောင်ကြီး ‘စောဘဦးကြီး’ ကျဆုံးခဲ့တဲ့နေ့ကို လေးစားဂုဏ်ပြုတဲ့အနေနဲ့ ‘ကရင့်အမျိုးသားအာဇာနည်နေ့’လို့ သတ်မှတ်ထားကြပါတယ်။ ကရင်လူမျိုးများရဲ့ ရည်မှန်းချက်ပန်းတိုင်ဆီ မဆုတ်မနစ် ဦးတည်လျှောက်လှမ်းကြတဲ့ သမိုင်းခရီးလမ်း စာမျက်နှာမှာ ဘယ်လိုမှ ချန်လှပ်ထားရစ်လို့ မရနိုင်တဲ့ အရာကတော့ ‘စောဘဦးကြီး’နဲ့ သူ့ရဲ့ နိုင်ငံရေး၊ တော်လှန်ရေး ဖြတ်သန်းမှုပါ။

‘စောဘဦးကြီး’ဟာ ကရင်အမျိုးသား အစည်းအရုံး (KNU) ဖွဲ့စည်းတည်ထောင်စဉ်က ဦးဆောင်ပါဝင်ခဲ့သူတဦး ဖြစ်သလို KNU ဥက္ကဋ္အဖြစ်လည်း တာဝန်ယူခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း အစိုးရအဖွဲ့မှာလည်း ဝန်ကြီးတဦးအဖြစ် လုပ်ကိုင်ခဲ့ဖူးတယ်လို့ အကျဥ်းရေးသား လိုက်ရုံမျှနဲ့ပဲ များပြားလှတဲ့ ဖြတ်သန်းမှုများကို ထပ်မံဖော်ပြဖို့ မလိုတော့အောင် သူ့ရဲ့အရည်အချင်း၊ လုပ်ရည်ကိုင်ရည်တို့က ပေါ်လွင်နေပါတယ်။

ဒီဆောင်းပါးက သိသင့်သိထိုက်တဲ့ ‘စောဘဦးကြီး’အကြောင်းကို  ဖေါ်ပြလေ့ရှိကြသလို အတ္ထုပ္ပတ္တိဆန်ဆန် စီရီ ရေးသားခြင်းမျိုး သက်သက်လို့တော့ မဆိုနိုင်ပါဘူး။ ‘စောဘဦးကြီး’လို သမိုင်းတန်ဖိုး ကြီးမားလှသူတယောက်ကို သွေးချင်း ကရင်လူမျိုးများသာ တန်ဖိုးထားခဲ့ကြပြီး ကျန်သွေးချင်း ညီအကိုမောင်နှမများ၊ အထူးသဖြင့် လူများစု ဖြစ်တဲ့ ဗမာလူမျိုးတွေက တန်ဖိုးထားဖို့ မေ့လျော့ခဲ့ကြလေသလား၊ အလားတူစွာပဲ မြန်မာနိုင်ငံမှာရှိတဲ့ အခြား တိုင်းရင်းသားတို့ လေးစားတန်ဖိုးထားကြတဲ့ သူတို့ရဲ့ တော်လှန်ရေး ခေါင်းဆောင်ကြီးများကို ထပ်တူလေးစား တန်ဖိုးထားမှု မပြသနိုင်ခဲ့ခြင်းက အချင်းချင်းကြား ယုံကြည်မှု တည်ဆောက်ဖို့ ခက်ခဲစေခဲ့သလား၊ သွေးစည်းညီညွတ်ရေးအတွက် အဟန့်အတားတခု ဖြစ်စေခဲ့ပါသလား ဆိုတဲ့ ရှုထောင့်နဲ့လည်း စဉ်းစားလိုပါတယ်။

အများသိပြီးဖြစ်တဲ့ ‘စောဘဦးကြီး’အကြောင်း ထပ်အကျယ်မချဲ့လိုပေမယ့် ဒီနေ့ခေတ်ကာလမှာတောင် စံနမူနာပြုစရာ သူ့ရဲ့ ဥပဒေပညာရှင်တဦးဖြစ်ဖို့ ဖြတ်သန်းကြိုးစားခဲ့မှုကိုတော့ မပါမဖြစ် ထည့်သွင်းရေးသားလိုပါတယ်။ ဗြိတိန်နိုင်ငံရဲ့ ဥပဒေပညာ သင်ကြားရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာက အစဥ်အဆက် စံပြုကြရတာက အဆန်းတကြယ် မဟုတ်ပါဘူး။ ၁၈၄၆ ခုနှစ် ပါလီမန်စုံစမ်းစစ်ဆေးရေး ကော်မတီရဲ့ ဥပဒေပညာသင်ကြား အသက်မွေးဝမ်းကျောင်းပြုရေးနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှုများ ထောက်ခံတင်ပြခဲ့တဲ့နောက်၊ ဥပဒေပညာဌာနများမှာ ပြောင်းလဲမှုများ (အောက်စ်ဖို့ဒ် တက္ကသိုလ်-၁၈၇၁ ခုနှစ်၊ ကင်းဘရစ်တက္ကသိုလ်-၁၈၇၃ ခုနှစ်) ပြုလုပ်ခဲ့ပြီး ပြုပြင်တိုးတက်စေခဲ့ခြင်းက အုတ်မြစ်ကောင်းတခု ထပ်မံချပေးနိုင်ခဲ့ပါတယ်။

တက္ကသိုလ်တွေက ဥပဒေပညာဘွဲ့ရရုံ သက်သက်နဲ့ မလုံလောက်ပဲ ဘားကောင်စီရဲ့ အသိအမှတ်ပြု ရှေ့နေ ဖြစ်ဖို့အတွက် စာမေးပွဲများ၊ လေ့ကျင်သင်ကြားမှုများ ဖြတ်သန်းရပါတယ်။ ဗြိတိန် ဥပဒေပညာနယ်ပယ်မှာ အစဉ်အဆက် ဂုဏ်သိက္ခာကြီးမြင့်စွာနဲ့ ဝတ်လုံတော်ရ ရှေ့နေများ လေ့ကျင့်ပျိုးထောင်တဲ့ နာမည်ကြီး Inns of Court လေး ခုအနက် ‘စောဘဦးကြီး’ ကို ဥပဒေပညာရှင်အဖြစ် မွေးထုတ်ပေးခဲ့တဲ့ Middle Temple လည်း တခုအပါအဝင် ဖြစ် ပါတယ်။

၁၄ ရာစု အလယ်ပိုင်းခန့်ကတည်းက တည်ရှိနေပြီလို့ ယူဆကြတဲ့ Middle Temple ရဲ့ အစောဆုံး မှတ်တမ်းမှတ်ရာ အနေနဲ့ ၁၃၈၈ ခုနှစ် ရက်စွဲနဲ့ တွေ့ရှိထားရတဲ့အတွက် လွန်စွာသက်တမ်း ကြာရှည်ခဲ့ပြီကြောင်း သိနိုင်ပါတယ်။ ‘စောဘဦးကြီး’ဟာ ၁၉၂၆ ခုနှစ်မှာ ‘ကင်းဘရစ်’တက္ကသိုလ်က ဥပဒေဘွဲ့ရရှိခဲ့ပြီးနောက် Middle Temple မှာ ဆက်လက် လေ့ကျင့်သင်ကြားကာ ဗြိတိသျှအင်ပါယာတခုလုံးမှာ ‘Barrister ‘ဝတ်လုံတော်ရ ရှေ့နေတယောက် အဖြစ် လိုက်ပါဆောင်ရွက်ခွင့် ရရှိခဲ့တဲ့သူတဦးပါ။

သူ့လို အလားတူ Middle Templeထွက်တွေထဲက ထင်ရှားသူများစွာရှိတဲ့အနက် စင်ကာပူ ဝန်ကြီးချုပ်ဖြစ်ခဲ့သူ ‘လီကွမ်ယု’နဲ့ အာဇာနည်ကြီးများ လုပ်ကြံမှု အထူးခုံရုံးကို ဦးဆောင်သူ တရားလွှတ်တော်ချုပ် တရားသူကြီး ‘ဦးကျော်မြင့်’ (အိုင်စီအက်စ် ဦးတင်ထွဋ်၊ တရားဝန်ကြီးချုပ် ဦးမြင့်သိန်း၊ ပါမောက္ခချုပ် Dr.ထင်အောင်တို့နှင့် ညီအစ်ကိုတော် စပ်သူ)တို့နှစ်ဦးကို ကောက်နုတ်ပြရင်ပဲ သူ ရယူခဲ့တဲ့ ပညာအရည်အချင်းကို ခန့်မှန်းလို့ ရနိုင်ပါပြီ။

‘ဦးကျော်မြင့်’က Middle Temple မှာ ၁၉၂၁ ခုနှစ်က လေ့လာဆည်းပူးဖို့ ရောက်ရှိခဲ့လို့ ၆ နှစ်ခန့် စီနီယာကျနိုင်ပြီး ‘လီကွမ်ယု’တော့က ၁၉၄၆ခုနှစ်မှ ရောက်ရှိသူဖြစ်တဲ့အတွက် ‘စောဘဦးကြီး’ထက် နှစ်  ၂၀ လောက် ဂျူနီယာ ကျသူလို့ ပြောနိုင်ပါတယ်။ သုံးဦးလုံးကတော့ အရည်အချင်းမြင့်မားတဲ့ Barrister ဖြစ်ဖို့အတွက် ဂုဏ်အရှိန်အဝါ ကြီးမားတဲ့ Middle Temple မှာ လေ့ကျင့်သင်ကြားခဲ့သူတွေ ဖြစ်ပါတယ်။ 

အဲဒီကာလတဝိုက်က အတူရောက်၊ အတူ Barrister ဖြစ်ခဲ့ကြသူများ မဟုတ်ခဲ့ရင်တောင် ‘စောဘဦးကြီး’နဲ့ Middle Temple မှာ ဥပဒေပညာ ဆက်လက်ဆည်းပူးရင်း ဆုံဖြစ်နိုင်ခြေရှိမယ်လို့ ယူဆရတဲ့ ဥပဒေပညာရှင်များအကြောင်းကို  ရှာဖွေဖတ်ရှု ကြည့်တဲ့အခါ ‘John  Mervyn  Guthrie Griffith ’ ဆိုသူ ဗြိတိသျှ တရားသူကြီးတဦးကို တွေ့ရှိပါတယ်။ သူကတော့ ‘နျူရင်းဘတ်’ ခုံရုံးမှာ ဝတ်လုံတော်ရ ရှေ့နေတယောက်အဖြစ် ဗြိတိန်နိုင်ငံကို ကိုယ်စားပြုပြီး နာဇီများကို စွဲချက်တင် စစ်ဆေးခဲ့သူတဦးပါ။



‘စောဘဦးကြီး’ဟာ Middle Temple မှာ သင်ကြားနေစဉ်တုန်းကလည်း သာမန် ဝတ်လုံတော်ရ‌လောင်းမျှသာလို့ မဆိုနိုင်ပါဘူး။ သူ့ရဲ့မြေးဖြစ်သူ Paul Sztumpf မှတ်တမ်းတင်ထားချက်အရ ဒုတိယနှစ်မှာ ဝတ်လုံတော်ရ‌လောင်းများရဲ့ ခေါင်းဆောင်အဖြစ် ခန့်အပ်ခံရသူပါ။ Middle Temple လိုနေရာမှာ အင်္ဂလိပ်လူမျိုးများ အပါအဝင် နိုင်ငံတကာ ဝတ်လုံတော်ရ ရှေ့နေ‌လောင်း အကျော်အမော်များထဲကမှ ဒီလိုတာဝန်မျိုး ပေးအပ်ခံရတာကိုက သူ့ရဲ့ အရည်အချင်းကို ပိုလို့သိမြင်နိုင်ပါတယ်။ အထက်ဖော်ပြထားချက်များကို ကြည့်ရုံနဲ့တင် ‘စောဘဦးကြီး’ဟာ ကရင်လူမျိုးများအတွက်သာမက မြန်မာနိုင်ငံအတွက်လည်း ဂုဏ်ယူတန်ဖိုးထားရမယ့် ဥပဒေပညာရှင်တယောက် ဖြစ်ကြောင်း ထင်ရှားပါတယ်။

‘စောဘဦးကြီး’ရဲ့ ပညာထူးချွန်မှုတွေကို ရေးသားတဲ့အခါမှာ အဲဒီအချိန်က ဗြိတိသျှကိုလိုနီ ဖြစ်တဲ့အတွက် ဗြိတိသျှ ဥပဒေကို လေ့လာသင်ကြားရမယ်၊ကရင်လူမျိုးတွေအတွက် အမှုလိုက်ပေးဖို့ ရှေ့နေကောင်းလိုတယ် ဆိုပြီး အင်္ဂလန်ကို စေလွှတ်ပညာသင်စေခဲ့တဲ့ ဖခင်ဖြစ်သူရဲ့ အမြင်ကျယ်မှုကိုလည်း ဆက်စပ်ချီးကျူးသင့်တယ် ထင်ပါတယ်။

‘ချမ်းသာကြွယ်ဝတဲ့ လယ်ပိုင်ရှင်ကြီးတဦး ဖြစ်ပေမယ့် ‘စောဘဦးကြီး’ကို မိရိုးဖလာလုပ်ငန်းတွေကိုပဲ ဆက်ခံလုပ်ကိုင်စေဖို့ပဲ သူက စဉ်းစားမထားခဲ့ပါဘူး။ သူ ပိုင်ဆိုင်တဲ့ လယ်မြေဧက ထောင်ပေါင်းများစွာ ရှိတယ်လို့ မှတ်သားရပါတယ်။ နောက်ပိုင်း ‘စောဘဦးကြီး’ အမွေရလိုက်တာတွေကိုက လယ်မြေဧကပေါင်းများစွာရှိပြီး သူ့သမီးဖြစ်သူ ‘သယ်လ်မာကြီး’ (Thelma Gyi) ရှိစဉ် ပြောကြားချက်အရ ‘ဟိုင်းကြီးကျွန်း’လည်း အစက အမွေရတဲ့အထဲပါခဲ့ပြီး ‘စောဘဦးကြီး’ မရှိတော့တဲ့နောက် အသိမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

အင်္ဂလန်နိုင်ငံမှာ ၈ နှစ်ပတ်ဝန်းကျင် ပညာသင်ကြားခဲ့တဲ့ ‘စောဘဦးကြီး’ဟာ ၁၉၂၉ ခုနှစ် ဒီဇင်ဘာလမှာတော့ အင်္ဂလိပ်လူမျိုးဇနီး၊ သားဖြစ်သူ၊ သမီးဖြစ်သူတို့နဲ့အတူ မြန်မာပြည်ပြန်လာခဲ့ပြီး ဖခင်ဖြစ်စေချင်သလို ဝတ်လုံတော်ရရှေ့နေအဖြစ် လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ သူဟာ အသက် ၂၆ နှစ်ဝန်းကျင်သာ ရှိသေးလို့ ငယ်ရွယ်စဉ်ကတည်းက ထူးချွန်ထက်မြက် တန်ဖိုးရှိသူတယောက်အနေနဲ့ မှတ်တမ်းတင်ကြရပါလိမ့်မယ်။

ထိုခေတ် ထိုအချိန်ကသာမက ဒီနေ့ခေတ်ကာလအထိ Middle Templeထွက် နိုင်ငံတကာ အသိအမှတ်ပြု Barrister များအဖြစ် မြန်မာနိုင်ငံကို ပြန်လာပြီး ဥပဒေပညာရှင်အဖြစ် အသက်မွေးဝမ်းကျောင်းပြုခဲ့ကြသူ မြန်မာနိုင်ငံဖွား မြန်မာနိုင်ငံသားများဟာ သိပ်များများစားစား မရှိနိုင်ဘူးလို့ ယူဆရပါတယ်။ ဗြိတိသျှကိုလိုနီခေတ်မှာ Middle Templeလို Inns of Court လေးခုထဲပါတဲ့ အပြိုင်နေရာများမှ ဝတ်လုံတော်ရ ရှေ့နေဖြစ်ခဲ့တဲ့ ထင်ရှားသူများ ရှိခဲ့ပါတယ်။ တနေရာစီကနေ အချို့ကို ကောက်နုတ်ဖော်ပြရရင် ဒေါက်တာဘမော်(Gray’s Inn)၊တရားဝန်ကြီးချုပ် ဦး မြင့်သိန်း (Lincoln’s Inn )၊ ရှေ့နေချုပ် ဦးချန်ထွန်း(Inner Temple) တို့ ဖြစ်ပါတယ်။

ဉာဏ်ပညာ၊ ပစ္စည်းဥစ္စာ ပြည့်စုံကြွယ်သူတဦးက နိုင်ငံခြားသူတဦးနဲ့ အိမ်ထောင်ကျပြီး ချမ်းမြေ့တဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားရာကနေ ခေတ်ကပေးတဲ့ ဝန်ကိုထမ်းဖို့ ကြမ်းတမ်းခက်ခဲတဲ့ ကရင့်တော်လှန်ရေးသမားတယောက် ဘဝ ခံယူသွားခဲ့တာက စိတ်ဝင်စားစရာ၊ မှတ်သားစရာ များစွာရှိပါတယ်။ ဒီလို အထင်ကရ ထူးချွန်ထက်မြက်တဲ့ တိုင်းရင်းသား ခေါင်းဆောင်တယောက် အကြောင်းကို ဘက်စုံထောင့်စုံက စေ့ငုစွာ စနစ်တကျ လေ့လာနိုင်ကြရင် မျိုးဆက်သစ်များအတွက် အကျိုးများစွာရှိမှာ ဖြစ်သလို တိုင်းပြည်မှာ ဖြစ်ခဲ့တဲ့၊ ဖြစ်နေဆဲ ပဋိပက္ခများအတွက်လည်း သင်ခန်းစာယူစရာ၊ စူးစမ်းအဖြေရှာရာ ရောက်ပါလိမ့်မယ်။

‘ကရင့်အာဇာနည်နေ့’နဲ့ ဆက်စပ်ပြီး ‘စောဘဦးကြီး’အကြောင်း ထုတ်နုတ်စဉ်းစားမိတာ ဖြစ်ပေမယ့် မှတ်တမ်းတင် တန်ဖိုးထားအပ်တဲ့ အခြားတိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များစွာလည်း ကျန်ရှိနေသေးတာကို မမေ့လျော့စေချင်ပါဘူး။ သူတို့တတွေရဲ့အကြောင်း စနစ်တကျ လွတ်လပ်စွာ သမိုင်းမှတ်တမ်းပြုစုနိုင်ရေးက ပညာရေးနဲ့ သုတေသန နယ်ပယ်မှာ ကွက်လပ်တခုအဖြစ် ကျန်ရစ်နေဆဲ ဖြစ်ပါတယ်။

ကိုယ့်သွေးချင်းများထဲမှာပဲ လေ့လာသင်ယူသင့်တဲ့ စံနမူနာပြပုဂ္ဂိုလ် များစွာရှိပြီး ဒီလိုတန်ဖိုးထား ပြုမူခြင်းဟာ တိုင်းရင်းသားသွေးချင်းများကြား ချစ်ကြည်ရေး တံတားထိုးလိုက်ခြင်းလည်း ဖြစ်ပါတယ်။ ချုပ်ပြီးပြောရရင် တဦးကို တဦး၊ လူမျိုးတမျိုးနဲ့တမျိုး တန်ဖိုးမထားနိုင်သရွေ့၊ သူ တန်ဖိုးထားတဲ့အရာကို ကိုယ်ကလည်း စစ်မှန်စွာ တန်ဖိုးမထားတတ်သရွေ့ ကွဲပြားခြားနား ကွာဟချက်များ ဆက်လက် ရှိနေပါလိမ့်ဦးမယ်။

‘အာဇာနည်’တယောက်ရဲ့ ဂူဗိမာန်အဖြစ် ကျန်ရစ်မသွားစေဖို့အတွက် ရေထဲချ ဖျောက်ဖျက်ပစ်ခဲ့တဲ့ လုပ်ရပ်ဆိုးက ဖက်ဆစ်စစ်တပ်ရဲ့ လူမဆန်တဲ့ သန္ဓေဆိုးကို ပြသခဲ့တာပါ။ မကြာသေးမီ နှစ်များအထိ ‘စောဘဦးကြီး’ ရုပ်တုကို ‘ဘုရားသုံးဆူ’၊ ‘ဒူးပလာယာ’ခရိုင် တို့လိုနေရာများမှာ စိုက်ထူဖို့ ကြိုးစားကြမှုကို ခွင့်မပြုခဲ့ကြတာ၊ ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ် ‘ဘဲဂယက်’ကျေးရွာမှာ စိုက်ထူထားတဲ့ ကိုယ်တပိုင်း ကြေးရုပ်တုကို ဖြုတ်ချဖို့ ဖိအားပေးခဲ့တာတွေ ဆက်လက်ဖြစ်ခဲ့တာမျိုးတွေကို တားဆီးမပေးနိုင်ခဲ့ခြင်းများကလည်း သူ တန်ဖိုးထားတဲ့ အရာကို ကိုယ်ကလည်း တန်ဖိုးထားတတ်ကြောင်း ပြသနိုင်ဖို့ အခွင့်အရေး လက်လွှတ်ဆုံးရှုံးခဲ့ရတယ်လို့သာ ဆိုချင်ပါ တယ်။ 

နွေဦးတော်လှန်ရေးကို အတွေးအခေါ် တော်လှန်ရေးလို့လည်း ပြောဆိုနေကြတာကိုလည်း သတိထားမိကြပါလိမ့်မယ်။ လူဖြူ လူမည်း တန်းတူမှုရှိရေးကို နိုင်ငံတကာက လက်ခံလာကြတဲ့ ခေတ်ကာလမှာ ‘ကရင် တကျပ် ဗမာ တကျပ်’ ကြွေးကြော်သံကို အဆန်းတကြယ် ဖြစ်နေလို့ မရနိုင်တော့ပါဘူး။ ကျန်တိုင်းရင်းသား သွေးချင်း‌မောင်နှမများနဲ့လည်း ဒီလိုပဲ တန်းတူညီမျှရေး ရှိရမယ်လို့ ခံယူကြရမှာ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးလွန် ကာလများမှာတော့ တောင်တန်းနဲ့ မြေပြန့်၊ ကျေးလက်နဲ့ မြို့ပြ ကွာဟချက်တွေ ကျဥ်းသထက် ကျဥ်းအောင် အမြင်ကျယ်ကျယ်နဲ့ အားကြိုးမာန်တက် ဆောင်ရွက်လိုသူများ ဒုနဲ့ဒေး ထွက်ပေါ်‌လာကြမှာက မြေကြီးလက်ခတ်မလွဲပါပဲ။

နွေဦးတော်လှန်ရေးကို ပြန်ကြည့်ရင် အဆိုးထဲက အကောင်းအနေနဲ့ တိုင်းရင်းသား မောင်နှမများကြား နားလည်မှု တန်ဖိုးထားမှု ပိုများလာကြတယ်လို့ ယုံကြည်မိပါတယ်။ ဒီပြောင်းလဲတိုးတက်မှုတွေပေါ် အရင်းခံပြီး ‘စောဘဦးကြီး’လို တိုင်းရင်းသားခေါင်းဆောင်ကြီးများကို လွတ်လွတ်လပ်လပ် တန်ဖိုးထား လေးစားဂုဏ်ပြုနိုင်ဖို့ ဆက်လက်ကြိုးစား အားထုတ်ကြရပါလိမ့်မယ်။

ဒီလိုအခွင့်အလမ်းများကလည်း မိမိသာလျှင် နိုင်ငံတော်ဖြစ်တယ်၊ မိမိအင်စတီကျူးရှင်းကသာ တရားဥပဒေရဲ့ အထက်မှာရှိပြီး တရားလက်လွတ် လုပ်ချင်သလို လုပ်ပိုင်ခွင့်ရှိတယ်လို့ ခံယူထားတဲ့ ဖက်ဆစ် စစ်တပ်လက်အောက်မှာ ဘယ်နည်းနဲ့မှ ရရှိနိုင်မှာ မဟုတ်မှန်းကိုလည်း အားလုံး သဘောတူ လက်ခံထားကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar