Breaking News

ရဲဘော်တေး - ဖင်တေ့ခံရတဲ့ ခြင်္သေ့


ရဲဘော်တေး - ဖင်တေ့ခံရတဲ့ ခြင်္သေ့

(မိုးမခ) စက်တင်ဘာ ၁၇ ၊ ၂၀၂၃


Discovery channel မှာ ခြင်္သေ့ကို ကျွဲတွေက ပြန်တွယ်လိုက်တဲ့ဟာတွေ ခဏခဏကြည့်ရတယ်။ အဲဒါလေးမြင်တော့ အခု စကစတပ်တွေကို ERO တွေက အသားကုန်ကျွေးနေတာ မြင်ရသလိုပဲ။ တချိန်လုံး တလျှောက်လုံး ERO တွေကို သူတို့ တိုက်ချင်တဲ့အချိန် သွားတိုက်၊ စကားပြောရင် အပေါ်စီးက ပြော၊ ဖင်ခေါင်းကျယ်ချင်တိုင်း ကျယ်လာတာပေါ့လေ။ ငါတို့ ဘယ်ချိန်တိုက်တိုက် ရပါတယ်ဆိုတဲ့ အထာနဲ့ပေါ့။ 

အခု အဲဒီကျွဲအကောင်ကြီးတွေက ချိုနဲ့ ကလော်ထိုးထည့်လိုက်တာလေ။ အိုး..ခြင်္သေ့ဗိုက် ဟိုဘက်ဒီဘက် ပေါက်ထွက်သွားပြီးတော့ ဂန့်တာပဲ။ အဲတော့ ပြန်ချတော့လည်း ဘာမှမဟုတ်ဘူး ခံရတာနော်။ နဂိုကတော့ ဟာ.. တောသုံးတောင် အစိုးရတဲ့ ခြင်္သေ့ ဘာညာနဲ့ အရှိန်နဲ့ဖိန့်တာကိုး။ ငါက အမြဲတမ်းနိုင်နေတဲ့ကောင်ပဲအထာနဲ့၊ မင်းတို့ကောင်တွေ ငါသတ်စားချင်တဲ့အချိန် စားလို့ရတယ်ဆိုတဲ့အထာနဲ့။ ဟာ ကျွဲက သူ့ချိုလည်း တကယ်ပြန်သုံးလိုက်တော့ ကားတော့တာပဲ။ အဲဒီဟာ‌တွေ ကြည့်ရတဲ့အခါကျတော့ အခု ERO တွေက စပရှယ် ကလော်ကျွေးလိုက်တဲ့ဟာနဲ့ အတူတူပဲလို့ ပြောချင်လို့။ ဒါတောင် ကျွဲအုပ်ပြန်ဝိုင်းလိုက်ပြီဆို ခြင်္သေ့အုပ်ပါ ပြေးရတာနော်။ တကောင်ထဲလောက်တော့ ကော့သွားမယ်မှတ်။ 

နောက်တမျိုးက တောခွေးတွေလား၊ မြေခွေေးတွေလား မသိဘူး အုပ်လိုက်နေကြတယ်လေ။ အဲဒီကောင်တွေကို ခြသေ့်က ဝင်ဆွဲလိုက်တယ်ပေါ့လေ။ ကိုက်မယ်၊ စားမယ်ဆိုပြီး လုပ်တာပေါ့။ ဟိုကောင်တွေက မထုံတတ်တေးတွေနဲ့ အကုန်ရောက်လာတယ်။ အမြီးတစ်ကောင်က ဝင်ဆွဲလိုက်၊ နှာသီးဖျား တစ်ကောင်က ဝင်ကိုက်လိုက်နဲ့ ဘေးကနေလာတဲ့ကောင်က နားရက်ကိုက်သွားလိုက်၊ နောက်ကလာတဲ့ကောင်က ဖနောင့်ဆွဲလိုက်၊ ခါးကောက်ကွေးဆွဲလိုက်၊ ပေါင်တုတ်တုတ်ကလေး အုပ်လိုက်။ ဘေးကနေ ဗိုက်ဝင်ကိုက်လိုကိုက်၊ ရှေ့တည့်တည့်ကနေ ဝင်လာပြီး နှုတ်သီးတောင် ဝင်ကိုက်တဲ့ကောင်က ရှိသေး။ ဟိုကောင်က ဟိုလိုကိုက်လိုက်၊ ဒီကောင်က ဒီလိုကိုက်လိုက်။ ပတ်ချာလည်ကိုက်နေတာ၊ ခြင်္သေ့ခမျာ ဘာလုပ်လို့ လုပ်ရမှန်းကို မသိတော့တာ။

ဟာ ခြင်္သေ့မှာ ပျာယာခတ်လို့၊ နောက်ကိုက်လို့ နောက်လှည့်ကြည့်လိုက်တာနဲ့ ဘေးကကောင်က ဆွဲပြီးနေပြီ။ အဲဘေးဘက် ပြန်လှည့်မယ်လုပ်လိုက်တော့ ရှေ့က ဝင်အောင်းပြန်ရော။ တပြိုင်တည်း လဥဝင်ခဲတဲ့ကောင်ပါရှိ။ နောက်လှည့်ကြည့်ရင် ရှေ့ကသုတ်။ ကြုံတဲ့ကောင်က တွေ့သလို လုပ်တာကိုး။ ဟိုတစ်ကောင်က ဟိုလိုကြိတ်လိုက်၊ ဒီတကောင်က ဒီလိုကြိတ်လိုက်နဲ့၊ ကြာတော့ ခြင်္သေ့က ထွက်ပြေးရတာ။ မပြေးလည်း‌ သေမှာ။ သူ့ကို ဟိုကဆွဲ ဒီကဆွဲနဲ့ ဟိုကောင်တွေက ထင်သလိုလုပ်နေကြတာ။ ခြင်္သေ့အုပ်လိုက်ဖြစ်လဲ ဖြဲတာဘဲ။

အဲဒါ ပီဒက်တွေ ကြိတ်တာနဲ့ တထပ်တည်းပဲလေ။ တပ်ထဲကို လက်နက်ကြီးစမ်း။ ထွက်လာတော့ မိုင်းဆွဲလိုက်။ ချောင်းပစ်လိုက်။ စနိုက်ပါကျွေး။ မျိုးစုံပလေးနေကြတာ။ ကိုယ့်ရွာနားလာ ကိုယ့်မသာ။ စစ်သားက တတိတိနဲ့ ရှိရှိသေးလားတောင် မသိ။ အသုဘရေစက်ချဖြင့် ဘုန်းကြီးတောင် ချပေးစရာ မလိုလောက်တော့။

ကြည့်ရတာတော့ ရယ်ရတယ်။ ကျားတွေကို မျောက်က နားပန် ဆင်းဆင်းကြိတ်ပြီးတော့ အပင်ပေါ် တက်ပြေးတာ။ နားပန်ဆင်းရိုက်လိုက်၊ အပင်ပေါ် တက်ပြေးလိုက်။ အဲလိုပဲ ဒီကျားက ဒီမျောက်ကို စားချင်လို့ တက်လိုက်တာ ဟိုကောင်က ဟိုခုန်ကူး၊ ဒီခုန်ကူးနဲ့ ကြာတော့ ကျားကြီးက လျှောပြီး အပင်အောက်လိမ့်ကျရော။ အောက်လိမ့်ကျတော့ မျောက်က ဒီတိုင်းမထားသေးဘူး။ အဲကျားကို ဆင်းပြီးတော့ နားပန်ကို သွားချလိုက်သေးတယ်။ တွဲလောင်းခိုရင်း နားပန်ချတယ်။ ကျားတွေလည်း ဒေါသတွေ တတောက်တောက်ကျနေရောဘဲ။

ဘာနဲ့တူတုန်းဆိုတော့ Federal wings drone နဲ့ ကစ်သလိုပေါ့။ ဒရုန်းနဲ့ သွားချလိုက်၊ ဆွပြေးလိုက်၊ ဒရုန်းနဲ့ နားပန်သွားသွားကျင်းတာလေ။ ခံပြင်းပြီးတော့ ဒီကောင် အပေါ်မှာ လှမ်းဆွဲလိုက်၊ အဲအခါ ခုန်တက်ပြေးလိုက်။ ပြီးရင် ဝေါဆို နွယ်ကြိုးကနေ ဆင်းလာပြီး နားပန်ချထည့်လိုက်၊ တခါတခါ အမြီးတောင် ကောက်ဆွဲလိုက်သေး။  အမယ်လေး ဒီကောင်တွေ တောသုံး‌တောင် အစိုးရတွေကို အမျိုးမျိုးချတာနော်။ ချတာမှ ဆီမစွတ်ဘဲ ချတာဗျ။

အဲဒါတွေ လျှောက်ကြည့်ရင်းနဲ့ ပုံလေးတစ်ပုံ တွေ့တယ်။ ပုံကဘာလဲဆိုတော့ လူတစ်ယောက်ကကွာ၊ ဆရာကြီးပေါ့ကွာ အုပ်ချုပ်သူကြီးပေါ့။ အဲဒီလူက ချောက်တဘက်က အခြမ်းမှာရှိတဲ့ ပျဉ်ပြားပေါ်မှာ ရပ်နေတယ်။ တဘက်က ပျဉ်ပြားပေါ်မှာ လူအုပ်ကြီးပေါ့။ ဒီကောင်က ကြာပွတ်ကြီးကိုင်ပြီး အမိန့်ပေးနေတာပေါ့။ ဆရာကြီးပေါ့ကွာ အဲဒီကောင်က။ အဲမှာ ပျဉ်ပြားပေါ်ရပ်နေတဲ့ လူအုပ်ကြီးထဲ တစ်ယောက်က စပြီးတော့ ထွက်သွားတာ။ တစ်ယောက်က စထွက်သွားတော့ တစ်ယောက်ပြီးတစ်ယောက် ထပ်ထွက်သွားလိုက်ကြတော့တာပေါ့။ လူတွေ တအားလျော့လာတော့ ဒီကောင် သွေးပျက်ပြီ။ ဘာလို့ဆိုတော့ ပျဉ်ပြားထောင်ပြီး သူ ချောက်ထဲ ကျတော့မယ်လေ။

အေး အဲဒီပုံမြင်တော့ ဘာရယ်မဟုတ်ပါဘူး စဉ်းစားမိတာပေါ့နော်။ နဂိုကတော့ ဒါ အာဏာရှင်တွေကို ပြောတာပေါ့။ ဒါပေမဲ့ ဒီရက်ပိုင်းမှာ ဘာကို သွားစဉ်းစားမိလဲဆိုတော့ ကာဝန်က ဒုအတွင်းဝန် ဦးမောင်မောင်ဆွေ ဗိုလ်နဂါးနဲ့ပတ်သက်ပြီးတော့ အင်တာဗျူးလုပ်တဲ့အခါမှာ သူပြောတဲ့ စကားတစ်ခွန်းပါတယ်။ အဲဒါဘာလဲဆိုတော့ မြန်မာနိုင်ငံကမှ စစ်ကိုင်းတိုင်းပေါ့လေ၊ စစ်ကိုင်းတိုင်းထဲမှာမှ ယင်းမာပင်ခရိုင်ပေါ့၊ ယင်းမာပင်ခရိုင်မှာမှ ပုလဲမြို့နယ်ပေါ့။ ဗိုလ်နဂါး ဆိုတာ ပုလဲမြို့နယ်က အဖွဲ့လေးတစ်ဖွဲ့ပါပေါ့။ သူက အဲဒီလိုပြောတယ်။ အဲဒါကို သံယောင်လိုက်ပြီးတော့ ပန်ဆယ်လိုကလည်း စစ်ကိုင်းတိုင်းပေါ့၊ စစ်ကိုင်းတိုင်းထဲက ယင်းမာပင်ပေါ့၊ ယင်းမာပင်နယ်ကမှ ပုလဲပေါ့။ ပုလဲကမှ (၁၅) ရွာလောက်ပါလို့ ရေးတာပေါ့။ 

ဒါတွေက ကြည့်ရင်တော့ ဟုတ်သလိုလိုပဲ။ ဒါပေမဲ့လို့ တော်လှန်ရေးသမားတစ်ယောက်ကို သူနေနေတဲ့ နယ်မြေလေးနဲ့ နှိုင်းရမှာ မဟုတ်ဘူးလေ။ အဲဒါမျိုးလေး ဘောင်ခတ်ပြရမှာ မဟုတ်ဘူးလေ။ ဒီလူ့ကို နှိပ်ကွပ်ချင်တာပေါ့နော်။ ချိုးနှိမ်ချင်တာနဲ့ ပြောကြတာပေါ့။ တော်လှန်ရေးသမားကို အဲလို သဘောထားရမှာ မဟုတ်ဘူးလေ။ အထူးသဖြင့် နုဂျီရဲ့ ကာဝန်ဌာနက မြေပြင်မှာ တော်လှန်နေတဲ့ရဲဘော်ကို အဲဒီလို ပုံဖော်ရမှာမဟုတ်ဘူးလေ။ ဒီလိုဆိုရင် အဲဒါကို နားထောင်ရတဲ့သူတွေ၊ ဖတ်ရတဲ့ တကယ့်မြေပြင်မှာ လက်နက်ကိုင်တော်လှန်နေတဲ့ရဲဘော်တွေက ဘယ်လိုခံစားရမလဲ။ ဟာ… ဗိုလ်နဂါးကို ဒီလိုပြောတယ်ဆိုရင် ငါတို့လည်း ဒီလိုပဲ သဘောထားမှာ နေမှာပါ။ ဒါ သူတို့က လုံးဝတွေးမိမှာနော်။ လုံးဝ ခံစားမိမယ်။ ပြောတာကတော့ ဗိုလ်နဂါးကို ပြောတာပဲ။ ဒါပေမဲ့ မြေပြင်မှာ တော်လှန်နေတဲ့ရဲဘော်အားလုံးကို ပြောလိုက်သလိုပါပဲ။ သဘောထားကိုက မဟန်တာလေ။

နောက်ထပ်တစ်ခုက‌ ဘာလဲဆိုတော့ အဲဒီလို နဂါးကို သူတို့ချိုးနှိမ်ပြီးတော့ ပြောတဲ့ဟာက မြေပြင်ရဲဘော်လောက်နဲ့ မပြီးသေးဘူး။ ERO တွေကလည်း စောင့်ကြည့်နေတာလေ။ မြန်မာတွေရဲ့သဘောထား တစ်နည်း NUG ရဲ့ သဘောထားကို စောင့်ကြည့်နေမယ်။ ဟာ မင်းတို့က ဘယ်လိုလဲ။ မြေပြင်မှာ အသက်ပေးတိုက်နေတဲ့ ဗမာတွေအပေါ်တောင် သူတို့ဒီလိုသဘောထားတယ်ဆိုရင် ငါတို့အပေါ်ထားတဲ့ သဘောထားကရောဆိုပြီး မတွေးနိုင်ဘူးလား။ ငါတို့အပေါ် လဲ ဒီလိုပဲ သဘောထားမှာ နေမှာပေါ့။ မြန်မာပြည်ကြီးမှာမှ သူတို့က နယ်တစ်နယ်ပါပဲ။ လူမျိုးများစွာထဲကမှ လူမျိုးတမျိုးပါပဲ။ လက်နက်ကိုင်အဖွဲ့အများကြီးထဲက တဖွဲ့ပါပဲ။ ဘာမှ မဟုတ်ပါဘူး။ ဒီလောက်ပါပဲ။ ဒီလိုတွေးမှာပေါ့ သူတို့ကလည်း။ 

ဒါဆိုရင် ခုနပုံကို ကိုယ်က စဉ်းစားမိသွားတော့ လန့်တောင်သွားတယ်။ အဲဒီလို တစ်‌ယောက်ချင်းများ ဆုတ်သွားကြမှာလား၊ စွန့်သွားကြမှာလားပေါ့။ အဲဒါဆိုရင်ကတော့ လစ်ပြီနော်။ အေး ဒီလိုအပြောအဆိုတွေကလည်း သတိထားဖို့ကောင်းတယ်။ တော်လှန်ရေးတခုလုံးကို ထိခိုက်စေမယ့်အရာတွေ။

MOD သည် လက်နက်ကိုင် တော်လှန်နေသော ရဲဘော်အားလုံးကို သူ့ရဲ့ ရဲဘော်ရဲဘက်အဖြစ်ပဲ သဘောထား ဆက်ဆံရမယ်၊ သဘောထားနိုင်ရမယ်။ လေသံတွေက တအားကြီးကို မဖုံးနိုင်မကွယ်နိုင် ဖြစ်လာတာတွေ သိပ်မကောင်းဘူးပေါ့နော်။





Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar