Breaking News

ကျော်မင်းထွန်း(NEW YORK) - ဝေးကွာခြင်းက သူငယ်ချင်းတွေကြားမှာ


ဝေးကွာခြင်းက
သူငယ်ချင်းတွေကြားမှာ ...

ကျော်မင်းထွန်း(NEW YORK)
(မိုးမခ) စက်တင်ဘာ ၁၇၊ ၂၀၂၃

အိပ်မက်ကြီးကြီးတခုကို
သဲသဲမဲမဲ ကျောပိုးအိတ်ထဲထည့်ပြီး
စွန့်စွန့်စားစား မင်းထွက်သွားတယ်။

တိမ်းစောင်းနေတဲ့ ခေတ်ကြီးကိုပြန်တည့်ဖို့
ကန္တာရအလယ်မှာ အိုအေစစ်လေးတွေ့လိုတွေ့ငြား
မင်းထွက်သွားတယ်။

ငါတို့ဟာ… လမ်းမီးတိုင်အောက်
ညလုံးပေါက် ဂစ်တာတီးမယ်၊
နှလုံးသားနုနုကို အမှတ်သည်းခြေမရှိတဲ့
အချစ်နဲ့တို့ပြီး မြည်းကြည့်မယ်၊
အင်တာနက်ဆိုင်မှာ ဂိမ်းဆော့မယ်၊
ဆံပင်ရှည်ထားမယ်၊ ဘားသွားမယ်၊
ဘားမှာဆိုတဲ့ သီချင်းတွေကို
ဆံပင်ရှည်ရှည်ထဲ ခေါက်သိမ်းထားမယ်။

ငါတို့ဟာ… ရွာရိုးကိုးပေါက်
ဘီယာသောက်ချင်တဲ့အခါသောက်ပြီး
ဆိုဒါသောက်ချင်တဲ့အခါသောက်မယ်၊
ပီဇာစားချင်တဲ့အခါစားပြီး
ပီကေဝါးချင်တဲ့အခါဝါးမယ်၊
ဘော်ဒါတွေနဲ့ ပေါ့ပေါ့ပါးပါး တော်ကီပွါးပြီး
သင်္ကြန်ကျရင် မြနန္ဒာသီချင်းနဲ့က,မယ်
လူငယ်ဘဝဆိုတာ တကယ့်ကို စံပယ်ပွင့်ဖြူဖြူလေးလို။

“ဝေးကွာခြင်းက တို့အတွင်းထဲမှာ”တဲ့
ကိုနေဝင်းရေးပြီး ကိုခိုင်ထူးဆိုခဲ့တဲ့
ကိုယ်ပိုင်သံစဉ်တေးတပုဒ်
လမ်းဘေးအုတ်ခုံမှာ ငါတို့သူငယ်ချင်းတွေ
ဂစ်တာစုတ်လေးတလုံးနဲ့ အော်ဟစ်ခဲ့ကြပေါ့
အခုတော့ ဘာမပြောညာမပြောမင်းထွက်သွားတယ်။

ကြေကွဲစိတ်တွေ တလုံးပြီးတလုံးပေါက်ကျ
အမြှောက်တွေနဲ့ အစားခံထားရတဲ့ဘဝမှာ
နေသာသလို မနေတတ်ပဲ
ပစ်မှတ်ကို အထစ်ထစ်အရစ်ရစ် အမြစ်ဖြတ်ဖို့
ပြတ်ပြတ်သားသား မင်းထွက်သွားတယ်။

သေသောသူကြာရင်မေ့ ဆိုပေမဲ့
သေသွားလည်း မင်းကရှင်နေတဲ့အာဇာနည်ပါ
ပျောက်သောသူရှာရင်တွေ့ ဆိုပေမဲ့
ပျောက်သွားရင် အလောင်းပဲပြန်တွေ့တဲ့ခေတ်မှာ
ဖုတ်ဖက်ခါပြီး မင်းထွက်သွားတယ်။

တနေ့တနေ့ တငွေ့ငွေ့နဲ့
အထွတ်အထိပ်တက်နေတဲ့ တော်လှန်ရေးအကွေ့မှာ
မင်းအမေလည်း နားကပ်ဟောင်းလောင်း
မင်းအဖေလည်း ရင်ဘတ်ဟောင်းလောင်း
သေမင်းက အကောင်းကြိုက်မှန်းသိပေမဲ့
အာဏာရှင်စနစ် မြေလှန်ပစ်ဖို့
စစ်မီးလျှံကြား မင်းထွက်သွားတယ်။

ရုရှားစစ်မြေပြင်မှာ
ယူကရိန်းသမ္မတ ဇီလန်းစကီးဟာ
သူကိုယ်တိုင်ဦးဆောင်တိုက်တယ်၊
အမေရိကန်တော်လှန်ရေးစစ်မြေပြင်မှာ
ခေါင်းဆောင်ဂျော့ဝါရှင်တန်ဟာ
သူကိုယ်တိုင်ဦးဆောင်တိုက်တယ်၊
မြန်မာနွေဦးတော်လှန်ရေးစစ်မြေပြင်မှာ
ကိုယ်တိုင်မတိုက်ပဲ တိုက်သယောင်ယောင်
အာချောင်,ခေါင်းရှောင်တဲ့ ခေါင်းဆောင်များကို
ဘောလုံးပွဲမှာလို လူလဲကစားဖို့
ကျားကျားလျားလျား မင်းထွက်သွားတယ်။

မုန်တိုင်းဝင်လို့ ကျိုးသွားတဲ့သစ်ပင်
လှိုင်းထန်ရင် ပဲ့ကျတဲ့ကမ်းပါး
မင်းနဲ့ငါကြားက လေထုဟာနားထိုင်းလျက်
လက်ကိုင်ဖုန်းလိုင်းက မိတချက် မမိတချက်
ညှိလက်စဂစ်တာကြိုးက ငြိတချက် မငြိတချက်
ပိုးစိုးပက်စက် နိုင်ငံတော်မှာ
ငါတို့ဝေးကွာသွားလိုက်တာ။    ။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar