မြန်မာပြည်တွင်းက လူထုတွေ ရင်ဆိုင်နေကြရတဲ့ စိန်ခေါ်မှုတွေ
မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၁၆ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၁၇၊ ၂၀၂၃
မြန်မာပြည်တွင်းက လူထုတွေ ရင်ဆိုင်နေကြရတဲ့ စိန်ခေါ်မှုတွေ
စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လုပ်ဆောင်ကြသည့် နိုင်ငံရေး သမားများ၊ တက်ကြွလှုပ်ရှားသူ၊ အရပ်ဘက် အဖွဲ့အစည်းများမှ ထင်ရှားသူ၊ စစ်တပ်ကို ဝေဖန်ပြောဆိုလေ့ရှိသူ၊ သတင်းဌာနများမှ ဦးဆောင်သူ၊ သတင်းသမား အစရှိတဲ့ လူရာထောင်ချီပြီး တိုင်းရင်းသား လက်နက်ကိုင် ထိန်းချုပ်နယ်မြေများ၊ ထိုမှတဆင့် ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံနဲ့ တတိယနိုင်ငံဟု ခေါ်ဆိုကြသည့် အနောက်နိုင်ငံနှင့် သြစတြေးလျ အမေရိကန် အစရှိသည့်နိုင်ငံများသို့ ပြောင်းရွှေ့ သွားသူတွေ ထိုင်းနိုင်ငံ မဲဆောက်၊ ချင်းမိုင်တို့တွင် နေထိုင်ကာ အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှု၊ စစ်အာဏာရှင် ပြုတ်ကျရေး လှုပ်ရှားမှုတို့တွင် ပါဝင်လုပ်ကိုင်နေသူတွေ စသဖြင့် လူထောင်သောင်းချီ နိုင်ငံကို စွန့်ခွာသွားကြရပြီ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ နိုင်ငံရေးနဲ့ ဆက်နွှယ်ပြီး တိမ်းရှောင်လာတဲ့ မြန်မာနိုင်ငံသား သောင်းဂဏန်း သို့မဟုတ် သိန်းဂဏန်းအနည်းငယ်မျှအထိ ရှိနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်နယ်မြေထဲ နေထိုင်နေကြသူ ထောင်ဂဏန်းမျှရှိနိုင်တယ်လို့ ခန့်မှန်းရပါတယ်။
နယ်စပ်တွေမှာ အိမ်နီးချင်းနိုင်ငံတွေမှာ ထွက်ပြေးတိမ်းရှောင်နေထိုင်ရသူတွေ သောင်းဂဏန်းကနေ သိန်းဂဏန်း အထိရှိနိုင်ပြီး ကျန်လူဦးရေ သန်း ၅၀ ကျော်ကတော့ ပြည်တွင်းမှာ စစ်ကောင်စီကို ထောက်ခံသူတွေ၊ ကြံ့ခိုင်ရေး ပါတီကို ထောက်ခံသူတွေ၊ အစွန်းရောက်တဲ့ အမျိုး၊ ဘာသာ၊ သာသနာ အယူအဆရှိသူတွေ နဲ့ စစ်ကောင်စီအုပ်ချုပ်ရေး ယန္တရား၊ လက်နက်ကိုင် အဖွဲ့တွေက တပ်ဖွဲ့ဝင်တွေ စတဲ့ သူတွေနဲ့ မနေချင်သော်လည်း ယှဥ်တွဲနေထိုင်နေကြရတာ ဖြစ်ပါတယ်။
ပြည်တွင်းမှာ နေထိုင်နေကြသူတွေကို ၄င်းတို့နဲ့ ဆက်စပ်တဲ့ အသိုင်းအဝိုင်းကသူတွေ၊ ရင်းနှီးသူတွေ၊ လုပ်ဖေါ်ကိုင်ဘက်တွေက ဘာကြောင့် ဒီလောက် အန္တရာယ်များတဲ့ စစ်အစိုးရ အောက်၊ ဖမ်းဆီး နှိပ်စက်ခံရနိုင်တဲ့ အခြေအနေ၊ ရာဇဝတ်မှုတွေ ပေါများတဲ့နေရာမှာ ဘာကြောင့် ဆက်လက်နေထိုင် နေကြတာလဲ ဆိုတဲ့ မေးခွန်းမျိုးထုတ်ကြတာလည်း ရှိပါတယ်။
နိုင်ငံကနေ စွန့်ခွာဖို့ ဆုံးဖြတ်ကြတဲ့ ဆုံးဖြတ်ချက်ဟာ အချို့သူတွေအတွက် မြန်ဆန် လွယ်ကူမှုရှိကောင်းရှိ နိုင်ပေမယ့် အချို့သူတွေအဖို့တော့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တရပ်သဖွယ်ဖြစ်ပြီး အသက်ရှင်နေသရွေ့ ရပ်တည်ချက်ကို မပြောင်းလဲဘဲ ဒီနိုင်ငံ ပြောင်းလဲလာဖို့ မျှော်လင့်ချက်၊ ပြောင်းလဲဖို့ ထောင့်တထောင့်ကနေ လုပ်ဆောင်မယ်၊ အားပေးကူညီမယ်ဆိုတာမျိုးနဲ့ အသက်ရှင်နေထိုင်မယ်ဆိုတဲ့ သူတွေလည်း လောကမှာ အများအပြားရှိနေတဲ့ သဘောမျိုးဖြစ်ပါတယ်။
မိသားစု အသိုင်းအဝိုင်းကို စွန့်ခွာဖို့ ခက်ခဲတာ၊ အသက်အရွယ်ကြီးနေပြီဖြစ်တဲ့ မိဘတွေကို ခွဲထားခဲ့ဖို့ ခက်ခဲတာ၊ သို့မဟုတ် ပြည်ပကို တိမ်းရှောင်ခြင်းက မိမိလွတ်မြောက်ရာ ရှာသွားတယ်ဆိုတဲ့ ခံစားချက်ကြောင့် လိပ်ပြာမသန့်တာ စတဲ့အကြောင်းအမျိုးမျိုး ရှိကြမှာဖြစ်ပါတယ်။ အချို့သော အနုပညာသည်တွေအနေနဲ့လည်း အနုပညာအလုပ် လုပ်ဆောင်နိုင်ဖို့ရာ ဒီနိုင်ငံထဲမှာ နေထိုင်ပြီး ဒီအသိုင်းအဝိုင်းမှာ ပျော်မွေ့ရှင်သန်ချင်တဲ့ ခံစားချက်ကြောင့် ပြည်တွင်းမှာ ဆက်လက်နေထိုင်ဖို့ ဆုံးဖြတ်ချက် ချထားကြတဲ့ သဘောဖြစ်ပါတယ်။
ဒီလို ပြည်တွင်းမှာ နေထိုင်နေကြသူ အများစုအနေနဲ့ တိုင်းပြည်မှာ ဘာဖြစ်နေသလဲဆိုတာ ပြည်ပက သူတွေထက် ပိုမိုသိရှိကြပါတယ်။ ပြည်တွင်းမှာ နေ့စဥ် ရှင်သန်နေထိုင်ရတဲ့ ဘဝတွေက မလုံခြုံမှု၊ တရားဥပဒေမဲ့ ဖမ်းဆီးမှု၊ သတ်ဖြတ်မှု၊ ပစ်ခတ်သတ်ဖြတ်မှုတွေ၊ လုယက်သတ်ဖြတ်မှုတွေနဲ့ တဖက်မှာ အရှိန်အဟုန်နဲ့ မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းတွေရဲ့ အကြားမှာ ရှင်သန်နေထိုင်ကြရတဲ့ အနေအထားက အာဏာကို မတရားရယူထားသူ နဲ့ စစ်အာဏာရှင်တွေနဲ့ ပေါင်းပြီးချမ်းသာကြွယ်ဝနေတဲ့ လက်တဆုပ်စာ လူနည်းစုကလွဲရင် လူများစုရဲ့ ဘဝတွေက ခက်ခဲျပ်တည်းကြတာ အမှန်ပဲ ဖြစ်ပါတယ်။
ပြည်တွင်းမှာ ဒီလို နေ့စဥ်ဘဝတွေထဲ နေထိုင်ကြသူတွေ အနေနဲ့ စစ်အာဏာရှင်ကို ကြိုက်နှစ်သက်လို့လည်းမဟုတ်၊ ထောက်ခံလို့လည်းမဟုတ်ဘဲ ကိုယ့်အသိုင်းအဝိုင်း၊ မိသားစု၊ မိတ်ဆွေသင်္ဂဟ စတဲ့ ပတ်ဝန်းကျင်ကို မစွန့်နိုင်တာ၊ စွန့်ဖို့ စိတ်ကူးမရှိတာကြောင့်လည်း စိန်ခေါ်မှု များပြားတဲ့ ပတ်ဝန်းကျင်မှာ ဆက်လက်ရှင်သန်နေကြရတဲ့သဘော ဖြစ်ပါတယ်။ ဒီလိုအနေအထားအောက်မှာ နေထိုင်နေရသူတွေ အနေနဲ့ စိတ်ရဲ့ ထွက်ပေါက်အဖြစ် ရင်းနှီးတဲ့သူတွေအချင်းချင်း တွေ့ဆုံစားသောက် စကားဝိုင်းဖွဲ့ကြတာ၊ အနုပညာအသိုင်းအဝိုင်းဖြစ်တဲ့ ပန်းချီ၊ ဂီတ၊ စာပေ အသိုင်းအဝိုင်းမှာလည်း ပြပွဲလိုမျိုး၊ စာအုပ်ထုတ်ဝေတဲ့ အခမ်းအနားစတဲ့ ပွဲမျိုးတွေနဲ့ ကိုယ့်အသိုင်းအဝိုင်းထဲမှာ အချင်းချင်း အားပေးမှု၊ ရိုင်းပင်းမှု၊ နွေးထွေးမှုကို ဖလှယ်ကြတဲ့ သဘောလည်း ဖြစ်ပါတယ်။ ဒီနေရာမှာ အာဏာသိမ်း စစ်တပ်နဲ့ မထိစပ်ဖို့၊ စစ်အာဏာရှင်တွေကို နိုင်ငံရေးအရ အားပေးအားမြှောက်ပြုတာ မဖြစ်ဖို့သာ အရေးကြီးတာဖြစ်ပါတယ်။ အခုလို ကိုယ့်အသိုင်းအဝိုင်းထဲမှာ တွေ့ဆုံကြ၊ ပြောဆိုကြ အားပေးကြတာကို ပြည်ပက အသိုင်းအဝိုင်းတွေအနေနဲ့ ပြည်တွင်းကသူတွေ စစ်အာဏာရှင် အုပ်ချုပ်မှုအောက်မှာ ပုံမှန်ဘဝရောက်နေတယ်လို့ အဓိပ္ပါယ် မကောက်ယူမိဖို့လည်း အရေးကြီးပါတယ်။ ကျရောက်နိုင်တဲ့ အန္တရာယ်အမျိုးမျိုးကြားမှာ စစ်အာဏာရှင်စနစ်ကို ထောက်ခံခြင်း ပူးပေါင်းခြင်းမပြုဘဲ ရှင်သန်နေထိုင်ဖို့ အင်အားပိုလိုအပ်တာ အမှန်ပဲ ဖြစ်ပါတယ်။ ဒီအင်အားတွေကို ပြည်သူတွေ၊ လွတ်လပ်တဲ့ အနုပညာသည်တွေ၊ စာပေသမားတွေ၊ အချင်းချင်းအကြား ထိတွေ့မှု၊ ခံစားချက်ချင်း ဖလှယ်မှု စိတ်အားဖြင့် ရုပ်ဝတ္ထုအားဖြင့် အားပေးကူညီမှုတွေ လုပ်ဆောင်ကြခြင်းအားဖြင့် ရင်ဆိုင်ကျော်ဖြတ်ဖို့ ခွန်အားတွေ ရလာကြမယ့် သဘောလည်း ဖြစ်ပါတယ်။
တိုင်းပြည်ပြင်ပ ရောက်နေသူတွေ အနေနဲ့ ပြည်တွင်းက မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ရပ်တည်ချက် မပြောင်းလဲတဲ့ နိုင်ငံရေးသမားတွေ၊ အမြင်ချင်း ထပ်တူ မဟုတ်သည့်တိုင် သူယုံကြည်ရာ အယူအဆကို ခိုင်ခိုင်မြဲမြဲဆုပ်ကိုင်ပြီး ကိုယ်ကျိုးအတွက် နာမည်နဲ့ သိက္ခာကို ရောင်းချခြင်း မပြုသူတွေကို နားလည် အားပေးဖို့ အရေးကြီးပါတယ်။ နိုင်ငံရဲ့ စနစ် အပြောင်းအလဲ၊ စစ်အာဏာရှင်စနစ်၊ အရပ်သားအာဏာရှင်စနစ်၊ စစ်ဘုရင် စနစ် စတဲ့ အာဏာရနိုင်ငံရဲ့ စနစ်အပြောင်းအလဲ၊ စစ်အာဏာရှင်စနစ်၊ အရပ်သားအာဏာရှင်စနစ်၊ စစ်ဘုရင် စနစ် စတဲ့ အာဏာရှင်စနစ်တွေကို တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးမှာ ပြည်တွင်းက အင်အားစုတွေအနေနဲ့ အဓိကကျတဲ့ နေရာမှာ ရှိနေတယ်ဆိုတဲ့ အချက်ကိုလည်း သတိမမေ့ဖို့ အရေးကြီးပြီး ပြည်တွင်းသူတွေရဲ့ ခံစားချက်နဲ့ ရှင်သန်မှု နည်းလမ်းတွေကိုလည်း နားလည်အောင် ကြည့်ဖို့၊ မြင်ဖို့ အရေးကြီးတာလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar