Breaking News

ဆယ်ပေါင်တူ - ကြင်စိုးအသည်း တဆတ်ဆတ်နာသွားစေသည့် အူကြောင်ကြားမလေး သွက်သွက်ခါ


ဆယ်ပေါင်တူ - ကြင်စိုးအသည်း တဆတ်ဆတ်နာသွားစေသည့် အူကြောင်ကြားမလေး သွက်သွက်ခါ

(မိုးမခ) စက်တင်ဘာ ၂၉ ၊ ၂၀၂၃


စောစောစီးစီး ကြိုပြောထားရမှာကတော့ ဟိုလိုလို ဒီလိုလို ဇာတ်လမ်းမျိုးလို့ မထင်ကြစေချင်ကြောင်း ဆိုသည်ကိုပင်။ ဒါကိုမှတ်ယူပြီးတော့ ကြင်စိုးသည် နန့်ကြောမတက်တတ်သောသူ ဟူ၍တော့လည်း သတ်မှတ်လို့မရ။ ‘ကြလွှ’၏ ၂၄ နာရီ ခုနစ်ရက်ပတ်လုံး အစွယ်တငေါငေါ တခေါခေါဖြင့် မပြတ်စောင့်ကြပ်နေမှုကြောင့်သာ ကမြင်းချင်စိတ်ကို အတန်တန် ချုပ်တည်းထားရပြီး ကြင်စိုးခမျာ ကမြင်းချင်ပါလျက်နှင့် မကမြင်းရဲခြင်းသာပင် ဖြစ်ပေ သည်။

သွက်သွက်ခါရယ်လို့ နိုင်ငံအနှံ့အပြား လူပြောများလာချိန်မှာတော့ ငယ်စဉ်တုန်းက မိုးကုတ်စျေးထဲ အိမ်အတွက် စျေးဝယ်ပေးလေ့ရှိသော အူတူတူ အတတ သွက်သွက်ခါဆိုသည့် ကလေးမလေးပါလားလို့ မိုးကုတ်စျေးကြီးမှ စျေးသည်များ ပြန်သတိရလာမိကြသည်။

‘ငါ့ဆီ ဟင်းချက်ဖို့ ဂျင်းလာဝယ်တော့ သွက်သွက်ခါလေးက လိမ်လိမ်မာမာ ချစ်စရာလေးမို့ ဂျင်းဟောင်းတွေ ထည့်မပေးဘူး၊ ဟောဒီ ဂျင်းသစ်တွေချည့် ရွေးယူသွားဆိုပြီး စျေးပိုကြီးသည့် ဂျင်းဟောင်းအစား စျေးပေါသည့် ဂျင်းသစ်များ ညာရောင်းဖူးသူက ရှေးဟောင်းနှောင်းဖြစ် ပြန်ပြောပြလေသည်။

ဂျင်းသစ်များရ၍ ပျော်မြူးစွာဖြင့် အိမ်ပြန်သွားခဲ့သော သွက်သွက်ခါလေးမှာ အိမ်ရောက်ခါမှ ဒါတောင် မသိရ ကောင်းလား ဆိုပြီးလူကြီးများ၏ ဆူပူမှုကို ခံရရှာသည်။ ထို့ကြောင့် ဂျင်းထည့်ခံရသည် ဆိုသောစကားက သွက် သွက်ခါကြောင့် ပေါ်လာသည်ဆိုသည့် ဆိုရိုးစကားလည်းရှိသည်။ ဟုတ်မဟုတ် အသေအချာတော့ မပြောတတ်။

အူကြောင်ကြားမလေး ဆိုတော့လည်း မိတ်ကပ်ဝယ်သည့်အခါ မိတ်ကပ်အတု၊ သနပ်ခါးဝယ်သည့်အခါ သနပ်ခါး အတု စသဖြင့် လိမ်ညာလှည့်ပတ်ရောင်းတာ ခံရရှာသည်။ ကုန်ကုန်ပြောရလျှင် ဆေးကျောင်းပြီး၍ ရန်ကုန်မြို့ ကြီးမှာ ဆရာဝန်ဖြစ်တော့လည်း ဆရာဝန်ဖြစ်လင့်ကစား ဆေးအတု ရောင်းတာ ခံရပြန်ရှာသည်။

မအူမလည် အူကြောင်ကြားမလေး သွက်သွက်ခါ ဂျင်းထည့်ခံရတာ၊ အနှပ်ခံရတာ၊ အတုနှင့်မိတာတွေက အများသား ဆိုတော့ ပြော၍ ရေး၍ ကုန်နိုင်တော့မည်မထင်၊ အခုပြောနေတာကတောင် ကလေးဘဝကနေ ဆရာဝန် ဖြစ်ခါစအထိ နည်းနည်းပါးပါး အမြည်းသဘောလောက်သာ ဖြစ်သည်။ အများလည်း အကျိုးရှိမှာ မဟုတ်လေတော့ အိမ်ထောင်ကျပြီး နောက်ပိုင်းတောင် ထည့်မပြောရသေး။ ကိုယ့်ဘာသာကိုယ်သာ ဆက်တွေးကြစေလိုပါ သည်။

ကိုယ့်အရိပ်မြင်ရင်တောင်မှ ယုန်ထင်ကြောင်ထင်နှင့် ကြောက်လန့်နေရသည့် ကာလတွင် လူယုံဟု သတ်မှတ် ထားသူများကိုပါ မလွှဲမရှောင်သာ ရှင်းထုတ်နေရတာကြောင့် ကြင်စိုးနောက်ကျောမလုံ ဖြစ်နေသည်က မဆန်းလှ။

မည်သူက အသိအမှတ် ပြုပြု မပြု ၊ ဒီရာထူး မရမက အဓမ္မယူထားပြီးသည့်နောက် အကြောက်လွန်ကာ လိုဏ် ခေါင်းထဲမှာပဲ နေ့နေ့ညည ပုန်းအောင်းနေလို့လည်း မသင့်သည့်အတွက် စိတ်အချရဆုံး အလုံခြုံဆုံးဟု ထင်ရသည့် ဒေသများကို ခရီးထွက် လူရိပ်ပြရသေးသည်။ နိုင်ငံမှာ ဒီလိုနေရာများကလည်း များများစားစား မကျန်ရှိတော့။

ခရီးသွားလာရာတွင်လည်း သေနတ်ကိုင်သူ တကျောင်းတည်းဆင်းများ၊ နောက်ကျောဓားနှင့်ထိုးနိုင်သူများကို ခေါ်မသွားချင်တာကြောင့် ကြင်စိုးတချက်ခုတ် နှစ်ချက်ပြတ်၊ အလုပ်သဘောလည်းပြလို့ရ၊ ‘ကြလွှ’ အဆူ အကြိမ်း လည်း လွတ်အောင် သွက်သွက်ခါကို ခရီးသွားလာရေးနှင့်ဆိုင်သည့် နေရာကို ပြောင်းထားခဲ့ပြီး ဖြစ်သည်။ စဥ်းစားကြည့်လျှင် အတော်လေး ဉာဏ်နီဉာဏ်နက်များသည့် ကြင်စိုး ဖြစ်သည်။

သေနတ်ဆိုလို့ သရက်သီးသနပ်လောက်သာ သိသည့် သွက်သွက်ခါနှင့် ခရီးသွားရတာ ကြင်စိုး နောက်ကျောပိုလုံသည်ဟု ခံစားမိသည်။ ဘာဆိုဘာမှ ဗဟုသုတမရှိသူလည်း ဖြစ်သောကြောင့် သူ ဆရာလုပ်ချင်တိုင်းလည်း လုပ်လို့ရသည်။ အခုလည်း နယ်ကတံတားဖွင့်ပွဲ တခုအတွက် အတူရောက်နေကြသည်။

‘ရောက်တဲ့ဒေသမှာ ဒေသသုံးစကားလုံးတွေကို လေ့လာမှတ်သားပြီး ဒေသခံတွေလို ပြောဆိုသုံးနှုန်းတတ်ဖို့ ကြိုးစား’ ကြင်စိုးက ဆရာကြီးလေသံဖြင့် ပြောလိုက်သည်။

‘ ဟုတ်ကဲ့ပါ အဘ၊ ဆရာကောင်းတပည့် ပန်းကောင်ပန် ဆိုသလို ဖြစ်စေရပါမယ်’

သွက်သွက်ခါ ပြန်ဖြေတာကို နားထောင်ရင်း ကြင်စိုးတွန့်ခနဲ ဖြစ်သွားလေသည်။ သဘောရိုးနဲ့ပြောတာလား၊ ဒါမှမဟုတ် ထေ့ငေါ့စောင်းမြောင်း ပြောတာလား ဆိုပြီး အတွေးဝင်သွားသောကြောင့် ဖြစ်သည်။ အခုကာလများ ကလည်း စောင်းတာမြောင်းတာ မပါရင် စကားမပြောတတ်ကြသလောက်ဟု ဆိုရမလိုပင်။

ကြင်စိုးခမျာမှာ အလုပ်ရှုပ်ရသည့်ကြား သင်ရပြုရသည်က အများသား၊ သူကိုယ်တိုင်က တပ်ချုပ်ဆိုလေတော့ စစ်ဦးစီးချုပ်တို့ တတ်အပ်သည့် နောက်တိုးအတတ်ပညာတွေကို ရသည့်အချိန်လေးမှာ ကြိုးစားသင်ယူရပြန် သည်။ ‘ကြလွှ’က မြန်မာစာ ဆရာမ ဖြစ်ခဲ့ဖူးလို့သာ ဘယ်ဟာဆို ထေ့တာ၊ ဘယ်ဟာဆို စောင်းတာ ၊ဘယ်လို စ ကားလုံးမျိုး သုံးပြီး ငေါ့ပြော ရိပြော လုပ်နိုင်တာ အစရှိသဖြင့် သင်ပေးနိုင်လို့သာ တော်ပေသေးသည်။ နို့မဟုတ် လို့ကတော့ အထေ့ငေါ့ အစောင်းအမြောင်း မကျွမ်းကျင်သည့် စစ်ဦးစီးချုပ်အဖြစ် လူအထင်အမြင်သေး ခံရပေ ဦးမည်။

သွက်သွက်ခါလေးကတော့ ကြင်စိုးစကားကို နားထောင်ရှာသည်။ခရီးရောက်မဆိုက်ပင် မှတ်စုစာအုပ်လေး ကိုင်ကာ ဒေသခံများနှင့် အနီးတဝိုက် သွားရောက် ပြောဆိုလေ့လာသည်။ သိလိုသည်များကို မေးမြန်းသည်။

‘အပင်တွေက အများသား၊ ဘာများပါလိမ့်’

‘ဒါက ကြိုးဝိုင်းပါ၊ သစ်တောကြိုးဝိုင်းပေါ့၊ ဒါမျိုးက တော်တော်ရှားသွားပြီ၊ ဒီနယ်တဝိုက်မှာပဲ ကျန်တော့တယ်’ ဟု ဂုဏ်ယူသံဖြင့် ပြန်ဖြေကြသည်။

‘သစ်ပင်တွေ ခုတ်ရောင်းပြီး ဟိုတယ်တွေ ကွန်ဒိုတွေဆောက်လိုက်ရရင် ဘယ်လောက် ကောင်းလိမ့်မလဲ’၊ ဒါက သွက်သွက်ခါ စိတ်ထဲမှာသာ တွေးလိုက်ခြင်း ဖြစ်သည်။ နယ်ခံများနှင့် ကန္တကောစတိုက်ပြီး ပြောရလောက်အောင် အူတူအတ မဟုတ်၊ သူ့ကို လူတွေက မအူမလည် အူကြောင်ကြားမလေးလို့ ထင်ကြတာကို အတော်ခံပြင်းမိသည်။

တကယ်ဆို သူက တကွင်းလုံး ပတ်မကစားနိုင်ပေမယ့် ကွင်းအပြင်က ကောင်းကောင်း ထိုင်ဆဲတတ်သူဖြစ်သည်။ သူကခေသူမဟုတ်၊ အခုဆိုရင် သူလိုလူတွေက အများသား၊နိုင်ငံတကာအနှံ့ လက်ညှိုးထိုးမလွဲပင်။ သူလည်း ကြင်     စိုးတို့အုပ်စုထဲ ရောက်နေလို့သာပေါ့။ မဟုတ်လို့ကတော့ သူကိုယ်တိုင် လိုက်ဖ်လွှင့်ဝေဖန် ကလော်တုတ်ရုံမက၊ စျေးရောင်း၊ မဲဖေါက်လည်း လုပ်နေဦးမည် ဖြစ်သည်။ ဆိုင်အတွက် ဘယ်အနုပညာရှင်ကိုမှ ငွေကုန်ကြေး ကျ ခံပြီး ငှါးရမ်းဖို့ လိုမှာမဟုတ်တော့။

ထိုအခိုက် ခေါင်းပေါ်က ဖြတ်ပျံသွားသည့် ငှက်များကိုတွေ့၍ ဆယ်လ်ဖီ မရမက ရိုက်ပြီး မေးခွန်းမေးလိုက်သည်။

‘ငှက်လေးတွေက လှလိုက်တာ၊ ဘာငှက်တွေလဲဟင်’

‘အဲဒါကြိုးကြာငှက်တွေလေ’

သွက်သွက်ခါ‌ စိတ်ထဲတခု စတွေးမိလိုက်သည်။ ပြီးတော့ ရိုက်လိုက်သောပုံကို ချက်ချင်းဖေစ့်ဘွတ်ပေါ် တင်ဖို့ ကြိုးစားပေမယ့် လိုင်းကမမိ၊ ဒါကို သတိထားမိသူတွေက

‘ဒီဘက်မှာ လိုင်းမရတော့ ဖုန်းပြောချင်ရင်တောင် ကြိုးဖုန်းကိုပဲ သုံးကြရတာ၊ကြိုးဖုန်းကိုပဲ အားထားကြရတယ်’

ခေါင်းထဲအတွေးတခု ဝင်လာသည့်အတွက် သွက်သွက်ခါ မှတ်စုစာအုပ်ထုတ်ပြီး ခပ်မြန်မြန် ကောက်ရေးလိုက် သည်။

ဒီလိုနှင့် သူတို့ နောက်တနေရာ ထပ်ရောက်သွားကြသည်။

‘ဟိုဟာက ဘာလုပ်နေကြတာလဲ’

‘အော် …….ကြိုးကျစ်နေကြတာလေ၊ အုန်းသီးခွံကနေ အုန်းဆံကြိုး လုပ်ကြတာပေါ့’

သွက်သွက်ခါ ‌ကောက်မှတ်လိုက်ပြန်သည်။

အလာပသလာပ ဆက်ပြောကြရင်း ဒီဒေသမှာ ဒီလိုဖွင့်ပွဲမျိုးက ရှားရှားပါးပါးဆိုတော့ ဝတ်ဖို့အတွက် အဝတ် အစားသစ်တွေ မြို့တက်ပြီး ဝယ်ကြသည့် အကြောင်းရောက်သွားသည်။

‘ဘာတွေဝတ်ကြမှာလဲ’

‘ကြိုးကြီးချိတ်လေ၊ တနယ်လုံး အကြိုက်ပေါ့။

ခေါင်းတညိတ်ညိတ်နှင့် သွက်သွက်ခါ စာကောက်ရေးလိုက်ပြန်သည်။ ဒီလိုနှင့် တီးသံ မှုတ်သံတွေ ကြားရသည့်နေရာသို့ ရောက်လာသည်။

နယ်ခံကစပြီး ပြောသည်။

‘ဖျော်ဖြေရေးအတွက်တော့ သိပ်အားမရဘူး၊ ဒီဘက်မှာက တီးဝိုင်းတွေဘာတွေ ငှားဖို့ရမ်းဖို့ မလွယ်ဘူးလေ၊ ဒါကြောင့်ရှိတဲ့ တီးတတ်မှုတ်တတ်တဲ့သူတွေကို စုပြီး အားလုံးရတဲ့သီချင်းသာ တီးကြပေတော့ ဆိုပြီး စီစဉ်ထားရတယ်’

‘ကိစ္စမရှိပါဘူး၊ ဒေသခံတွေချည်းပဲ ဖျော်ဖြေနိုင်တယ်ဆိုတာကပဲ အတော်လေး ဟုတ်နေပါပြီ၊ ဟိုဟာကရော ဘယ်လို ခေါ်သလဲ’ သွက်သွက်ခါ လက်ညှိုးနှင့် ညွှန်ပြရင်း မေးလိုက်သည်။

‘အဲဒါ ကြိုးတပ်တူရိယာတမျိုးပေါ့၊ ဒီဒေသဘက်မှာပဲ တွေ့ရတယ် ဆိုပါတော့’

သွက်သွက်ခါ မျက်နှာက လေးလေးနက်နက် တွေးတောသည့်ပုံ ပေါက်သွားပြီး ခေါင်တဆတ်ဆတ်ငြိမ့်ရင်း ကောက်ရေးချလိုက်ပြန်သည်။ ထို့နောက် သူတို့တနေရာ ဆက်သွားကြသည်။

‘ဟောဟိုမှာ ဒီနေရာကနေမြင်ရတယ် တွေ့လား၊ မနက်ဖြန်ဖွင့်မယ့် တံတားလေ’

ပြောသံအကြား သွက်သွက်ခါ လှည့်ကြည့်မိသည်။ သူ တွေ့ဖူးနေကျ တံတားမျိုးလည်းမဟုတ်၍ မျက်လုံးအဝိုင်းသားဖြစ်သွားသည်ကို ရိပ်မိသွားကြသောကြောင့်-

‘ကြိုးတံတားပေါ့၊ မလှဘူးလား၊ ဒီနယ်တဝိုက်မှာ ဒီကြိုးတံတား တခုပဲရှိတာ’လို့ ဝင်ပြောကြသည်။

တခုခုကို သေချာသွားသည့်ဟန်ဖြင့် သွက်သွက်ခါ ခေါင်းတညိတ်ညိတ် ဖြစ်သွားပြန်သည်။ ထုံးစံအတိုင်း မမေ့မလျော့ မှတ်စုစာအုပ်လေးထဲလည်း ချရေးလိုက်သည်။

ဤသို့ဖြင့် တံတားဖွင့်ပွဲနေ့သို့ ရောက်လာခဲ့လေသည်။ တံတားဘေးရှိ စင်မြင့်ပေါ်တွင် အခမ်းအနားမှူး လုပ်နေသူက သွက်သွက်ခါလေး ကိုယ်တိုင်ပင်ဖြစ်သည်။ အခမ်းအနား စခါစမှာပဲ မိုးဖွဲလေးကျလာ၍ ကြင်စိုး ထိုင် နေရာမှနေ မလှမ်းမကမ်းရှိ တံတားအဝင်အထွက် ဂိတ်စစ်ဆေးရေးအတွက် ဆောက်လုပ်ထားသော အုတ်တိုက် လေးအတွင်းသို့ ခဏနေရာပြောင်းလိုက်ရသည်။

မိုးကသိပ်မသည်းသလို သိပ်လည်းမကြာလိုက်သဖြင့် အစီအစဉ်များကို ဆက်လက်ပြုလုပ်နေရာက ကြင်စိုးအလှည့်ရောက်လာသည်။ သွက်သွက်ခါက ရေးမှတ်ထားသော ကြင်စိုး၏ ဘွဲ့ထူးပေါင်းများစွာကို အရင်ဦးစွာ ရွတ်ပြ လေသည်။

‘အသားတိုး မဟာသားရေစီးကျသူ’

‘အသားတိုးသည့် သုဓမ္မာ နန္ဒဝန် လှိုင်သာယာ မီးခွက်စျေး ကြင်စိုး’ ဆိုသည်မျိုးနှင့် အစချီပြီး ရွတ်ဖတ်သံကို ကြား ရသောအခါ ဒေသခံများအတွက်တော့ တိရိစ္ဆာန် မွေးမြူရေး အသားတိုးလုပ်ငန်း ဆောင်ပုဒ်လိုလို၊ စည်ပင်သာ ယာ စျေးနံမည်များလိုလို ရောရောထွေးထွေး ဖြစ်ကုန်ကြသည်။

သွက်သွက်ခါလည်း အတော်မောသွားသည့်ဟန်ဖြင့် ရေတကျိုက် သောက်လိုက်ပြီး ကြင်စိုးကို စင်ပေါ်သို့ ဖိတ် ခေါ်လိုက်သည်။ ကြင်စိုးမှာကြားထားသလို ဒေသသုံးစကားလုံးများ လေ့လာထားသည်ကိုလည်း ပေါ်လွင်အောင် အတုခိုးရွတ်ပြလိုက်သည်။

‘အများ မျှော်လင့်စောင့်စားနေကြတဲ့ ကြိုးတိုက်ထဲက အဘကြင်စိုး ကြိုးစင်ပေါ်သို့ တက်ရမယ့် အချိန်ဖြစ်ပါ တယ်’ဆိုပြီး သံနေသံထားဖြင့် ခေါ်လိုက်ပါတော့သည်။ ဘာကြောင့်မှန်းတော့မသိ၊ လက်ခုပ်သံတဖြောင်းဖြောင်း က စဲကိုမစဲနိုင်တော့။ တချို့ဆို လက်ခေါက်တွေဘာတွေတောင် မှုတ်လိုက်သေးသည်။ အလွန်အမင်း ဝမ်းသာအား ရ ဖြစ်သွားကြသည့် ပုံပေါက်သည်။

သွက်သွက်ခါဆီမှ မျှော်လင့်မထားသော စကားသံ ကြားလိုက်ရသည် ဆိုရင်ပဲ စကားလုံးများ၏ အတိတ်နိမိတ် အဓိပ္ပါယ်တို့ကို အစွဲအလန်း ကြီးကြီး ယုံကြည်လေ့ရှိသည့် ကြင်စိုး စောင့်နေသည့်နေရာမှ အပြင်ကို စိတ်တိုတိုနှင့် အပြေး ခုန်ထွက်သွားသည်။ ဒေါသများဖြင့် ကြိတ်မနိုင်ခဲမရ ဖြစ်နေသော ကြင်စိုး စိတ်ကို မထိန်းနိုင်တော့ပဲ မြေ ကြီးပေါ်  ဆွေ့ဆွေ့ခုန် ပါလေတော့သည်။ ကံဆိုးချင်တော့ သူခုန်လိုက်သောနေရာမှာ နွားချေးပုံ လတ်လတ် ဆတ် ဆတ်ကြီး ဖြစ်နေလေသည်။

ထို့ကြောင့် ဒေါသပိုထွက်လာသော ကြင်စိုးသည် မလှမ်းမကမ်းတွင် မြင်ရသော နွားအုပ်ကို ကြည့်ပြီး ဒင်းတို့ လက်ချက်ပဲ ဖြစ်ရမည်ဟု တွက်ကာ ရန်ပြုဖို့ အပြေးထွက်သွားတော့သည်။ နွားအုပ်ကြီးကတော့ တပ်ချုပ်သော၊ ကာချုပ်သော ဘာမှနားမလည်၊ သူတို့ကို ရန်လာရှာသည့် ပုပုသေးသေး သတ္တဝါတကောင်ဟုသာ မြင်ပြီး ပြန်လိုက် ခွေ့ကြလေသည်။

ထိုအခါ သူရသတ္တိနှင့် ပြည့်စုံလှသော ကြင်စိုးခမျာ ကသောကမျော နှင့် နောက်လှည့်ပြန် ပြေးပါတော့သည် ။ ကြင်စိုးက ရှေ့ကပြေး၊ နွားများကနောက်ကလိုက်၊ နွားအုပ်နောက်က ကြင်စိုး၏ လုံခြုံရေးများကလည်း အပြေးလိုက် ကြနှင့် မြင်ကွင်းတခုလုံး ဗရုတ်သုတ်ခ ဖြစ်ကုန်ပါတော့သည်။

ကြိုးတံတားဖွင့်ပွဲလုပ်မည့် အနီးအပါးရှိသူများအားလုံး ဖြစ်ပျက်နေသမျှကို မြင်နိုင်သော်လည်း လုံခြုံရေးအစီအမံ တင်းကြပ်မှုကြောင့် ခပ်လှမ်းလှမ်းတွင် နေရာချထားသည့် တီးဝိုင်းကတော့ ဘာမှမမြင် ဘာမှမသိ။ သူတို့ကို ပြောထားသည်က ‘စင်ပေါ်ကိုသာ အဝေးကလှမ်းကြည့်ပြီး စောင့်နေကြ၊ စင်ပေါ်မှာ ဘယ်သူမှ မတွေ့ရတာနဲ့ ကျင့်ထားတဲ့ သီချင်းကို ဆိုကြတီးကြ’ဟု လွယ်ကူအောင် မှာထားကြသည်။

အိုကြီးအိုမနှင့် ပြေးနေရရှာသော ကြင်စိုးခမျာ ဘယ်လိုလုပ်ပြီး နောက်က လိုက်ခွေ့သော နွားအုပ်ကို ရှောင်နိုင်ပါမည်နည်း။ ဤပုံအတိုင်းသာဆိုလျှင် မကြာခင် နွားချိုထိပ်ဖျား ကြင်စိုးကားကနဲ ဖြစ်လေတော့မည်ဟု စိုးရိမ်သွားမိသည့် လုံခြုံရေးတယောက်က သေနတ်ဖောက်ပြီး နွားအုပ်ကို ခြောက်လှန့်ပါတော့သည်။

သေနတ်သံ ဒိုင်းခနဲကြားလိုက်ရသည်နှင့် စင်ပေါ်မှ သွက်သွက်ခါသည် သူ့ခေါင်းထဲ အမြဲတွေးပြီး စိုးရိမ်ပူပင်နေသည့် ပီဒီအက်ဖ်တို့ စီးနင်းတိုက်ခိုက်လေပြီဟု ထင်မှတ်ကာ စင်အောက်သို့ ကြောက်လန့်တကြား ပြေးဝင်ပုန်းလေတော့သည်။

သေနတ်သံကြောင့် နွားအုပ်ကြီးလည်း ရှဲသွားကာ ကြင်စိုးနောက်သို့ ဆက်မလိုက်တော့။ ဒေါသမပြေနိုင်သော ကြင်စိုးက ဟောဟဲဆိုက်နေရှာသည်။ ထို့နောက် စိတ်တိုတိုနှင့် တံတားကို ဖွင့်မပေးတော့ပဲ နေပြည်တော်သို့ ပြန်ဖို့ ကားဆီသို့ ဦးတည်လျှောက်သွားလေသည်။

အဝေးမှ အကဲခတ်နေသော တီးဝိုင်းကလည်း စင်ပေါ်တွင် မည်သူမှ မရှိတော့သည့်အတွက် သူတို့ကို မှာထားသည့် အတိုင်း အားလုံးနားရည်ဝနေသည့် တပုဒ်တည်းသောသီချင်းကို ကောက်ခါငင်ကာ ဆိုပါလေတော့သည်။

♪ ရန်သူငါးပါးထဲမှာ

  အင်မတန်ဆိုးဝါးလှတာ

  သူခိုးဓားပြထက် ဆိုးတဲ့ရန်သူပါ ♫

ကားထဲဝင်အထိုင် တစွန်းတစကြားလိုက်ရသော သီချင်းကြောင့် သူ့ကို စောင်းမြောင်း ဆိုလေသည်ဟု အထင်မှားသွားသည့် ကြင်စိုးတယောက် စိတ်ဆိုးမာန်ဆိုးနှင့် ထိုင်ရက် ခုန်လိုက်သည်တွင် ကားခေါင်မိုးနှင့် ကြင်စိုး ဦးခေါင်းတိုက်မိကာ အမလေး အဘလေး အော်နေရရှာသည်။ နာနေသည့်ခေါင်းကို အသာပွတ်ပြီးနောက် ကြိတ်မနိုင် ခဲမရ ဒေါသ အလိပ်လိုက် ထွက်နေသည့် ကြင်စိုးက ကားကို အမြန်မောင်းထွက်သွားစေပါတော့သည်။

စင်အောက်မှာ ဝင်ပုန်းနေသည့် အူကြောင်ကြားမလေး သွက်သွက်ခါ ခမျာတော့ ‘ဘကြင်က သူပဲ ဒေသခံ စကားလုံးတွေ မှတ်ထားပြီး သူတို့တွေလို လိုက်ပြောရမယ် ပြောတယ်။ အခု ဘကြင်မှာတဲ့အတိုင်း ဘာစကားပဲ ပြောပြော ‘ကြိုး’ ဆိုတဲ့ စကားလုံး ပါအောင် အမြဲထည့်ပြောတတ်တဲ့ နယ်ခံတွေအတိုင်း လိုက်ပြီးပြောပြန်တော့လည်း သူကအကြီးအကျယ် စိတ်ဆိုးသွားပြန်လေပါရော၊ နားကိုမလည်နိုင်တော့ပါဘူး’ဟု ကြောက်စိတ်မပြေသေးသည့် ကြားက မျက်လုံးလေး ကလယ်ကလယ်နှင့် ဆက်တွေးနေပါတော့သည်။

ကဲ…..သွက်သွက်ခါလို အူကြောင်ကြားမလေးကို ကြင်စိုးအသည်း တဆတ်ဆတ်ခါ တဆတ်ဆတ်နာ မိသွားရတာ က ကြင်စိုးရဲ့အပြစ်လို့ ဘယ်သူကများ ပြောနိုင်ကြဦးမှာပါလဲ။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar