Breaking News

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲ ဘယ်သူ့ အကျိုးတွက် တိုက်ခိုက်ကြတာလဲ


မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၂၈ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၂၉၊ ၂၀၂၅


ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲ ဘယ်သူ့ အကျိုးတွက် တိုက်ခိုက်ကြတာလဲ 

ဆယ်စုနှစ်နဲ့ချီ ကြာမြင့်လာခဲ့တဲ့ နှစ်နိုင်ငံနယ်စပ်က နယ်မြေပိုင်ဆိုင်မှု အငြင်းပွားမှုကနေ ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ အကန့်အသတ် အတိုင်းအတာနဲ့ ဖြစ်ပွားတဲ့ စစ်ပွဲအသွင် စတင်လာခဲ့ပါတော့တယ်။ ပြီးခဲ့တဲ့ ကြာသာပတေးနေ့ နံနက်စောစောပိုင်းက စပြီး နှစ်နိုင်ငံအကြား လက်နက်ကြီး လက်နက်ငယ်၊ တိုက်လေယာဥ်၊ အတွဲလိုက်ဒုံးတွေ နဲ့ အပြန်အလှန် တိုက်ခိုက်ခဲ့ကြပြီး နယ်စပ်မျဥ်းတလျှောက်ရဲ့ နေရာ ၆ နေရာလောက်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြပါတယ်။ 

စတင်တိုက်ခိုက်ပြီးနောက် ၄ ရက်ကြာသည် အထိ နှစ်နိုင်ငံတပ်တွေအကြား တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပြီး ဇူလိုင် ၂၈ ရက် တနင်္လာနေ့မှာတော့ ပဋိပက္ခကို ဖြေရှင်းဖို့ မလေးရှားနိုင်ငံမှာ နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံဖို့ သဘောတူထားကြပါတယ်။ အမေရိကန် သမ္မတရဲ့ ဖိအားပေးတိုက်တွန်းမှုကြောင့်လို့ အခုလို တွေ့ဆုံကြမှာဆိုတဲ့ သဘောလည်း သတင်းအချို့က ရေးသားနေကြတာ တွေ့ရပါတယ်။ အာဆီယံ အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ၂ နိုင်ငံအနေနဲ့ လက်ရှိ အလှည့်ကျ အာဆီယံ ဥက္ကဌ ဖြစ်တဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ တွေ့ဆုံကြလိမ့်မယ်လို့ ယူဆရပါတယ်။ 

အခုလို နယ်စပ်မှာ တိုက်ပွဲတွေ ဖြစ်ပွားခြင်း မပြုမီ တပ်အင်အား ရွှေ့ပြောင်းချထားတာတွေ လုပ်ဆောင်နေကြတာ လအတန်ကြာကတည်းက ဖြစ်ပေမယ့် အခုလို အချိန်ကျမှ ဘာကြောင့် စတင် ဖြစ်ပွားလာတာလဲ ဆိုတဲ့ မေးခွန်းလည်း ပေါ်ထွက်လာပါတယ်။ 

ယခုလောလောဆယ် ဝန်ကြီးချူပ် ရာထူးဆိုင်းငံ့ခံထားရပြီး ယဥ်ကျေးမှုဝန်ကြီးတာဝန်ကို  လောလောဆယ် ထမ်းဆောင်နေတဲ့ ပေထုန်တန် ရှီနာဝပ်က ပြီးခဲ့တဲ့ လပိုင်းအတွင်းမှာ နယ်စပ်ပြဿနာနဲ့ ပတ်သက်လို့ ကမ္ဘောဒီးယား ရဲ့ အဓိက ခေါင်းဆောင် ဟွန်ဆန်နဲ့  အလွတ်သဘော ဖုန်းပြောဆိုတဲ့ အသံဖိုင်ကို ဟွန်ဆန်ဘက်က ပြောဆိုပြီး ရက်အနည်းငယ်အကြာမှာ ပေါက်ကြားစေခဲ့ပါတယ်။ ဒီအချက်ကို သုံးသပ်ကြည့်ရင် အရင်က သက်ဆင်ရှီနာဝပ်နဲ့ရော ၄င်းရဲ့ ညီမ၊ သမီးစတဲ့ သူတွေနဲ့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးခဲ့တဲ့ ဆက်ဆံရေးကို ဟွန်ဆန်ဘက်က စတင်ဖျက်ဆီးဖို့ ဘာကြောင့် ဆုံးဖြတ်ခဲ့ရပါသလဲ။ ဘယ်အရာက စေ့ဆော်စေခဲ့သလဲ ဆိုတဲ့ မေးခွန်းက ဟွန်ဆန်နဲ့ ပတ်သက်ပြီး ပေါ်ထွက်လာခဲ့ပါတယ်။ သက်ဆင်မိသားစု ဘက်ကတော့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို နှိမ်နှင်းမှု၊ ထိုင်းနိုင်ငံမှာ ကာဆီနို ဥပဒေကြမ်း လွှတ်တော်မှာ တင်တဲ့ အချက်တွေက ဟွန်ဆန် အနေနဲ့ ထိုင်းနယ်စပ်ပြဿနာကို အရှိန်မြင့်အောင် လုပ်ဆောင်ဖို့ ဖြစ်လာစေတယ်လို့ စွပ်စွဲပါတယ်။ 

တဖက်မှာလည်း အိမ်နီးချင်း ကမ္ဘောဒီးယား နိုင်ငံတွေနဲ့ တိုက်ပွဲဖြစ်ပွားတာမျိုး ၂၀၁၁ ခုနှစ်နောက်ပိုင်း မရှိခဲ့ဘဲ အခုလို ထိုင်းနိုင်ငံရေး မတည်မငြိမ် ဖြစ်ပွားနေချိန် ဝန်ကြီးချုပ်ကို ရာထူးဆိုင်းငံ့ထားခံရချိန်မှ ဘာကြောင့် စစ်မက်ဖြစ်ပွားဖို့ ဘာကြောင့် ဆုံးဖြတ်လိုက်ရသလဲ ဆိုတဲ့အချက်တွေက ပုစ္ဆာသဖွယ် ဖြစ်လာပါတယ်။ 

ပေထုန်တန် ရှီနာဝပ် က ကမ္ဘောဒီးယား ခေါင်းဆောင် ဟွန်ဆန် နဲ့ ဖုန်းပြောခဲ့စဥ် ၄င်းအနေနဲ့ ကမ္ဘောဒီးယား နဲ့ နယ်စပ် ထိစပ်နေတဲ့ ဒေသက တပ်မှူးကို နားချဖို့ မစွမ်းဆောင်နိုင်ခဲ့ကြောင်း ပြောဆိုခဲ့တာကို ကြည့်ရင် ထိုစဥ်ကာလက ဝန်ကြီးချုပ် ဖြစ်သူ ပေတုန်တန် ရှီနာဝပ် အနေနဲ့ စစ်ပွဲ မဖြစ်ချင်တာ ထင်ရှားပါတယ်။ 

ထိုင်းစစ်တပ် အနေနဲ့ ထိုင်းနိုင်ငံရေးနယ်ပယ်မှာ မတည်မငြိမ်မှုတွေ ဖြစ်ပွားနေချိန်မှာ နယ်စပ်ပြဿနာကို ၄င်းတို့ ဆုံးဖြတ်ချက်နဲ့ ရှေ့တိုးလုပ်ဆောင်တာလား ဆိုတဲ့တွေးဆစရာလည်း ရှိနေတာဖြစ်ပါတယ်။ နိုင်ငံရေး သမားဟာ နိုင်ငံရဲ့ နယ်မြေ၊ အချုပ်အခြာအာဏာကို ကာကွယ်လိုတဲ့ ဆန္ဒမရှိ၊ မကာကွယ်နိုင်ဘူးဆိုတဲ့ အမြင်တွေ လူထုက မြင်လာအောင် အခုလို နယ်စပ်ပြဿနာကို အရှိန်မြင့်လာစေအောင် ရည်ရွယ်လုပ်ဆောင်ခဲ့တာလားလို့ တွေးဆစရာ ရှုထောင့်တခုလည်း ရှိနေပါတယ်။ ပြဿနာကို အရှိန်မြင့်အောင် လုပ်ရာမှာ ထိုင်းစစ်တပ် တဖက်ထည်းနဲ့တော့ လုပ်ဆောင်နိုင်တာ မဟုတ်ပါဘူး။ အခြားတဖက် ကမ္ဘောဒီးယားနိုင်ငံက ဆယ်စုနှစ် ၃ခုနီးပါး အာဏာကို ချုပ်ကိုင်လာခဲ့တဲ့ ဟွန်ဆန်ကလည်း ၄င်းရဲ့ မျိုးဆက်ဖြစ်တဲ့ သားဖြစ်သူ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ချိန်မှာ နိုင်ငံရဲ့ ဂုဏ်သိက္ခာ၊ နယ်မြေကို ကာကွယ်သူ အဖြစ် ပုံဖော်လိုတဲ့ ရည်ရွယ်ချက်မျိုး ရှိကောင်းရှိနေပြီး နယ်စပ်ပြဿနာကို အသုံးပြုဖို့ ရည်ရွယ်ချက်မျိုး ရှိကောင်းရှိနေတာမို့ နှစ်နိုင်ငံ နယ်စပ်ပြဿနာကို ထိုင်းနဲ့ ဆွေးနွေးညှိနှိုင်းတာထက် ICJ ဆီ ပြန်လည်တင်ပြပြီး နယ်စပ်က တပ်တွေ အင်အားဖြည့်တင်းတာမျိုး လုပ်ဆောင်ခဲ့တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ထိုင်းနိုင်ငံရေးမှာ မတည်ငြိမ်တဲ့ အစိုးရ ဖွဲ့စည်းမှု၊ ဝန်ကြီးချုပ်တာဝန်ကို ဆိုင်းငံ့ခံရအောင် ဟွန်ဆန်က ပြဿနာ အစဖေါ်ပေးနိုင်ခဲ့သလို တဖက်က စည်းလုံးမှု လျော့လျည်းနေချိန်မှာ နယ်စပ်ပြဿနာကိုအရှိန်မြင့်အောင် လုပ်ပြီး ၄င်းတို့ပြည်တွင်းနိုင်ငံရေးမှာ လူထုထောက်ခံမှုရအောင် ရည်ရွယ်လုပ်ဆောင်တာ ဖြစ်နိုင်ပါတယ်။ 

နှစ်နိုင်ငံ နယ်စပ်အငြင်းပွားမှုဟာ နှစ်ရှည်လများ ကြာမြင့်တဲ့ ပြဿနာဖြစ်ခဲ့ရာက ခုလပိုင်းမှာ အရှိန်မြင့်အောင် အသေးအဖွဲ ပြဿနာတွေနဲ့ တဖက်ကိုဆွပေးတာမျိုးလို့ ယူဆစရာလည်း ရှိနေတာပါ။ 

ထိုင်းနိုင်ငံဘက်မှာလည်း စစ်တပ်က အိမ်နီးချင်းနိုင်ငံရဲ့ ရည်ရွယ်ချက်ကို ရိပ်စားမိတဲ့ ထိုင်းစစ်တပ်က အခုလိုအခွင့်အခါကို အသုံးချပြီး မိမိတို့နိုင်ငံရဲ့မြေတလက်မမျှ ဆုံးရှုံးမခံပဲ အသက်နဲ့လဲကာကွယ်တယ်ဆိုတဲ့ ပုံရိပ်မျိုးရဖို့ စစ်ပွဲကို ရှေ့တိုးခဲ့ပုံရပါတယ်။ 

လက်တွေ့ တိုက်ပွဲဖြစ်လာတဲ့ အခါ ရလဒ်က ဟွန်ဆန်မျှော်လင့်ထားသလို ဖြစ်မလာပဲ ထိုင်းနိုင်ငံအနေနဲ့လည်း စစ်လက်နက်အင်အားအရ အသာစီးရသည့်တိုင် နှစ်နိုင်ငံ အကြား သူနိုင်ကိုယ်နိုင်ဆင်နွှဲကြတဲ့ စစ်ပွဲလိုထဲမှာ နစ်မွန်းမှာကို စိုးရိမ်မှုရှိနေတာ အသေအချာဖြစ်ပါတယ်။ ထိုင်းစစ်တပ်နဲ့ သဘောထားကွဲလွဲမှုတွေ မပေါ်ပေါက်ဖို့က တဖက်မှာ သတိပြုရသလို ရေရှည်ဖြစ်ပွားမယ့် စစ်ပွဲမျိုးထဲ ကျရောက်သွားမယ့် အခြေအနေကို ရှောင်ရှားဖို့ ဆုံးဖြတ်ထားကြပုံရပါတယ်။ ကမ္ဘာ့နိုင်ငံတွေအကြား နိုင်ငံရေး၊ စီးပွားရေးရာမှာ ကိုယ်ကျိုးစီးပွားကာကွယ်ရေး အယူအဆတွေ အားကောင်းနေချိန်၊ နိုင်ငံရဲ့ စီးပွားရေး နှေးကွေးကျဆင်းနေချိန်မှာ လူ၊ လက်နက်၊ ငွေကြေးတွေ ပုံကာ သုံးစွဲရမယ့်အလုံးစုံစစ်ပွဲထဲကို ခုန်ဆင်းဖို့ ဆန္ဒမရှိတာ သေချာနေတာပါ။ 

ဒီအချက်တွေကြောင့် စတင်တိုက်ခိုက်တဲ့နေ့က စလို့ ပဥ္စမမြောက်နေ့မှာ မလေးရှားနိုင်ငံဆွေးနွေးပွဲမှာ တွေ့ဆုံကြပြီး အဲဒီနေ့မှာပဲ ချွင်းချက်မရှိ အပစ်ရပ်ဖို့ နှစ်နိုင်ငံ သဘောတူခဲ့ကြပြီ ဖြစ်ပါတယ်။ 

ထိုင်းပြည်သူ သိန်းနဲ့ချီ နေရပ်က စွန့်ခွာတိမ်းရှောင်ခဲ့ကြရသလို ကမ္ဘောဒီးယား နိုင်ငံဘက်မှာလည်း သောင်းနဲ့ သိန်းနဲ့ချီ နေရပ်စွန့်ခွာ ရွှေ့ပြောင်းကြရသလို၊ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမား ထောင်သောင်းချီလည်း နယ်စပ်ကိုဖြတ်ပြီး မိခင်နိုင်ငံဘက် ပြန်ခဲ့ကြတာ သတင်းတွေမှာ တွေ့ကြရပြီးဖြစ်ပါတယ်။ 

စစ်တပ်၊ အာဏာရှင်၊ နိုင်ငံရေး သမားတွေရဲ့ အကျိုးစီးပွား အခြေပြုတဲ့ ကစားမှုတွေအကြား နှစ်နိုင်ငံက ပြည်သူလူထု အနေနဲ့ စစ်ပွဲရဲ့ ထိခိုက် သေဆုံးမှု၊ ဆုံးရှုံးမှုနဲ့ စိတ်ပိုင်း ရုပ်ပိုင်း မလုံမခြုံဖြစ်မှုတွေကို ခံစားခဲ့ကြရတာ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေအနေနဲ့ ကြည့်ရှုမယ်ဆိုရင်တော့ အိမ်နီးချင်းနိုင်ငံတွေ အချင်းချင်း စစ်မက်ဖြစ်ပွားနေကြတဲ့ဆီမှာ နိုင်ငံတိုင်းက အစိုးရတွေ၏ အကျိုးစီးပွားအပေါ်ကို မူတည်ပြီးသာ ဝင်ရောက် စွက်ဖက် ဆောင်ရွက်နေကြတာကို လက်တွေ့မြင်ကြရတာဖြစ်ပါတယ်။ မြန်မာပြည်တွင်းအရေးကိုလည်း အိမ်နီးချင်းနိုင်ငံတွေက ဘယ်လောက်ထိ စေတနာထားနိုင်သလဲဆိုတာကို ချိန်ဆနိုင်လိမ့်မယ် ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar