မသီတာ (စမ်းချောင်း) - ၂၀၂၄ မလွန်မီ စည်းလုံးစွာ ရှေ့ဆက်ချီနိုင်ဖို့
ဒီနှစ် စက်တင်ဘာဟာ ကမ္ဘာမှာ စိတ်ဝင်စားစရာကောင်းတဲ့ အရွေ့တွေ အများကြီးတွေ့လာရပါတယ်။ ကိုဗစ်အလွန်ကာလမှာ ကုန်သွယ်စီးပွါးအကြောင်းပြပြီး နိုင်ငံရေးအရွေ့တွေကို သူ့ထက်ငါ အပြိုင်ကြဲလာနေကြတဲ့ ကမ္ဘာကြီးအလယ်မှာ ကိုယ်ရွှေမြန်မာတွေကတော့ တော်လှန်ရေးအင်အားစုတွေကြားမှာ စည်းလုံးညီညွတ်ရေးကိုပဲ တိုးပြီး ပြောနေကြရတဲ့အခြေအနေပါပဲ။ တကယ်တော့ ပြည်တွင်းမှာ အနိုင်ကျင့်ဗိုလ်ကျနေတဲ့ စစ်ကောင်စီကို တိုက်ပွဲဝင်နေကြတယ်ဆိုပေမဲ့ စစ်ရေးနဲ့ နိုင်ငံရေးနည်းလမ်း နှစ်ခုလုံး သုံးနေကြရတာပါ။
ဒီနေရာမှာ တချို့က အနာဂတ်နိုင်ငံတည်ထောင်ရေးနဲ့ပတ်သက်ပြီး လူမျိုးအခြေခံ နယ်မြေပိုင်းခြား အာဏာကျင့်သုံးနိုင်ရေးလို့ နားလည်နေကြတာမျိုး၊ စစ်အုပ်ချုပ်ရေးကို အဆုံးသတ်အောင် လက်နက်ကိုင်တိုက်နေကြတာဖြစ်ပေမဲ့ တော်လှန်ရေးပြီးရင် အသက်ပေးတိုက်ခဲ့သူတွေမဟုတ်တဲ့ အရပ်သားအုပ်ချုပ်ရေးပေါ်လာမှာကိုပဲ ပြန်စိုးရိမ်နေကြတာမျိုး၊ တနည်းအားဖြင့် နယ်မြေလွတ်မြောက်ရေးအတွက် လက်နက်ကိုင်တိုက်သူတွေကပဲ နောင်မှာအုပ်ချုပ်စေဆိုတဲ့ စစ်ကောင်စီမဟုတ်တဲ့ နောက်စစ်အုပ်ချုပ်ရေးပုံစံကိုပဲ လုပ်ပါမှ တရားမျှတတော့မလိုမျိုး စတဲ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ အခြေခံသဘောတရားတွေကို နားလည်ချင်သလို နားလည်ပြီး ဖွင့်ဆိုချင်သလို ဖွင့်ဆိုလာကြရာက ငြင်းခုန်ဝေဖန်မှုတွေ ပြင်းထန်လာနေတာကို သတိထားမိပါတယ်။
အငြင်းအခုန်အများစုဟာ ပြည်တွင်းအချက်အလက်နဲ့ အတိတ်သမိုင်းတွေကို ကိန်းသေထားပြီး စောဒကတက်နေကြတာမျိုးပေါ့။ ကိုယ့်တော်လှန်ရေးကို နိုင်ငံတကာက ထောက်ခံစေချင်တယ်ဆိုပေမဲ့ နိုင်ငံတကာက ကိုယ့်တော်လှန်ရေးအပေါ် သက်ရောက်လာနိုင်ခြေတွေကိုတော့ သိပ်ထည့်မတွက်ဘဲ တော်လှန်ရေးဟာ ဘေးက ဘာမှမဝင်လာနိုင်တဲ့ ဝါးလုံးခေါင်းထဲမှာပဲ ကိုယ့်အတွေး ကိုယ့်အရှိန်နဲ့ကိုယ်၊ ကိုယ့်တော်လှန်သူအချင်းချင်းရဲ့ အားသာချက်၊ အားနည်းချက်တွေပေါ် မူတည်ပြီးပဲ ရွေ့လျားပြီးဆုံးရမလို သတ်မှတ်ပြောဆိုကြတာပေါ့။
ဝါးလုံးခေါင်းရဲ့အပြင် ကမ္ဘာကြီးမှာတော့ G20 အစည်းအဝေးအပြီးမှာ အိန္ဒိယရဲ့ IMEC (အိန္ဒိယ-အရှေ့အလယ်ပိုင်း-ဥရောပစီးပွါးရေးလမ်းကြောင်း) ခြေလှမ်းဟာ စတင်လာနေပြီ ဖြစ်ပါတယ်။ ကိုဗစ်ကာလတုန်းကတည်းက ပျိုးခဲ့ပေမဲ့ အခုတော့ အသက်ဝင်လာပါတော့မယ်။ နာမည်ထဲမှာမပါတဲ့ ချိတ်ဆက်မှုကတော့ ယူအက်စ်နဲ့ အစ္စရေးဟာ ဒီ IMEC လမ်းကြောင်းမှာ အဓိကအရေးပါတဲ့ ပူးပေါင်းဆောင်ရွက်သူတွေ ဖြစ်တာရယ်၊ အရှေ့အလယ်ပိုင်းက ဆော်ဒီ ပါနေသလို အရှေ့အလယ်ပိုင်းကနေ ဥရောပကိုဝင်မယ့်လမ်းကြောင်းမှာ တူရကီကိုမသုံးဘဲ အစ္စရေးကိုသုံးထားတာတွေရယ်က စိတ်ဝင်စားစရာ အတော်ကောင်းစေပါတယ်။ ခါးပတ်ခင်းတဲ့ တရုတ်ကိုပဲ ကြည့်ပြီး ဗျူဟာချင်း ပြိုင်သလို ခြေလှမ်းတွေသွက်ပြတဲ့ အိန္ဒိယဟာ BRICS ကနေလည်း တရုတ်နဲ့အတူပဲ ဘရာဇီး၊ ရုရှနဲ့ တောင်အာဖရိကကို ထိထားပြီးသားကိုး။ အိန္ဒိယဟာ ဒီမိုကရေစီနိုင်ငံဆိုပေမဲ့ မိုဒီလက်ထက်မှာ ဒီလိုဒီမိုကရေစီ မဟုတ်တဲ့နိုင်ငံတွေနဲ့ ပိုပြီး ကူးလူးဆက်ဆံ သဘောတူညီမျှ လုပ်လာတာ ထင်ရှားပါတယ်။ ဒါကတော့ စီးပွါးရေးအရလို့ ဆိုရမှာပေါ့။ အမေရိကတောင် ဆော်ဒီလိုနိုင်ငံမျိုးကို ဒီချိတ်လမ်းထဲမှာ ဆက်ဆံဖို့ လုပ်သေးတာကိုး။ တူရကီရဲ့ အာဒိုဂန်ရော၊ ဆော်ဒီရဲ့ အိမ်ရှေ့စံပါ ဒီမိုကရေစီဘက်တော်သားတွေကို ချေမှုန်းနေကြသူတွေ ဖြစ်ပေမဲ့ စီးပွါးရေးအတွက် အဲဒီလိုလူ (နိုင်ငံ) တွေနဲ့ပါ ဆက်ဆံသွားမယ်ဆိုတဲ့ သဘောတရားကလည်း ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ ကိုဗစ်အလွန် မဟာဗျူဟာလို ဖြစ်နေပါတယ်။ လက်ရှိဒီမိုကရက်လက်ထက် အမေရိကအတွက် နိုင်ငံရေးအရ လုံးဝမဆက်ဆံဖို့ ပိုင်းဖြတ်ထားတာကတော့ ရုရှပဲ ဖြစ်နေတာပေါ့။
အဲဒီအစည်းအဝေးကို တရုတ်က ရှီကျင်းပင်ကလည်း ရောက်မလာခဲ့ပါဘူး။ အမေရိကကတော့ ဗီယက်နမ်ကို ဆက်ထွက်သွားပြီး စီးပွါးရေးအရ အလုံးစုံမဟာဗျူဟာသဘောတူညီမှုတောင် လက်မှတ်ထိုးလိုက်ပါတယ်။ တခါက ရန်သူလို သူသေကိုယ်သေ တိုက်ခဲ့ကြပေမဲ့ အတိတ်ကို အတိတ်မှာ ထားခဲ့ပြီး လတ်တလော ဘုံအကျိုးစီးပွါးအတွက် လက်တွဲမယ်ဆိုတဲ့ သဘောမျိုးပါပဲ။ ဒီမှာတော့ အမေရိကဟာ တရုတ်ထက် တခါက ရန်သူဖြစ်တဲ့ ဗီယက်နမ်ကို စီးပွါးရေးထက် နိုင်ငံရေးဗျူဟာအရ ရွေးလိုက်တာမျိုး ဖြစ်ပါမယ်။ တရုတ်ကို အပြေးလိုက်လာနေပြီဖြစ်တဲ့ အာရှကျားတစ်ကောင်လို ဖြစ်လာနေတဲ့ ဗီယက်နမ်ကလည်း ရလာတဲ့ အခွင့်အလမ်းကို လက်လွှတ်မခံဘဲ ဆက်ဆံပြတာပါပဲ။
ဒီတော့ ကိုဗစ်အလွန်မှာ နိုင်ငံတော်တော်များများဟာ စီးပွါးရေးကို ပိုပြီး ဦးစားပေးပေမဲ့ နိုင်ငံရေးကိုလည်း ပါးပါးနပ်နပ် ကစားလာကြပါတယ်။ ကိုယ်ရွှေမြန်မာတွေကတော့ အတိတ်ကအနာတွေကို မဟာဗျူဟာထဲ သွင်းလို့ မဝဖြစ်နေကြတာက အများသားမို့ စစ်ကောင်စီကို တိုက်ဖို့အရေးမှာတောင် ဖြည်းဖြည်းပေါ့၊ ငါတို့လူမျိုး ငါတို့နယ်မြေအရေးက ပိုဦးစားပေးဖြေရှင်းမှ ဖြစ်မယ်လို့ တွေးတဲ့အထိ ဖြစ်နေကြပါတယ်။ ကြည့်ရတာ မြန်မာပြည်မြေပုံကို တော်လှန်ရေးဦးဆောင်သူ ဒါမှမဟုတ် ကိုယ့်လူမျိုးရေးလှုပ်ရှားသူတွေကပဲ စိတ်အေးလက်အေး ငြင်းခုန်ပြီး ခွဲခြမ်းစိတ်ဖြာနိုင်လိမ့်မယ်လို့ တွက်နေကြပုံပါ။ လိုချင်တဲ့ တန်းတူမှုနဲ့ နယ်မြေအပိုင်းအခြားအတွက် အချိန်ယူပြီး ကတိရပြီးမှ တော်လှန်ရေးပြီးမယ်ဆိုလည်း နောက်ဘယ်နှနှစ်ကြာကြာ ကြာပါစေ အချိန်ယူကြမယ်လို့ ခံယူနေကြပုံပါ။ ခုလည်း စစ်ရေး အသာစီးရနေတာပဲ၊ တော်လှန်သူချင်းကြားက နိုင်ငံရေး အဖြေမထွက်မချင်း အချိန်ကြာလည်း ဘာအရေးလဲလို့ တွေးကြတာမျိုးတောင် ရှိနေပုံပါ။
ခက်တာက ကမ္ဘာ့မြေပုံမှာ မြန်မာဟာ ဩစတြေလျလို၊ တီမောလက်စတေးလို ကျွန်းကြီး/ငယ်အဖြစ် သီးခြားတည်ရှိနေတဲ့နိုင်ငံ မဟုတ်ပါဘူး။ ပထဝီနိုင်ငံရေးအရ စီးပွါးရေးပါဝါကြီးပြီး နိုင်ငံရေးကစားတာ ကျွမ်းကျင်တဲ့ နှစ်နိုင်ငံကြားမှာ ရောက်နေသလို နိုင်ငံရေးပါဝါအရရော နိုင်ငံရေးအုပ်စုအနေအထားအရရော စီးပွါးရေးအရပါ ထီးတည်းရပ်တည်နိုင်စွမ်း မရှိတဲ့နိုင်ငံပါ။ ကိုယ့်ပတ်ဝန်းကျင်အနေအထားတွေကို လုံးဝထည့်မတွက်ဘဲ တော်လှန်ရေးကို ခြောက်လတဖြတ်စာလောက် ကြိုတွေးပြီး နှစ်ရှည်စီမံကိန်းနဲ့ ရွေ့ဖို့ စဉ်းစားလို့ မဖြစ်နိုင်တဲ့ နိုင်ငံအနေအထားလို့ ဆိုရပါမယ်။
တကယ်တော့ ၂၀၂၄ ခုနှစ်ဟာ ကမ္ဘာမှာ နိုင်ငံရေး၊ စီးပွါးရေးအရ အရွေ့တွေ ဖြစ်လာနိုင်တဲ့နှစ်ပါ။ ၂၀၂၄ ထဲမှာ အမေရိကရွေးကောက်ပွဲဟာ အရွေ့တွေကို အယူလာပေးနိုင်ဆုံးထဲကတစ်ခု ဖြစ်ပါမယ်။ ရီပတ်ဘလင်ကန်ကနိုင်ခဲ့ရင်၊ အဲဒီထဲကမှ ထရမ့်လို ရုရှနဲ့ အဆင်ပြေအောင်လုပ်ပြီး တခြားမူဝါဒတွေမှာလည်း သူ့နိုင်ငံစီးပွါးရေးကိုပဲ အာရုံစိုက်ပြီး တခြားနိုင်ငံတွေရဲ့ ဒီမိုကရေစီရေးကို လျစ်လျူရှုရင် ယူကရိန်းခုခံစစ်အပေါ်သာမက တခြားသောရုန်းကန်မှုများအပေါ်မှာပါ သက်ရောက်မှုတွေ ရှိလာမှာပါ။ စိတ်ဝင်စားစရာ ထပ်ကောင်းတာကတော့ ရုရှနဲ့ ယူကရိန်းတို့မှာ သမ္မတရွေးကောက်ပွဲ ရှိနိုင်တာပါ။ ဒါကလည်း လက်ရှိစစ်အပေါ် သက်ရောက်မှုရှိနိုင်တဲ့အနေအထားပါ။ ဒီသက်ရောက်မှုဟာ အဒီနိုင်ငံတွေသာမက ဥရောပတစ်ခုလုံးနဲ့ တခြားနိုင်ငံတွေကိုပါ ထပ်ဆင့်သက်ရောက်ဦးမှာပါ။
ဒါ့အပြင် အာရှဒေသတွင်းမှာ ၂၀၂၄ ခုနှစ်အတွင်း ရှစ်နိုင်ငံမှာ အထွေထွေရွေးကောက်ပွဲတွေ ရှိပါတယ်။ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ တောင်ကိုးရီးယား၊ ပါကစ္စတန်တွေရဲ့ ရွေးကောက်ပွဲဟာလည်း ဒေသတွင်း သက်ရောက်မှုတွေကို ယူဆောင်လာနိုင်ပါတယ်။ ဥရောပသမဂ္ဂ လွှတ်တော်မှာလည်း ရွေးကောက်ပွဲ ရှိမှာဖြစ်ပေမဲ့ ဒါကတော့ သိပ်ထူးခြားတဲ့ အရွေ့မျိုး ဖြစ်မလာလောက်ပါဘူး။
ဘာပဲဖြစ်ဖြစ် ကမ္ဘာကြီးဟာ ၂၀၂၄ မှာ ရပ်တန့်မနေပါဘူး။ အနည်းဆုံးတော့ ခုထိ လျှို့ဝှက်ချက်တွေများနေသေးတဲ့ ထိုင်းအစိုးရနဲ့ လွှတ်တော်အနေအထားဟာ ၂၀၂၄ မှာ သက်ဆင်ရဲ့ လွတ်ရက်လည်းရှိလာမှာမို့ ပိုပြီးမတည်ငြိမ်နိုင်ဘူးလို့ ဆိုနိုင်ပါမယ်။ ဒီတော့ ကိုယ်ရွှေမြန်မာတွေအနေနဲ့ ကိုယ့်မြေပုံထဲမှာ ခေါင်းစိုက်ပြီး ၂၀၂၄ ကို ဖြတ်သန်းလို့ အဆင်မပြေလောက်ဘူးဆိုတာ ပြောချင်ပါတယ်။ ၂၀၂၄ နှစ်မကုန်ခင်မှာ တိကျပြတ်သားတဲ့ အရွေ့တစ်ခုရနှင့်အောင် စစ်ကောင်စီကိုတော်လှန်သူများအချင်းချင်းကြားမှာရော အာဏာရှင်မှန်သမျှ ဖြုတ်ချချင်ကြသူတွေကြားမှာပါ ဘယ်လိုနဲ့ ဘယ်လောက်ထိ စည်းလုံးကြမယ် (ညီညွတ်ရေးကိုတော့ ခဏဖယ်ထားလိုက်ပါဦးမယ်) ဆိုတာကို တွေးတောအားထုတ်နိုင်ကြစေဖို့ တိုက်တွန်းတောင့်တမိပါတယ်။
သူ့ဖေ့စ်ဘုတ်ခ်က ကူးယူပါသည်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar