ကိုအောင်မှိုင်း - တော်လှန်စစ်နဲ့ တော်လှန်ပြည်သူ
ကိုအောင်မှိုင်း - တော်လှန်စစ်နဲ့ တော်လှန်ပြည်သူ
မိုးမခ ၊ ဇူလိုင် ၂၉ ၊ ၂၀၂၅
အိမ်ထဲက အိမ်ပြင်ကို ခြေဖျားတောင် လွတ်လွတ်လပ်လပ် မချရဲတဲ့သူတွေက အိမ်ဝမှာ ပြူတစ်ပြူ တစ် လုပ်ခွင့်လည်းရရော မာနတွေ တက်ပြလိုက်တာကြားရတော့ နှုတ်သီးဖြတ်ရိုက်ခြင်း အနုပညာကို သတိရသွားမိတယ်။ ကျနော်တို့ အဘိဓမ္မာရဲဘော်တွေ အချင်းချင်း နောက်ပြောင်ကျီစယ်တဲ့ အသုံးအနှုန်းတခုပါ။ မောက်မောက်မာမာ လူတွေ တွေ့တာနဲ့ နှုတ်သီးဖြတ်ရိုက်လိုက်မယ် ပြောကြရင်း အနုပညာကို တွဲလိုက်တာပါ။
ဖက်ဆစ်စစ်တပ်ဟာ အိမ်ပြင်ဘက်ကို ခြေဖျားလေး နည်းနည်းချခွင့်ရတာနဲ့ ပထမဆုံး စော်ကား လိုက်တာက ပြည်သူလူထုကို အဓိကဖြစ်တာ တွေ့ရပါတယ်။ စစ်တပ်ကို မထောက်ခံရင် သူပုန်ပဲ ဆိုတဲ့ မိုက်မိုက်ရိုင်းရိုင်း စိန်ခေါ်မှုဟာ စစ်အုပ်စုရဲ့ လူထုတရပ်လုံးပေါ် သဘောထားဆိုတာ သေချာလှပါတယ်။ စစ်တပ်ကို မထောက်ခံရင် သတ်မယ် ဖြတ်မယ် နှိပ်စက်မယ် မီးရှို့မယ် ဗုံးကြဲမယ် စတဲ့ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်းလုပ်မယ်ဆိုပြီး စစ်ရာဇဝတ်ကောင်တွေက ပြည်သူလူထုကို ခြိမ်းခြောက်လိုက်တာလို့ ပြောရမှာဖြစ်ပါတယ်။
ပြည်သူလူထုဆိုတာ ထောက်ခံ၊ ကြားနေ၊ ကန့်ကွက် ဆိုတဲ့ အနေအထား သုံးမျိုးရှိစမြဲပါ။ စစ်အုပ်စု ကတော့ စစ်တပ်ကို မထောက်ခံရင် အားလုံးသူပုန် ဆိုတဲ့ အယူအဆဖြစ်တယ်ဆိုတာ ဖွင့်ပြောလာ တဲ့အထိ မောက်မောက်မာမာ မိုက်မိုက်ရိုင်းရိုင်း စိတ်ထားတွေကို ဖော်ပြလာပြီဆိုတော့ ကျနော်တို့ ပြည်သူလူထုအနေနဲ့လည်း လက်တွေ့ဘဝအရ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး တိုက်ပွဲတွေမှာ အ ရင်ကထက် သတိကြီးကြီးထား အလုပ်လုပ်ကြရတော့မယ် ဆိုတာတော့ အတော်သေချာနေပါတယ်။
နွေဦးတော်လှန်ရေး ၅ နှစ်တာကာလမှာ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေအတွင်း အားသာ ချက်တွေ၊ အားနည်းချက်တွေ ရှိနေတယ်ဆိုတာတော့ အသိအမှတ်ပြု လက်ခံရမှာ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးကြီး ဆိုတာက လူထုထောက်ခံမှု ၉၀ ရာခိုင်နှုန်းကျော်နဲ့ ဆင်နွှဲခဲ့တဲ့ ပြည်သူ့တော်လှန်ရေးကြီး ဖြစ်တယ်ဆိုတာကို မေ့ပစ်လို့မရပါဘူး။ သေချာတာက ကျနော်တို့မှာ အားသာချက်တွေရှိနေလို့ လည်း စစ်အုပ်စုနဲ့အပေါင်းပါတွေကို ၅ နှစ်တိုင်တိုင် ခုခံတော်လှန်စစ်ဆင်နွှဲနိုင်တာဖြစ်တယ်လို့ ပြောရမှာဖြစ်ပါတယ်။
ဒီနေရာမှာ အားနည်းချက်တွေကလည်း ရှိနေတာအသေအချာပါဘဲ။ ဦးဆောင်မှုအပိုင်းမှာ ဖြစ်ပေါ် လာတဲ့ အားနည်းချက်တွေ၊ မဟာဗျူဟာ အားနည်းချက်တွေ၊ ပေါ်လစီဆိုင်ရာ အားနည်းချက်တွေ၊ လုပ်ငန်းစီမံခန့်ခွဲမှုဆိုင်ရာ အားနည်းချက်တွေ၊ဘဏ္ဍာငွေဆိုင်ရာ စီမံခန့်ခွဲမှုအားနည်းချက်တွေကအစ တပ်တည်ဆောက်မှုဆိုင်ရာပြဿနာ တပ်ဖွဲ့စည်းမှုဆိုင်ရာပြဿနာတွေကို ကျနော်တို့ ကနေ့တွေ့ကြုံ ရင်ဆိုင်ကျော်လွှားနေကြရတာ ဖြစ်ပါတယ်။ အဓိက ပြဿနာကတော့ အစိုးရတရပ်အနေနဲ့ တိုင်းရင်းသားတွေရဲ့ ယုံကြည်ကိုးစားမှုကို အခိုင်အမာ မရရှိတာလို့ ပြောရမယ်ထင်ပါတယ်။
လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်နေသူတွေအားလုံး တိုက်ခိုက်ရေးမှာ ပါဝင်နေတဲ့ ရဲဘော်တွေ ကအစ ထောက်ပံ့ရေးတာဝန်ယူနေတဲ့ ရဲဘော်တွေအဆုံး အားလုံးက ကိုယ်ကျိုးစွန့်အနစ်နာခံသူ တွေချည်းဖြစ်တယ် ဆိုတာတော့ အသိအမှတ်ပြုရပါလိမ့်မယ်။။ ဆိုလိုတာက ငါတို့ ကိုယ်ကျိုးစွန့် လုပ်နေကြတာပဲ ဆိုတာလောက်နဲ့တော့ မလုံလောက်ဘူးလို့ ထင်တယ်။ ဦးစီးဦးဆောင်သူတွေမှာ ဦးစီးဦးဆောင်နိုင်တဲ့ အရည်အသွေးတွေ ရှိဖို့ လိုအပ်ပါတယ်။ ဒါကို တာဝန်ယူမှု၊ တာဝန်ခံမှုလို့ ကျနော်တို့ပြောလေ့ရှိပါတယ်။
တိုင်းပြည်ကို ခေါင်းဆောင်နေသူတဦးနဲ့ သာမန်ရဲဘော်တဦးကြားမှာ တာဝန်ယူမှုနဲ့ တာဝန်ခံမှုက အများကြီး ကွာခြားပါတယ်။ ကိုယ်ကျိုးစွန့်ကြတာချင်းကတော့ အတူတူပါပဲ။ လူသားတိုင်းမှာ အ သက်တချောင်းပဲ ပါကြတာကိုတော့ လေးနက်ဖို့ လိုပါတယ်။ တော တောင်တွေထဲ၊ တိုက်ပွဲတွေထဲမှာ အသက်တွေ စွန့်ကြတယ်။ အကျဥ်းထောင်တွေထဲမှာ အသက်တွေ စွန့်ကြတယ်။ လမ်းပေါ် လူထုတိုက်ပွဲတွေထဲမှာ အသက်တွေ စွန့်ကြတယ်။ ဘဝတွေ အပျက်ခံကြရတယ်။ အာဇာနည်ရဲဘော်တွေရဲ့ ပြည်သူလူထုအတွက် ပေးဆပ်ကြတဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှု ဆိုတာကို မမေ့လျော့ဖို့ လိုပါတယ်။ အသက်အရွယ် အပိုင်းအခြားမရှိ လူကြီး လူငယ် လူရွယ်တွေအားလုံး ပြည်သူလူထုအတွက် ပေးဆပ်ကြတဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုဆိုတာကို မမေ့လျော့ဖို့ လိုပါတယ်။ ခေါင်းဆောင်ဆိုသူတွေကမှ စွန့်လွှတ်အနစ်နာခံတာ မဟုတ်ဘူး ဆိုတာကတော့ တော်လှန်ရေးရဲ့ အဓိကပြဋ္ဌာန်းချက်တရပ် ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးဟာ အရှိန်အဟုန်ပြင်းစွာနဲ့ ရှေ့ဆက်သွားနေပါတယ်။ ခုန်ချလိုသူတွေလည်း ခုန် ချနိုင်ပါတယ်။ ရှေ့ဆက်သွားလိုသူတွေလည်း ရှေ့ဆက်သွားနိုင်တယ် ဆိုတာကတော့ မိမိကိုယ်တိုင်ရဲ့ ရွေးချယ်မှုလို့ ပြောလိုပါတယ်။ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူရိုကရေစီယန္တရားကို အကုန်အစင်ဖျက်သိမ်းရေးဆိုတာက နွေဦးတော်လှန်ရေးကာလမှ စခဲ့ကြတာမဟုတ်ပါဘူး။
ဒီမိုကရေစီစနစ်ကို ရိုက်ချိုးခံရလို့ တိုင်းရင်းသားတွေရဲ့ တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ရိုက်ချိုးခံရလို့ ခုခံတော်လှန်ခဲ့ကြတာက ပြည်တွင်းစစ်မီး တောက်လောင်ခဲ့ရတာ ဖြစ်တယ်ဆိုတာတော့ ကျနော်တို့ နားလည် လက်ခံနိုင်ကြမှာပါ။ မြန်မာနိုင်ငံသမိုင်းဟာ လက်နက်ကိုင်တိုက်ပွဲသမိုင်း ဖြစ်ပါတယ်။ အနှစ် ၇၀ ကျော်ကြာ ပြည်တွင်းစစ်သမိုင်းမှာ ဘယ်တုန်းကမှ စေ့စပ်ဆွေးနွေးပြီး ငြိမ်းချမ်းရေးရခဲ့တာ မရှိခဲ့ပါဘူး။ လက်နက်ကိုင်တိုင်းရင်းသားအင်အားစုတွေကိုယ်တိုင်လည်း အပစ်အခတ် ရပ်စဲရေးဆိုတာနဲ့ တန်းတူရေး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ဘယ်တုန်းကမှ မတည်ဆောက်နိုင်ခဲ့ပါဘူး။
နွေဦးတော်လှန်ရေးဟာ လူထုမုန်တိုင်း ဖြစ်ပါတယ်။ တော်လှန်သူတို့နဲ့ ဖော်က်ပြန်သူတွေရဲ့ တိုက်ပွဲ ဖြစ်ပါတယ်။ ဖောက်ပြန်သူဆိုရာမှာ နယ်ပါယ်အသီးသီးမှာ ဖြစ်တည်နေပါတယ်။ ကျနော်တို့ တော် လှန်သူအချင်းချင်း ညီညွတ်ကြဖို့နဲ့ နယ်ပယ်အသီးသီးက ဖောက်ပြန်သူတွေကို ပြတ်ပြတ်သားသား တိုက်ပွဲဝင်ဖို့က ကျနော်တို့ စစ်အနိုင်တိုက်နိုင်ဖို့ တခုတည်းသော လမ်းစဥ်ဖြစ်ပါတယ်။ တော်လှန် ရေးမှာ နေရာပြဿနာဟာ တော်လှန်ရေးတခုလုံးကို ဦးကျိုးစေတတ်ပါတယ်။ ဒါကို တော်လှန်သူတို့ အနေနဲ့ အလေးအနက်ထားရပါလိမ့်မယ်။ တော်လှန်ရေးအတွက် နေရာအံဝင်ခွင်ကျဖြစ်မှုဟာ တော်လှန်ကာလ အချိန်ကြာမြင့်မှုနဲ့ တိုက်ရိုက်အချိုးကျလေ့ရှိပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ဒီပြဿနာဟာ တခုလုံးဆိုင်ရာပြဿနာ ဖြစ်လာတတ်ပါတယ်။ တော်လှန်ရေးရေချိန် အတက်အကျကို ရံဖန်ရံခါ နေရာပြဿနာက ဆုံးဖြတ်တဲ့အခန်းကို ရောက်သွားတတ်ပါတယ်။ သေချာတာက နေရာပြဿနာဆိုတာ ကိုယ်ကျိုးစီးပွားကာကွယ်ရေးပြဿနာသာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။
တော်လှန်ရေးတိုင်းရဲ့ အတွင်းသဘောက ပါတီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် တဦးတယောက် တဖွဲ့ တပါတီ အကျိုးစီးပွားနဲ့ ပြည်သူလူထုအကျိုးစီးပွါး ထိတ်တိုက်ဖြစ်ပြီဆိုရင် ပြည်သူလူထုအကျိုးစီးပွားကို ဦးထိပ်ထားရမယ်ဆိုတာ စည်းတခုဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုအားလုံးက လိုက်နာဖို့ လိုပါတယ်။ ဒါမှ လူထုကိုစည်းရုံးပြီးရန်သူကို အနိုင်တိုက်နိုင်မှာ ဖြစ်ပါတယ်။ ကနေ့နွေဦးတော်လှန်ရေးမှာ လူထုတောင်းဆိုမှုတချို့ကို ကျနော်တို့ ကျယ်ကျယ်လောင်လောင် ကြားလာရပါတယ်။
အဲဒါကတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေး ဆိုတဲ့ တောင်းဆိုချက်များ ဖြစ်ပါတယ်။ အဖွဲ့အစည်းတချို့၊ တက်ကြွလှုပ်ရှားသူတချို့၊ လက်နက်ကိုင်တပ်ဖွဲ့တချို့ စသည်ဖြင့် တောင်းဆိုသံတွေ ညံလာခဲ့တာ တွေ့ရပါတယ်။ သဘာဝကျတယ်လို့ ကျနော်တို့ ယူဆပါတယ်။
နွေဦးတော်လှန်ရေးကို အနက်ဖွင့်မယ်ဆိုရင် ဖက်ဆစ်စစ်အုပ်စုနဲ့ ပြည်သူလူထု စီးချင်းထိုးကြခြင်း ဖြစ်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒီနေရာမှာ ပြည်သူလူထုကိုယ်စား တာဝန်ယူမှု တာဝန်ခံမှုနဲ့ လူ ပုဂ္ဂိုလ်တချို့ ခေါင်းဆောင်တချို့က စီးချင်းထိုးရာမှာ အလံကိုင်တွေအဖြစ် ဆောင်ရွက်ကြတာ ဖြစ် ပါတယ်။ တော်လှန်ရေးကာလ ၅ နှစ်ကြာလာတဲ့အခါ အလံကိုင်တချို့ဟာ လက်ရည်မမီတာတွေ၊ ပုဂ္ဂိုလ်ရေးအားနည်းချက်တွေ၊ ခေါင်းဆောင်မှုဆိုင်ရာအားနည်းချက်တွေ အမှန်တကယ်ဖြစ်ပေါ်လာတာ သဘာဝကျတယ်လို့ ပြောရမှာပါ။
အဓိက ကတော့ ကျနော်တို့ ပြင်ကိုပြင်ရမယ် ဆိုတဲ့အသိကို လက်ခံရပါလိမ့်မယ်။ ပြင်ဆင်တယ်ဆိုရာမှာလည်း ထိထိရောက်ရောက် ပြင်ဆင်ဖို့လိုမှာ ဖြစ်ပါတယ်။ တော်လှန်စစ်နဲ့ တော်လှန်ပြည်သူတွေကြား ဆက်စပ်မှုဟာ ညီညွတ်ရေး၊ စစ်အနိုင်တိုက်ရေးနဲ့ စစ်အနိုင်တိုက်ရေး ညီညွတ်ရေး ဖြစ်တယ်ဆိုတာ ပြောပါရစေဗျာ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar