Breaking News

ရဲဘော်တေး - ကျောက်စရစ်တော မာခေါင်ခေါင်က အတောင်ကျွတ် မအလ

ရဲဘော်တေး - ကျောက်စရစ်တော မာခေါင်ခေါင်က အတောင်ကျွတ် မအလ

(မိုးမခ) စက်တင်ဘာ ၁၉ ၊ ၂၀၂၃


အာဏာသိမ်းစစ်ခေါင်းဆောင်သမီးက သူ့ရဲ့ 7 sense ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းကို SM winner ဆိုတဲ့ နာမည်ပြောင်းလိုက်တယ်။

SMရဲ့ အရှည်ကို တိုးတိုးတိတ်တိတ်ဖွင့်ဟသံကြားတာကတော့ Spring Movement တဲ့။ အဲနောက်မှာ winner ထည့်လိုက်တာကတော့ သူ့လုပ်ငန်းတွေ သပိတ်မှောက်မှာကြောက်လို့ နွေဦးတော်လှန်ရေးကို ‌ဖားတာဆိုတာထက် ပိုပါတယ်တဲ့။ 

တကယ်ပဲ သူ့အဖေ အာဏာမုဒိမ်း မအလကြောင့် သူ့စီးပွားပျက် သူ့သားသမီးတွေပါ အနာဂတ်ပျောက်၊ အခန့်မသင့်ရင် တမိသားစုလုံး မျိုးတုံးပျောက်ကွယ်သွားနိုင်ကိန်းဆိုက်လာတာ သိလို့ ကြိုကာတာတဲ့။ 

ယူအန်ကိုယ်စားလှယ်လာတုန်းက မြေးတွေရဲ့ရှေ့ရေးတွေးဖို့ မအလကို ပြောခဲ့ရဲ့နဲ့ အပြင်ပန်း နထုံပထုံ ရိုးသားပုံလေးနဲ့ အတွင်းက အင်္ဂုလိမာလငန်းဖမ်းပြီး သူတပါးမြေးတွေကို ရဟတ်ယဉ်ပေါ်ကနေ စက်သေနတ်နဲ့လိုက်ရမ်းခဲ့တာ၊ လေယဉ်နဲ့ ဗုံးကြဲခဲ့တာ၊ အရှင်လတ်လတ် မီးတိုက်သတ်ဖြတ်ခဲ့တာ ဘယ်သူက ကြေမလဲ။ ဘယ်လိုလုပ် မေ့မလဲ။ ခေါသနီမကလဲ ဘဝရှင်မင်းမိဖုရားခေါင်ကြီးစတိုင်နဲ့ ကိုင်ခိုင်းခဲ့တာ။ တွန်းဖွင့်လို့မရရင် ကန်ဖွင့်ဘာညာ ဝစီပိတ်ရဲ့ဒေသနာနဲ့အညီ ခေတ်ပြောင်း ခေါင်းပစ်ခဲ့တာ။ ခူထိလဲ သတ်ခိုင်းဖြတ်ခိုင်းနေတုန်း။ ဒါကို မီဒီယာလုပ်ငန်းလုပ်နေတဲ့ခင်သီရိသက်မွန်က မသိဘဲနေမလား။ သူ့ကလေးတွေရှေ့ရေး မတွေးဘဲနေမလား။ တွေးရင်ရော မပူဘဲရှိမလား။ မီးခဲဖင်ခု မိဖမှု။ 

ပအို့ခရိုနီ‌နေဝင်းထွန်းပြောတဲ့ ဒို့ရှာထားတဲ့ငွေက ဆယ်သက်စားမကုန်ဘူး။ အသက်ရှည်ဖို့ဘဲ လိုတယ်ဆိုတဲ့စကားလိုဘဲ။ သူတို့စည်းစိမ်က ဒူဘိုင်းမှာ ဆယ်သက်အေးဆေးနှပ်နေလို့ရပေမယ့် သူ့အဖေက မွတ်စလင်တွေသတ်ထားတော့ မွတ်စလင်တိုင်းပြည်တွေကို ကပ်လို့မရ။ ဟိုကောင်မဘသအေးနေဝင်းတောင် ဘယ်နေ့ကိုင်လိုက်မလဲ မသိ။ ပြည်တွင်းတော့ မွတ်စလင်မုန်းအောင် ဘုန်းကြီးတွေမြှောက်ပေး။ သူကကျ ဒူဘိုင်းသွားနှပ် သုံးဖြုံးပျော်ပါး။ ဟိုက တည်ကြက်အဖြစ်ထားသေးလို့ သက်သာနေတာ။ ရှရှားပူတင်ကလဲ ကျားမြီးထက်ဆိုးတဲ့ ခြ‌င်္သေ့လဥဆွဲမိတဲ့ပြဿနာက သူမသေမချင်းမဆုံးတော့ သူ့နိဂုံးလဲ မရေရာ ကိုယ့်ခိုကိုးရာလဲ မရ။ ပို့ထားတဲ့ငယ်ကျွန်ဗိုလ်ကလေးတွေကလဲ အစေအပါးခိုင်းဖို့ ဆက်ထားလို့မဖြစ်နိုင်တော့။ သူတို့မရှိဘဲလဲ နေလို့မဖြစ်။ သူတို့လဲ တော်လှန်ရေးပြီးရင် ကိုယ့်စရိတ်နဲ့ကိုယ် ပြန်ကြွရုံ။ ကန်ချကုန်ကြမှာ။ မပြန်နိုင်ဘဲ ဟိုမှာတင် အရင်သေမလားတောင်မသိ။ ယူကရိန်းဒရုန်းက တဗုံးဗုံးဖြုတ်နေတာဆိုတော့။ ဂူကြီးကျောင်းတောင် ပြန်ရောင်းရတော့မှာ။ ဒကာမရှိဘဲ ဆရာလုပ်လို့မရ။ ပူတင်ခြေနေက သူ့အဖေလို ကြိုးစင်ကလွဲ ဘာမှမရှိ။ 

တရုတ်လဲ မပြေးရဲ။ တရုတ်က ဖုတ်မှာ။ ပေါက်ဖော်က စီးပွားရေးသမားသက်သက်။ ပါသမျှဒေါ်လာ အကုန်တော့ပြီး ရော့ဆို ပြန်အပ်မှာ။ တည်ရှိအစိုးရနဲ့ ဆက်ဆံရေးကအဓိက။ တိုင်းပြည်စီးပွါးရေး ဖွံ့ဖြိုးရေးနဲ့ယှဉ်ရင် သူတို့မိသားစုစောက်ရေးက အပေါက်သေးသေးဘဲ။ ဘာဆိုဘာမှမဟုတ်၊ မလုပ်လောက် မကိုင်လောက်။ သူတို့ဆီဆို လာဘ်စားရင် သေဒဏ်လေ။ ကိုင်နေကျ။ သိဒါပဲ။ ရော့ မင်းတို့ဘာသာ ကြိုက်ရာစီရင်ဆိုပြီး ချွင်ချွင်လေးနဲ့ ပြန်ပို့မှာ။

ဥရောပ အမေရိကကတော့ ခုံရုံးပေါင်းစုံနဲ့စောင့်နေတာ။ ဆန်ရှင်နဲ့ဆိုတော့ ပျံချင်ပေမယ့်အတောင်ကျွတ်နေပြီ။ ပါ့စပို့မျိုးစုံနဲ့ ကြိုးခုန်လို့လဲ မရတော့။  သူ့အဖေခြေနေက ကျောက်စရစ်တော မာခေါင်ခေါင်မှာ အတောင်ကျွတ်သောကြိုးကြာ ရေရှာ၍မရသကဲ့သို့ပုံ။ သူ့အဖေအခြေအနေဆိုတာ သူတို့အခြေအနေပဲလေ။ 

အဲဒါကြောင့် မသိမသာ SM winner တွေ ဘာတွေ လုပ်နေတာရယ်။ 

Spring Movement Winner ဘယ်သူလဲ။ ခင်သီရိသက်မွန်ကတော့ အဖြေညှိစရာမလိုတဲ့ ပဟေဠိကို ထုတ်လိုက်တယ်။ အစိမ်းတွေ နိုးကြားကြ။ ထလော့ အစိမ်း၊ အစိမ်း ထလော့၊ မင်းတို့မထရင် မင်းတို့ကြွ။ သူတို့မရဏ မင်းတို့မရဏဖြစ်မယ်။ သူတို့သေမင်း မင်းတို့သေခြင်းမလုပ်နဲ့။ 

အင်း မအလလဲ သူ့သမီးကို အမွေပြတ် ကြော်ညာတာတွေ ဘာတွေ လုပ်မလားမသိ။ တကယ်ဖြစ်ဖြစ်၊ ဟန်ပြဖြစ်ဖြစ်ပေါ့။ သူ့ကြောင့် ကိုယ့်ရဲ့ဂုဏ်ယူဖွယ် ချစ်လှစွာသော သားသမီးတွေကို အမွေပြတ် ကြော်ညာခဲ့ကြရတယ် မဟုတ်လား။ 




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar