Breaking News

NLD ရဲ့ ၃၅ နှစ်ခရီး နဲ့ မြန်မာ့နိုင်ငံရေး


မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၂၈ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၂၉၊ ၂၀၂၃


NLD ရဲ့ ၃၅ နှစ်ခရီး နဲ့ မြန်မာ့နိုင်ငံရေး 

အင်္ဂလိပ်ဘာသာ နဲ့ အတိုကောက် NLD လို့ခေါ်ဆိုကြတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တည်ထောင်ခဲ့တာ ၃၅ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံလှုပ်ရှားမှုတွေကို စစ်အာဏာသိမ်းမှုနဲ့ ထိန်းချုပ်လိုက်ပြီး ၁၀ ရက်မြောက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်ကာလက အဖြစ်အပျက်ကို မှတ်ဥာဏ်ထဲ မှတ်မိနေသေးတာ ပြန်တွေးကြည့်တဲ့အခါ စက်တင်ဘာ ၂၇ ရက်နေ့ ည ၈ နာရီ ၁၅ ဘီဘီစီ မြန်မာပိုင်း သတင်းကြေညာတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးအောင်ကြီးတို့ ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို နိုင်ငံရေး ပါတီတရပ်အဖြစ် တည်ထောင်လိုက်တယ် ဆိုတဲ့ သတင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လက်နက်ကိုင် ခုခံတိုက်ခိုက်တဲ့ လမ်းစဥ်မျိုး အကြမ်းဖက်နည်းလမ်း (violence) မျိုးကို ရွေးချယ်ခြင်း မပြုတဲ့ သဘောပါတဲ့ နိုင်ငံရေး သဘောထား မှတ်ချက်ကိုလည်း ရေဒီယို သတင်းကနေ ကြားသိခဲ့ရပါတယ်။ 

အဲဒီအချိန်အခါက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်စပ်ဒေသကို ရှစ်လေးလုံး အရေးတော်ပုံမှာပါဝင်ခဲ့တဲ့ ထောင်နဲ့ချီတဲ့ ကျောင်းသားတွေ နဲ့ အရပ်သားအချို့တို့ ဦးတည်ထွက်ခွာနေကြတဲ့ အချိန် အချို့သော ရှစ်လေးလုံး လှုပ်ရှားမှုမှာပါဝင်တဲ့ ကျောင်းသားခေါင်းဆောင်တချို့က စက်တင်ဘာ ၁၈ ရက် စစ်အာဏာမသိမ်းမီကတည်းက နယ်စပ်ဒေသက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဆီ ကြိုတင်သွားရောက်ခဲ့ပြီး ရွေးချယ်စရာ ဖြစ်လာဖွယ်ရှိတဲ့ လက်နက်ကိုင် တော်လှန်ရေး လှုပ်ရှားမှုနဲ့ ပတ်သက်လို့  ဆွေးနွေးပြောဆိုမှုတွေ ရှိနေခဲ့တာဖြစ်ပါတယ်။ 

ဒီနေရာမှာ မီးမောင်းထိုးပြချင်တဲ့ အချက်က ရှစ်လေးလုံး လှုပ်ရှားမှုကို စစ်အာဏာသိမ်းမှုနဲ့ နှိမ်နှင်း အပြီး လူငယ်တွေက လက်နက်ကိုင် တော်လှန်ရေး လမ်းကြောင်းဆီ ဦးတည်နေကြတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြီး၊ ဦးတင်ဦးတို့ ဦးဆောင်တဲ့ နိုင်ငံရေး ခေါင်းဆောင်တွေက အကြမ်းမဖက်တဲ့ နိုင်ငံရေးနည်းလမ်းနဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကို ရှေ့ဆက်လှမ်းဖို့ ဆုံးဖြတ်ခဲ့ကြတဲ့ အချက်ဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းအပြီးမှာတော့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ပါဝင်နေကြတဲ့ အများစုသော လူငယ်တွေဟာ မြို့ပေါ် ဆန္ဒပြမှုတလကျော် ဝန်းကျင်လှုပ်ရှားကြပြီးနောက် လက်နက်ကိုင် လမ်းစဥ်ကိုကိုင်စွဲခဲ့ကြသလို လွှတ်တော်ဖွဲ့ဖို့ နေပြည်တော်မှာ စုဝေးနေတဲ့ NLD လွှတ်တော် ကိုယ်စားလှယ် အများအပြားဟာလည်း CRPH ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ ကိုဖွဲ့စည်းကာ တိုင်းရင်းသားလက်နက်ကိုင် ဒေသတွေဆီ ရောက်ရှိခဲ့ပြီး အမျိုးသား ညီညွတ်ရေး အစိုးရ ကို တည်ထောင်ခဲ့ကြတာ ဖြစ်ပါတယ်။ CRPH က အမျိုးသားညီညွတ်ရေး အစိုးရကို တည်ထောင်ခဲ့တာ မဟုတ်ဘဲ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ အတိုကောက် NUCC က အမျိုးသား ညီညွတ်ရေး အစိုးရကို ဖွဲ့စည်းပေးခဲ့တာလို့ ဆိုကောင်းဆိုမှာ ဖြစ်ပေမယ့် ၂ နှစ်ကျော်အကြာ လက်ရှိ အနေအထားမှာ CRPH က အမျိုးသားညီညွတ်ရေး အစိုးရကို ထိန်းကျောင်းနေတာ လက်တွေ့ အနေအထားလည်း ဖြစ်ပါတယ်။  ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့မှာ တည်ထောင်ခဲ့တဲ့ နိုင်ငံရေးပါတီ NLD ဟာ ၃၂ နှစ်ကျော် အကြာမှာ ပါတီရဲ့ ထိပ်ပိုင်း ဦးဆောင်သူတွေ အကျဥ်းချခံနေရပြီး ဒုတိယအဆင့် ခေါင်းဆောင် နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက အမျိုးသားညီညွတ်ရေး အစိုးရ အဖွဲ့မှာ NLD ပါတီကိုယ်စားပြု ပါဝင်နေကြတာ ဖြစ်ပါတယ်။ 

NLD ပါတီ တည်ထောင်ပြီး ၃၅ နှစ်ရှိချိန်မှာ ပါတီရဲ့ လမ်းကြောင်းကို ပြန်လည်သုံးသပ်ကြည့်တဲ့အခါ စတည်ထောင်ပြီး မကြာခင်မှာပဲ အဖွဲ့ချုပ်လို့ အမည်ခေါ်ဆိုထားတာနဲ့ အညီ ပါဝင်တဲ့ အင်အားစုတွေထဲ နိုင်ငံရေး လမ်းစဥ်အရ အတိတ်သမိုင်းကြောင်းမှာ ဆန့်ကျင်ဘက် ရပ်တည်ခဲ့ကြတဲ့ (စစ်သားဟောင်း၊ လက်ဝဲ၊ လက်ယာ အယူအဆ အားသာသူများ) အင်အားစုတွေ အဖွဲ့ချုပ်ထဲ ပါဝင်နေကြရာက မယုံကြည်မှု၊ သံသယ၊ စွပ်စွဲမှုနဲ့ ဦးအောင်ကြီး ဦးဆောင်တဲ့ အစိတ်အပိုင်းတချို့ ခွဲထွက်ခဲ့တဲ့ အဖြစ်အပျက် ဖြစ်ခဲ့ပါတယ်။ ဖြစ်စဉ်ကို ပြန်ကြည့်မယ်ဆိုရင် - ပါတီကို တပ်မှူးဟောင်းများ မျိုးချစ်ရဲဘော်ဟောင်းများ၊ တတ်သိပညာရှင်များနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ ထူထောင်ခဲ့ကြပြီး လူငယ်များက ဝန်းယံခဲ့ကြတယ်လို့ ဆိုနိင်ပါတယ်။ ဦးအောင်ကြီးက တတ်သိပညာရှင်တွေထဲမှာ ကွန်မြူနစ်တွေပါတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အရေးယူဖို့ အဆိုတင်ပါတယ်။ မဲခွဲကြရာမှာ ဦးအောင်ကြီး ရှုံးပြီး ပါတီကနေ ထွက်ရပါတယ်။ သူ့ဖာသာ ပါတီတခု ထပ်ထောင်ပါတယ်။ နောက်ဆက်တွဲအဖြစ်ကတော့ -  ပါတီက ဦးအောင်ကြီး၏ခွဲထွက်မှုတွေ အပြီးမှာ စစ်အုပ်စုက ဦးအောင်ကြီးစွပ်စွဲခဲ့သလိုမျိုး ပါတီတွင်းက လက်ဝဲ လက်ယာ တတ်သိအုပ်စုတွေကို ကွန်မြူနစ်တွေ ပြည်ပအားကိုးတွေ စသည်ဖြင့် အမှုစွဲ အမည်တပ် ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ပါတယ်။ ဦးဝင်းတင်ဦးဆောင်တဲ့ တတ်သိပညာရှင်များ၏ ပါတီကို ဦးဆောင်နိုင်မှု ပျက်ယွင်းပြီးနောက် ဦးအောင်ရွှေတို့ တပ်မှူးဟောင်းတွေက ဦးဆောင်မှုအခန်းကို ရောက်လာခဲ့တယ်လို့ သုံးသပ်နိုင်ပါတယ်။

ပထမအကြိမ် ၁၉၉၀ ရွေးကောက်ပွဲမှာ အပြတ်အသတ်နိုင်ခဲ့ပြီး နိုင်ငံရေး အာဏာ လွှဲအပ်ခြင်းမရှိတဲ့အနေအထား၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်အချို့  နေအိမ်အကျယ်ချုပ် ချခံထားရချိန်၊ ယာယီဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ လွှတ်တော်ခေါ်ယူဖို့ ၁၉၉၀ ရွေးကောက်ပွဲ မှာ ရွေးကောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ခေါ်ဆိုခဲ့တဲ့ ဂန္ဒီခန်းမကြေညာချက် စာတမ်း ထုတ်ပြန်ချိန်၊ အဲဒီနောက် အမျိုးသား ညီလာခံလို့ခေါ်ဆိုတဲ့ အခြေခံဥပဒေရေးဆွဲရေး လုပ်ငန်းစဥ်နဲ့ ကရွတ်ကင်းလျှောက် သလို ဖြစ်ခဲ့ရတဲ့ အခြေအနေတွေ ဖြစ်ပျက်ခဲ့ပါတယ်။ နေအိမ်အကျယ်ချုပ် ကျလိုက်၊ ပြန်လွှတ်ပေးလိုက်နဲ့ တကျော့ပြီးတကျော့ နိုင်ငံရေး လှုပ်ရှားမှု အနိမ့်အမြင့်တွေရှိခဲ့တဲ့ ၁၉၈၉ အစပိုင်းကနေ ၂၀၁၀ အထိ၊ ပါတီကနေ ခေါင်းဆောင် ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပယ်ခဲ့တဲ့ ကာလ စသဖြင့် နိုင်ငံရေး ခရီးက တက်လိုက်ကျလိုက် ရှိခဲ့တယ်လို့ ဆိုရမယ့် အနေအထားပါ။ 

 နိုင်ငံရေး အတက်အကျ ဆိုတဲ့ အဓိပ္ပါယ်က ရည်မှန်းချက် ပန်းတိုင် ဖြစ်တဲ့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အစိုးရ ဖွဲ့စည်းနိုင်ရေး ကို မရောက်နိုင်တဲ့ ဆယ်စုနှစ် ၂ ခုကျော်ကာလမှာ ခေါင်းဆောင်တွေ ဖမ်းခံရလိုက်၊ ပြန်လွတ်လိုက် နဲ့ ဖြစ်ခဲ့တဲ့ အနေအထားကို ဆိုလိုတာဖြစ်ပါတယ်။ NLD ရဲ့ လူကြိုက်များမှု လူထုထောက်ခံမှုက သိသိသာသာ ကျဆင်းတာမရှိပဲ ပါတီ အနေနဲ့ လွှတ်တော် ခေါ်ယူခြင်း မပြုနိုင်၊ အစိုးရဖွဲ့စည်းခြင်း မပြုနိုင်ရာကနေ ကြာလာသည်နဲ့အမျှ ရွေးကောက်ခံ ကိုယ်စားလှယ်တွေကို  နိုင်ငံရေး အာဏာလွှဲအပ်ရေးထက် ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေ ပြန်လွတ်ရေးကို ဦးစားပေး တောင်းဆိုချက်ထားရှိရတဲ့ အနေအထား ပြန်ရောက်ရတာတွေကို ရည်ညွှန်းလိုတာ ဖြစ်ပါတယ်။ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးတယ်ဆိုပြီး စစ်အုပ်စုဘက်ကရော ပါတီဘက်ကပါ ကြိုးပမ်းခဲ့ကြတာ အဲသည်စကားလုံးနဲ့ပဲ နိင်ငံရေးလှုံဆော်မှုတွေ လုပ်ခဲ့ကြပါတယ်။

NLD ပါတီအနေနဲ့ ၃၅ နှစ်တာကာလအတွင်း တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ ဆက်ဆံရေး အကောင်းမွန်ဆုံးကာလ၊ စည်းလုံးမှု အရှိဆုံးကာလတွေလည်း ရှိခဲ့သလို နားလည်မှု လွဲမှားပြီး အငြင်းအခုံ ဖြစ်ခဲ့ရတဲ့ ကာလ၊ ပြိုင်ဆိုင်ခဲ့ရတဲ့ ကာလတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ မှာ ဝင်ခြင်း မဝင်ခြင်းနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲကာ ပါတီခေါင်းဆောင်အချို့ ခွဲထွက်ကာ သီးခြားပါတီ တည်ထောင်ခဲ့ကြတဲ့ အဖြစ်အပျက်တွေလည်း ရှိခဲ့ပါတယ်။ 

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက NLD ပါတီကို နားလည်မှုရှိခဲ့တဲ့ကာလက အများစုဖြစ်သလို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲပြီးနောက် အာဏာရလာတဲ့ နောက်ပိုင်း အနာဂတ်ရဲ့ ဖက်ဒရယ် ပြည်ထောင်စုနဲ့ပတ်သက်တဲ့ အပိုင်း၊ စစ်တပ်နဲ့ အမျိုးသားရင်ကြားစေ့ရေး မူဝါဒ အပိုင်းတွေမှာ သဘောထားကွဲလွဲမှုတွေ ရှိခဲ့တဲ့ ကာလတွေလည်း ရှိခဲ့တာ ဖြစ်ပါတယ်။ 

မြန်မာ့နိုင်ငံရေးမှာ NLD ပါတီကို ထောက်ခံခြင်းဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေး ယုံကြည်မှုကြောင့် ဆိုတဲ့ အဆိုဟာ အနိမ့်ဆုံး ၇၀ ရာနှုန်းမှန်ကန်တယ်လို့ ဆိုနိုင်တာ ဖြစ်ပြီး တဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ဖမ်းဆီး အရေးယူထိန်းသိမ်းထားချိန်မှာ လူဆိုတဲ့ အခြေပြုမှုထက် မူဝါဒအခြေပြုမှုနဲ့ ရှေ့ဆက်တဲ့ ပါတီဖြစ်ဖို့ လည်းလိုအပ်နေဆဲ ဆိုတဲ့အချက်က ပိုမိုပြီးပေါ်လွင်လာတဲ့ သဘောတွေ့နေရတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကာလမှာ ဦးအောင်ရွှေတို့ တပ်မှူးဟောင်းတွေက ပါတီကို ပဲ့ကိုင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ၂၀၁၀ လွတ်မြောက်ချိန်မှာ ပါတီကို ပြန်အပ်ခဲ့ပါတယ်။ အဲသည် ကာလအတွင်းက ဦးအောင်ရွှေတို့ ဦးဆောင်မှုနဲ့ သဘောထားကွဲလွဲသူ ပါတီဝင်များကို ပါတီက အေးစက်တဲ့ သဘောထားနဲ့ ဆက်လက်ဆက်ဆံခဲ့တာ တွေ့ကြရမှာပါ။ ၂၀၀၈ နှောင်းပိုင်း ထောင်ဒဏ် နှစ်ရှည်ကျနေသူ တတ်သိပညာရှင်ခေါင်းဆောင် ဦးဝင်းတင်လွတ်မြောက်လာပြီး ၂၀၁၀ ရွေးကောက်ပွဲ စိန်ခေါ်မှု ကြားကာလမှာ ဦးဝင်းတင်၏ စစ်အုပ်စုကို ထိပ်တိုက်ရင်ဆိုင် ဖီဆန်တဲ့ ခေါင်းဆောင်မှုနဲ့ ပါတီ၏ ရပ်တည်မှုကို တွေ့ခဲ့ကြဖူးမယ် ထင်ပါတယ်။ နောက်ပြီးတော့ ၂၀၁၂ ရွေးကောက်ပွဲဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဥက္ကဌအဖြစ် ပြန်လည်ဖွဲ့စည်းချိန်မှာ အောက်ခြေက စပြီး ပါတီဝင်တွေ ပြန်စာရင်းသွင်းပြီး အကုန် ပြန်စခဲ့ကြတာမို့ ခုချိန်ထိ ပါတီသည် ဒေါ်အောင်ဆန်းစုကြည်ပါတီ ဖြစ်တယ်ဆိုတာ မငြင်းနိုင်ပါ။ လက်ရှိ ပါတီ ရပ်တည်ရေး ဆက်လက်လှုပ်ရှားနိုင်ရေးအတွက် CWC ဆိုတဲ့ အလုပ်အဖွဲ့နဲ့ လှုပ်ရှားဖွဲ့စည်းပုံမှာလည်း အခုချိန်ထိ ပြည်တွင်း နဲ့ ပြည်ပရောက် ပါတီဝင်များ ခေါင်းဆောင်သူများအကြား ဟန်ချက်ထိန်ထားနိုင်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ဦးဆောင်နိုင်ဖို့ ဦးအောင်ရွှေတို့ တပ်မှူးဟောင်းများတုန်းကလို သတိကြီးကြီး ပဲ့ကိုင်နေတယ်လို့ ခန့်မှန်းချင်စရာလည်း ဖြစ်ပါတယ်။  လူရော မူရောကိုယ်ပါ တွဲဖက်စဉ်းစားတဲ့ အမျိုးသားပါတီကြီး ၃၅ နှစ် ပြည့်ချိန်မှာ ပြည်သူတွေအဖို့ကတော့ သူတို့ မဲပေးခဲ့တဲ့ ထောက်ခံခဲ့တဲ့ပါတီကို ဆက်လက် ထောက်ခံ အားပေးနေဆဲလို့ ဆိုနိုင်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar