တိုက်ပွဲတွေရဲ့ ဂယက်ရိုက်ခတ်နေတဲ့ စစ်ကိုင်းမြို့ ၊ “ကျားဖြန့်” ခေါ်ငွေလိမ်ဂိုဏ်းတွေရဲ့ အခြေစိုက်ရာ မြန်မာနိုင်ငံ
မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၁၈ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၁၉၊ ၂၀၂၃
တိုက်ပွဲတွေရဲ့ ဂယက်ရိုက်ခတ်နေတဲ့ စစ်ကိုင်းမြို့ ၊ “ကျားဖြန့်” ခေါ်ငွေလိမ်ဂိုဏ်းတွေရဲ့ အခြေစိုက်ရာ မြန်မာနိုင်ငံ
၂၀၀၀ ခုနှစ်တွေ အလယ်လောက်က စစ်ကိုင်းတိုင်း ရဲ့ အုပ်ချုပ်ရေး မြို့တော်အဖြစ် မုံရွာမြို့ကို ပြောင်းရွှေ့ခဲ့တဲ့နောက် တိုင်းမြို့တော်ဟောင်း ဖြစ်တဲ့ စစ်ကိုင်းမြို့ဟာ မန္တလေးမြို့နဲ့ ၁၀ မိုင်စွန်းစွန်းသာ ကွာဝေးတာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းထဲမှာ ဖြစ်ပွားနေတဲ့ စစ်ကောင်စီတပ်တွေကို လက်နက်ကိုင် ခုခံတိုက်ခိုက်မှုတွေက မြို့နယ်အများအပြားက ကျေးရွာတွေမှာ ဖြစ်ပွားနေခဲ့တာ ၂ နှစ်ကျော်ရှိလာပြီးနောက် ခုရက်ပိုင်းမှာ စစ်ကိုင်းမြို့ပေါ်ကို ဂယက်ရိုက်ခတ်လာတဲ့ အနေအထားအထိ မြို့နဲ့ နီးကပ်စွာ ဖြစ်ပွားလာနေတာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းရဲ့ လက်ရှိအုပ်ချုပ်ရေးမြို့တော် ဖြစ်တဲ့ မုံရွာမြို့တဝိုက်မှာတော့ မကြာခဏ တိုက်ခိုက်မှုတွေ ဖြစ်ပွားလေ့ရှိပြီး မြို့အစွန်၊ မြို့ထဲက ရုံးတွေတိုက်ခိုက်ခံရတဲ့ သတင်းတွေ မကြာမကြာ တွေ့ရလေ့ရှိပေမယ့် စစ်ကိုင်းမြို့ပေါ်မှာတော့ တိုက်ခိုက်မှု ဖြစ်ပွားတာ နည်းပါးတာဖြစ်ပါတယ်။
စစ်ကိုင်းမြို့ကနေ ရွှေဘို၊ မုံရွာမြို့တွေဆီသွားတဲ့ ကားလမ်းံဘေးက မြို့နယ်တွေ၊ ကျေးရွာတွေ တိုင်းလိုလိုမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေရှိနေကြပြီး မြင်းမူ၊ ချောင်းဦးမြို့နယ်တွေမှာ တိုက်ခိုက်မှုတွေ ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ကာ PDF လို့သံသယရှိသူတွေကို ဖမ်းဆီး၊ သတ်ဖြတ်တာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ အမြဲတမ်းလိုလို ဖြစ်ပွားနေခဲ့တာ ဖြစ်ပါတယ်။
ခုနှစ်ထဲမှာတော့ စစ်ကိုင်းမြို့နယ်ထဲက မြို့နဲ့ သိပ်မဝေးလှတဲ့ ပဒူကျေးရွာက ရဲစခန်း တိုက်ခိုက်ခံရတဲ့အဖြစ်အပျက်တွေ သတင်းထဲမှာ တွေ့ခဲ့ကြရပြီး အခုရက်ပိုင်းမှာ စစ်ကိုင်းမြို့နယ်ထဲက သလွန်ဖြူကျေးရွာ မှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းဝင်ရောက်တဲ့ သတင်းတွေ တွေ့နေရတာ ဖြစ်ပါတယ်။ ဒုရဲအုပ်တယောက်နဲ့ ဇနီးဖြစ်သူသတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ဆက်နွှယ်ပြီး ကျေးရွာကို စစ်ကောင် စီတပ်တွေ ဝင်ရောက်တာလို့လည်း သတင်းဖော်ပြမှုတွေမှာ ဖော်ပြထားပြီး စစ်ကောင်စီတပ်တွေက ကျေးရွာသား ၇ ဦး သတ်ဖြတ်ခဲ့တယ်လို့ သတင်းထဲ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ နှစ်ကတည်းက စစ်ကိုင်းမြို့ရဲ့ အစွန် ကောင်းမှုတော် ဘုရားကြီး ကျော်လွန်သွားရင် စစ်ကောင်စီတပ်တွေ ကောင်းကောင်း မထိန်းချုပ်ထားနိုင်တော့တဲ့ သဘောမျိုး ဒေသခံတွေရဲ့ ပြောဆိုမှုအရ သိရတာဖြစ်ပါတယ်။ သို့ပေမဲ့ အခုကာလလောက် တိုက်ခိုက်မှုတွေ နဲ့ လှုပ်ရှားမှုတွေ နီးကပ်စွာ ဖြစ်ပွားတဲ့ သတင်းမျိုး မကြားသိခဲ့ရဘဲ အခုရက်ပိုင်းမှာ စစ်ကိုင်းမြို့ပေါ် အထိ တိုက်ခိုက်မှုတွေ ဖြစ်လာမလားဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်လာပြီး မြို့ပေါ်မှာ အသွားအလာနည်းပါးသွားတဲ့ သဘော ဖြစ်ပါတယ်။
ဒီနေ့ အဖို့နောက်ထပ် သတင်းအကြောင်းအရာ တခုကတော့ တရုတ်ဘာသာစကားနဲ့ “ကျားဖြန့်” လို့ ခေါ်ဆိုတဲ့ အွန်လိုင်းပေါ်ကနေ ငွေလိမ်လည်တဲ့ ရာဇဝတ်ဂိုဏ်းတွေ မှာပါဝင်နေသူတွေကို တရုတ်နိုင်ငံနဲ့ မြန်မာစစ်ကောင်စီတို့ ပူးပေါင်းနှိမ်နှင်းနေတယ်လို့ သတင်းတွေမှာပါရှိပြီး တရုတ်နိုင်ငံနဲ့ နယ်နိမိတ် ထိစပ်နေတဲ့ ဝ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတို့မှာ လူထောင်ဂဏန်းနဲ့ချီ ဖမ်းဆီးကာ သက်ဆိုင်ရာတရုတ်နိုင်ငံကို ပြန်လည်လွှဲအပ်တဲ့အကြောင်းအရာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေကတည်းက သတင်းဆိုးနဲ့ နာမည်ကြီးနေခဲ့တဲ့ ထိုင်း-မြန်မာ နယ်စပ်ဖြစ်တဲ့ မြဝတီမြို့နယ်ထဲက ရွှေကုက္ကိုတဝိုက်က လက်နက်ကိုင် အဖွဲ့တွေအကာအကွယ်ပေးထားတဲ့ နေရာတွေထက် အခုရက်ပိုင်း ဖမ်းဆီးပြီး လွှဲပြောင်းပေးတဲ့ သတင်းတွေထဲ မပါရှိသေးပါဘူး။ ကေအန်ယူ၊ ဘီဂျီအက်ဖ်၊ ဒီကေဘီအေ၊ စတဲ့ လက်နက်ကိုင်အဖွဲ့တွေ ဘယ်အဖွဲ့တွေက ဘယ်လောက်ထိ ပါဝင်ပတ်သက်နေတယ် ဆိုတာ ရှင်းရှင်းလင်းလင်း မသိရှိကြပေမယ့် ယေဘုယျအားဖြင့် စစ်ကောင်စီနဲ့ လက်တွဲတိုက်ခိုက်နေတဲ့ BGF အဖွဲ့က အဓိကကျတဲ့ အခန်းကဏ္ဍမှာ ရှိနေတဲ့ သဘောလို့ ကောက်ချက်ချရပါတယ်။ ဒီလို လက်နက်ကိုင် ဧရိယာတွေမှာ အခြေစိုက်ကြရာက နိုင်ငံရေးအရ ဆန့်ကျင်သူတွေကို နှိမ်နှင်းတာကလွဲရင် ကျန်တဲ့ တရားဥပဒေ စိုးမိုးရေးကို ထိထိရောက်ရောက် မလုပ်တော့တဲ့ စစ်ကောင်စီရဲ့ လက်အောက်က ရန်ကုန်မြို့လို နေရာမှာတောင် ရုံးခန်းငှားပြီး လုပ်ကိုင်လာကြတာ သတင်းဖော်ပြမှုတွေအရ သိရှိရပါတယ်။ ရန်ကုန်မြို့လယ် ပန်းဆိုးတန်းလမ်းမကြီးပေါ်ရှိတဲ့ ရုံးခန်းတွေ နဲ့ လူနေအိမ်တွေ စုပေါင်းထားတဲ့ ကွန်ဒိုလို နေရာမျိုးမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ အခြေချလာနေကြတာ ဖြစ်ပါတယ်။
အခုလို တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် ဒေသက အဖွဲ့တွေကို တရုတ်အစိုးရက ဖိအားပေးခဲ့သလို မြန်မာစစ်ကောင်စီကိုလည်း ဒီလိုအွန်လိုင်း လိမ်လည်တဲ့ လုပ်ငန်းတွေ၊ ဒုစရိုက်ဂိုဏ်းတွေကို နှိမ်နှင်းဖို့ လူသိရှင်ကြား တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။
ဒီလို တိုက်တွန်းမှုတွေ ရှိခဲ့ပြီး လအနည်းငယ်အတွင်း အခုလို လူထောင်ချီတဲ့ အွန်လိုင်းလိမ်လည်မှုတွေမှာ ပါဝင်လုပ်ကိုင်နေသူတွေကို ဖမ်းဆီးတာတွေ ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်က မြန်မာစစ်ကောင်စီနဲ့ မြန်မာနိုင်ငံ နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအပေါ် တရုတ်နိုင်ငံရဲ့ သြဇာသက်ရောက်မှုကို ထင်ရှားစွာသက်သေပြလိုက်တဲ့ နောက်ထပ်ဖြစ်ရပ်တခုလည်း ဖြစ်ပါတယ်။ အွန်လိုင်းကတဆင့် ငွေလိမ်လည်တဲ့ ရာဇဝတ်ဂိုဏ်းတွေဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ အရှေ့တောင် အာရှဒေသတွင်းနိုင်ငံတွေမှာ တရားဥပဒေ စိုးမိုးမှု အတိုင်းအတာတခုထိ ရှိနေတာကြောင့် လက်နက်ကိုင် တိုက်ပွဲတွေ၊ နိုင်ငံရေး ပြဿနာတွေနဲ့ လုံးပန်းနေရပြီး တရားဥပဒေ စိုးမိုးမှု ဆိုးရွားစွာ ကျဆင်းနေတဲ့ ၊ ငွေပေးရင် ဘာမဆိုလုပ်ကိုင်ခွင့်ပြုတဲ့ လက်နက်ကိုင် အဖွဲ့တွေစိုးမိုးရာ ဒေသတွေမှာ လာရောက်အခြေစိုက်ဖို့ ရွေးချယ်ကြတာ ဖြစ်ပါတယ်။ လွယ်လွယ်ပြောရရင် ကသောင်းကနင်းဖြစ်နေတဲ့ တိုင်းပြည်၊ လက်နက်ကိုင် အဖွဲ့ကို ငွေပေးပြီး ရာဇဝတ်မှုလုပ်ငန်းတွေ လုပ်ခွင့်ရှိတဲ့ နေရာဒေသမျိုးကို အွန်လိုင်းငွေလိမ်တဲ့ ဂိုဏ်းတွေက ရွေးချယ်ထားကြတာ ဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာမှာ နာမည်ဆိုးနဲ့ လူသိများဖို့ နောက်ထပ်အကြောင်းအရာ တခုသဖွယ် ဖြစ်လာနေတာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar