အလုပ်သမားသမဂ္ဂများ သပိတ်၊ သမ္မတလောင်းများ ဒီဘိတ်နဲ့ ထရန့်အလိမ် သောင်းပြောင်းထွေလာ
အလုပ်သမားသမဂ္ဂများ သပိတ်၊ သမ္မတလောင်းများ ဒီဘိတ်နဲ့ ထရန့်အလိမ် သောင်းပြောင်းထွေလာ
နိုင်ငံတကာသာဂိ၊ (မိုးမခ) စက်တင်ဘာ ၂၇၊ ၂၀၂၃
မနက်ခင်းမှာ အမေရိကန် ကုန်းတွင်းပိုင်း ပြည်နယ်တွေက မော်တော်ကားစက်ရုံ အလုပ်သမားတွေ လုပ်ခလစာတိုးဖို့အရေး ဆန္ဒပြနေတဲ့ဆီ သမ္မတကြီး ဘိုင်ဒင် သွားပြီး ထောက်ခံအားပေးတဲ့အကြောင်း သတင်းတွေ တက်လာပါတယ်။ ဟုတ်ပါတယ်၊ အော်တိုအလုပ်သမားသမဂ္ဂတွေက ကားကုမ္ပဏီကြီး ၃ ခုကို တပြိုင်နက်တည်း သပိတ်မှောက် အလုပ်မတက်ဘဲနေကြတာ ရက်ကြာပြီ။ လစာကို ၃၅% အထက် တိုးတောင်းတယ် ဆိုပါတယ်။ အခု မော်တော်ကားစက်ရုံလုပ်သား ပျမ်းမျှ တနှစ် ဒေါ်လာ ၁ သိန်းခွဲ ကျော် ရနေတာကနေ ၃ သိန်းနှစ်စဉ် အထိ လစာတိုးတောင်းတာလို့ အလုပ်ရှင်တွေက စွပ်စွဲပါတယ်။ တကယ်က အဲသလောက် မများပါဘူး၊ အလုပ်သမားတွေက ၂၀၀၈ စီးပွားပျက်ကပ်ဆိုက်တော့ အနစ်နာခံပြီး ခံစားခွင့်တွေ လျှော့ပြီး အလုပ်လုပ်ခဲ့ကြတာ အခု မော်တော်ကားလုပ်ငန်းရှင်တွေ အမြတ်ပေါ်နေချိန် နည်းနည်းတော့ အလုပ်သမားတွေ ခွဲဝေပေးဖို့ လိုကြောင်း ဘိုင်ဒင်က ထောက်ပြသွားပါတယ်။
အမေရိကန် ကုန်းတွင်းပိုင်းမှာ ကော်လာပြာ စက်ရုံလုပ်သားတွေချည်း အများဆုံး၊ လူဖြူတွေက ကော်လာပြာ အများဆုံး။ လုပ်ခလစာလည်း ကောင်းကြပါတယ်။ ဒါနဲ့ပဲ အရိုးထုတ်ကြတော့ ပင်စင်ယူရင်လည်း စက်ရုံကရမယ့် ပင်စင်တို့ 401(k) တို့ကိုပဲ အားကိုးကြပါတယ်။ မြန်မာတောင်သူလယ်သမားတွေ လိုပေါ့ဗျာ။ သည်လူတွေ၏ မဲက သမ္မတဖြစ်အောင် လုပ်ပေးနိုင်ပါတယ်။ ထရန့်ကြီး အာဏာရသွားတာ အဲသည် ကော်လာပြာတွေကို လှုံ့ဆော်ထကြွအောင် လုပ်နိုင်လို့ပါ။ အညာက လိုကယ်ပီဒီအက်ဖ်တွေဟာ တောင်သူ တောသား လယ်သမား ကော်လာတောင် မပါ၊ စွပ်ကြယ် ဂျိုင်းပြဲတွေပါ။ သူတို့ တော်လှန်တော့ မအလ ငါးပါးမှောက်နေတာ မြင်တဲ့အတိုင်းပဲ။
အခု ၂၀၂၄ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ သမ္မတလောင်းအဖြစ် ပါတီက ရွေးဖို့အရေး သမ္မတလောင်းဖြစ်ချင်သူ ရီပတ်ဘလစ်ကန်ခေါင်းဆောင် ၁၇ ဦး လောက်ရှိပါတယ်။ ထရန့်နဲ့ ဆို ၁၈ ဦးပေါ့။ ဝင်ပြိုင်ဖို့ မဲဆွယ်နေကြတာ။ အခု တီဗီကနေ အတိုက်အခံပါတီ ရီပတ်ဘလစ်ကန် သမ္မတလောင်းများ ဒီဘိတ် (စကားရည်လုပွဲ) သည်ညက လုပ်သွားပါတယ်။ ထရန့်ကတော့ သူ့ကို အမေရိကန်တရားရေးဌာနက ရာဇဝတ်မှုတွေ တရားမမှုတွေနဲ့ အမှုတွေ စွဲထားလို့က တကြောင်း၊ သူ့ကိုယ်တိုင်က သည်လို အခြားသမ္မတလောင်းများနဲ့ ယှဉ်စရာမလိုဘူးလို့ အထင်ရောက်နေတာက တကြောင်း ဒီဘီတ်မှာ ဝင်မပြိုင်ပါဘူး။ သူ့ပလက်ဖောင်းတွေကပဲ ပြောဆို ဟောပြော ချေချွတ် ချေပတာတွေ လုပ်နေပါတယ်။ ရီပတ်ဘလစ်ကန်တွေကတော့ ထရန့်ကို နည်းနည်းတော့ စိတ်ပျက်လာပါပြီ။ ၂၀၂၀ ရွေးကောက်ပွဲကို လုပ်ကြံဖျက်ဆီးဖို့ ဆိုတဲ့ အမှုတွေ စွဲချက်တွေ တင်ခံနေရတော့ သူ့ကို ၂၀၂၄ ဝင်ပြိုင်ခိုင်းရင်လည်း သည်တခါ မနိုင်ရင် တပြည်လုံးတင်မကဘူး၊ တကမ္ဘာလုံး မီးပတ်ရှို့မလားတောင် မသိဘူးကိုး။
သတင်းများကတော့ - ကိုယ်စားလှယ်လောင်းများအချင်းချင်း အပြန်အလှန်တိုက်ခိုက်ကြပြီး Trump ကိုလည်း အခုသည်စကားစစ်ထိုးပွဲကို ဝင်မပြိုင်သောကြောင့်လည်း ဝိုင်းဝန်း ရှုံ့ချပြစ်တင်ကြပါတယ်။ ဆွေးနွေးပွဲတွင် UAW မော်တော်ကားအလုပ်သမားသပိတ်၊ ကိုယ်ဝန်ဖျက်ချခွင့်အရေးကို တိုက်ခိုက်ခြင်း နှင့် နိုင်ငံတော်ဘတ်ဂျက်ကို ကန့်သတ်ရေးတွေ ပါဝင်ပါတယ်။
ဒီနေ့မှာ ထရန့်ကို လိမ်ညာမှုနဲ့ နယူးယောက်မြို့တော် တရားရုံးက တာဝန်ရှိတယ်လို့ ဆုံးဖြတ်ပါတယ်။ သူ၏ စီးပွားရေး ငွေကြေးတွေကို အမှန်ထက်ပိုပြီး ဖောင်းပွထားတယ်၊ လိမ်ထားတယ်လို့ ဆုံးဖြတ်လိုက်တာပါ။
သတင်းတွေမှာ ရေးထားတာကတော့ - နှစ်ပေါင်းများစွာ ငွေကြေးလိမ်လည်မှုဖြင့် Donald Trump နှင့် Trump ကုမ္ပဏီကို New York တရားသူကြီးက စီရင်ဆုံးဖြတ်ခဲ့သည်။ တရားသူကြီး၏ စီရင်ချက်သည် ကျန်ရှိသော အခြား လိမ်ညာမှုများ လှည့်စားမှုများကို ထုတ်ဖော် အရေးယူရန် မျှော်လင့်ထားသည်ဟု ဒီမိုကရက်တစ်ပါတီက မှတ်ချက်ပေးထားပါတယ်။
၂၀၁၉ ခုနှစ်စာရင်းအရ Trump ၏အသားတင်ပိုင်ဆိုင်မှုသည် $ 3.1 ဘီလီယံရှိမည်ဟု ခန့်မှန်းထားသည်။ အဲဒီထဲက တစ်ဝက်လောက်က သူ့ရဲ့ နယူးယောက်စီးတီးအိမ်ခြံမြေလုပ်ငန်းက လာပြီး သုံးပုံတစ်ပုံလောက်က သူ့နိုင်ငံနဲ့ နိုင်ငံတကာက အိမ်ခြံမြေတွေကနေ လာတာပါ။ တကယ်တန်ဖိုးထက် စျေးပိုပြပြီး လူထုကို လှည့်စားခဲ့တယ်လို့ ပြစ်တင်လိုက်တာ ဖြစ်ပါတယ်။ သည်တော့ နယူးယောက်ပြည်နယ်မှာ ထရန့်၏ စီးပွားလုပ်ခွင့်အားလုံးကို ပိတ်ပင်ခြင်း၊ တားမြစ်ခြင်းတွေအထိ ဥပဒေအရ လုပ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။
မြန်မာပြည်မှာဆိုရင် တွေ့တဲ့ လယ်ကွက်ကို လက်ညှိုးထိုးကာ ငွေ မတန်တဆ ဘဏ်က လိမ်ချေးပြီး စီးပွားရေးလုပ်စားသူတွေလိုမျိုး ဖြစ်မယ် ထင်ပါတယ်။ ဒီလူမျိုးကို ယုံပြီး ဘုရားလူကြီးခန့်လိုက်မိတာ မှန်ပါ့မလား ဒကာကြီးလို့ မေးရင် မင်းအောင်လှိုင်လို ကောင်မျိုးကတော့ မှန်ပါတယ် မှန်ပါတယ်လို့ ဖြေမှာ သေချာပါတယ်။ သည်လိုပေါ့။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar